လွယ်ကူသက်သာ ငပိထောင်းနည်း အဖြာဖြာ

Posted in အစားအစာ

ငပိထောင်းဆိုတာ တန်ဖိုးနည်းဟင်းတစ်မယ်ဆိုပေမယ့် ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေဖို့ အတော်လေး အထောက် အကူပြုပါတယ်။ လူအတော်များများ မကြိုက်သူရှားတဲ့ စားစရာတစ်ခုမို့ အသင့်ပြုလုပ်ပြီးသား ငပိထောင်းဗူး လေးတွေကိုလည်း နေရာတကာမှာ ဝယ်လို့ရနေပါတယ်။ ဒါပေမယ့် အိမ်မှာကိုယ်တိုင် ထောင်းတဲ့ ငပိထောင်းက သန့်ရှင်းလတ်ဆတ်မှုရော၊ အရသာပါ ပိုပြီး စိတ်တိုင်းကျဖြစ်တာပေါ့။ ငပိထောင်းကို အိမ်မှာ ကိုယ်တိုင်လုပ်စား နိုင်ဖို့ လုပ်ရလွယ်ကူတဲ့ ငပိထောင်းနည်း (၅) နည်း ကို ဖော်ပြလိုက်ပါတယ်။ 

(၁) ပုစွန်ငပိထောင်းချဥ်စပ်

နာမည်ကြားရုံနဲ့တင် သွားရည်ယိုလောက်တဲ့ ပုစွန်ငပိထောင်း ချဥ်စပ်ကို ဘယ်လိုလုပ်ရမလဲ ကြည့်လိုက်ကြမယ်။ ပါဝင်ပစ္စည်းတွေက မျှင်ငပိ၊ ပုစွန်ကျော့၊ ရှောက်သီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ရှောက်သီးကို အခွံခွာပြီး အမွှာလေးတွေ ယူထားပါ။ ရှောက်သီးက ကြာရင်ခါးလာတတ်လို့ ဆားရည်ထဲ စိမ်ထား ပေးရပါမယ်။ ပုစွန်ကိုလည်း အခွံခွာ၊ သန့်စင်ထားပါ။ ပြီးရင် ငပိ၊ ငရုတ်သီးနဲ့ ကြက်သွန်ဖြူရယ် ပုစွန်လေးတွေ ရယ်ကို မီးအေးအေးနဲ့ ကင်ပေးပါ။ မီးသွေးမီးဖိုနဲ့ ကင်ရင်ပိုမွှေးပေမယ့် လျှပ်စစ်မီးဖိုသုံးပြီးလည်း ကင်လို့ရပါ တယ်။ ပုစွန်လေးတွေ ရဲလာပြီး ကျန်ပစ္စည်းတွေ အနံ့မွှေးလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။ ပြီးရင် ငရုတ်ဆုံသန့်သန့်ထဲကို ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ အရင်ထည့်ပြီး ညက်အောင်ထောင်းပါ။ ညက်လာပြီဆိုမှ ပုစွန်နဲ့ ငပိကို ထည့်‌ထောင်းပြီး ဆား၊ ဟင်းခတ်မှုန့်အနည်းငယ် ထည့်ပါ။ နောက်ဆုံးမှ ရှောက်မွှာလေးတွေကို ထည့်ပြီး သမအောင် ရောထောင်းပေးလိုက်မယ် ဆိုရင် ပုစွန်ငပိထောင်းချဥ်စပ် ရပါပြီ။ ရှူးရှူးရှဲရှဲနဲ့ လတ်ဆတ် တဲ့ ငပိထောင်းကို ကြိုက်နှစ်သက်ရာ အတို့ အမြှုပ်နဲ့တွဲပြီး ဟင်းတစ်မယ်အနေနဲ့ပဲဖြစ်ဖြစ်၊ သရက်သီး၊ စောင်းလျားသီးတို့လို အချဥ်သီးတွေနဲ့ တို့ပြီးတော့ပဲ ဖြစ်ဖြစ် စားသုံးနိုင်ပါပြီ။

(၂) ခရမ်းသီး ငပိထောင်း 

ခရမ်းသီးက ဟင်းအမယ်မျိုးစုံ ချက်စားနိုင်တဲ့အပြင် ငပိထောင်းလည်း ထောင်းလို့ရသေးတယ်နော်။ ခရမ်းသီး ငပိထောင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေက မျှင်ငပိ၊ ငါးခူအသေးတစ်ကောင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ခရမ်းသီး (အရှည်သီး) တွေပါ။ ငါးခူကို ဆေးကြောသန့်စင်ပြီး ကျက်အောင်ကင်ထားပါ။ ကျန်တဲ့ ပါဝင်ပစ္စည်း တွေ အကုန်ကိုလည်း မီးကျွမ်းမသွားအောင် ဂရုစိုက်ပြီး ကင်ပါ။ လျှပ်စစ်အိုးနဲ့ အိုးကင်းပူတိုက်လို့ရပေမယ့်  မီးသွေးနဲ့ကင်လိုက်ရင် ပိုမွှေးတယ်လို့ ထင်ပါတယ်။ ငရုတ်ဆုံသန့်သန့်ထဲမှာ ကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ ငပိတွေ ကို သမသွားအောင် ထောင်းပါ။ ငါးခူမီးကင်တွေ အသားနွှင်ပြီး ထည့်ပါ။ ခရမ်းသီးမီးဖုတ်ကိုလည်း အနေတော် ပိုင်းပြီး ထည့်ပြီး အလုံးကွဲသွားရုံ အသာအယာထောင်းပါ။ ခရမ်းသီးလုံးဝကြေသွားအောင် ထောင်းဖို့ မလိုပါဘူး။ ဆုံထဲမှာရှိတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို သမသွားအောင် ဇွန်းလေးနဲ့ မွှေပေးပါ။ ဒါဆိုရင်တော့ စေးစေးပိုင်ပိုင်နဲ့ စားလို့ကောင်းတဲ့ ခရမ်းသီးငပိထောင်းလေး ရပါပြီ။

(၃) ကရင်ငပိထောင်း

အရသာခပ်ရှိန်းရှိန်း ပူစပ်စပ်နဲ့ ကရင်ငပိထောင်းလေးတစ်ခွက်ကို အိမ်မှာ ဒီလို အလွယ်လေး ထောင်းစားနိုင်ပါ တယ်။ ပါဝင်ပစ္စည်းတွေအနေနဲ့ ပုစွန်ငပိမီးကင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ စပါးလင်၊ ပဒဲကောဥအနု၊ သံပရာသီး၊ ကြက်သွန်မြိတ်၊ နံနံပင် တို့ကို အသုံးပြုပါမယ်။ အရင်ဦးဆုံး ကြက်သွန်ဖြူ၊ ငရုတ်သီး၊ စပါးလင်နဲ့ ပဒဲကောဥတွေကို ပါးပါးလှီးပြီး ညက်အောင်ထောင်းထားပါ။ ညက်သွားပြီဆိုရင် ပုစွန်ငပိမီးကင်လေးကို  ရောထည့်ထောင်းပြီး သံပရာရည်ညှစ်၊ အရသာမှုန့်ထည့်ပြီး သမအောင် ထပ်ထောင်းပါ။ ပြီးရင်တော့ အပေါ် ကနေ ကြက်သွန်မြိတ်နဲ့ နံနံပင် ပါးပါးလှီးပြီး မွှေလိုက်ရုံနဲ့ ပူရှိန်းရှိန်း၊ ချဥ်စပ်စပ်နဲ့ မွှေးပျံ့စားကောင်းတဲ့ ကရင် ငပိထောင်းကို ရပါပြီ။ တို့စရာအစုံအလင်ရယ်၊ ဟင်းခါးပူပူလေးတစ်ခွက်ရယ်နဲ့ တွဲစားလိုက်မယ်ဆိုရင် ရှူးရှူးရှဲ ရှဲနဲ့ ချွေးထွက်ပြီး စားကောင်းမယ့် ထမင်းဝိုင်းလေးဖြစ်မှာမို့ လုပ်စားကြည့်ဖို့ မမေ့နဲ့နော်။

(၄) ပူရှိန်းချဥ်စပ်ငပိထောင်း

ကရင်ငပိထောင်းလောက်လည်း ပူပူစပ်စပ်မစားချင်ဘူး၊ ရှိန်းတိန်းတိန်းလေးပဲ ကြိုက်တယ် ဆိုသူများအတွက် ပူစီနံ (ပူဒီနာ) ကို သုံးပြီး ငပိထောင်း ထောင်းစားကြည့်ကြမယ်။ ဒီအတွက် စိမ်းစားငပိ၊ ဆား၊ သကြား၊ ငရုတ်သီး၊ မန်ကျည်းသီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ ပူစီနံ တို့ လိုအပ်ပါတယ်။ ပထမဆုံး စိမ်းစားငပိကို မီးအေးအေးနဲ့ အနံ့မွှေး လာရုံ ဖုတ်ထားပါ။ မန်ကျည်းသီးကို အခွံခွာပြီး အသားတွေလှီးထားပါ။ သေချာသန့်စင်ထားတဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီးစိမ်းနဲ့ မန်ကျည်းသီးကို ညက်အောင်ထောင်းပါ။ ညက်လာရင် ကျန်ပစ္စည်းတွေ တစ်ခုပြီးတစ်ခုထည့်ပြီး သမအောင် ထောင်းလိုက်ပါ။ ဒါဆိုရင်တော့ ပူစီနံနံ့ မွှေးမွှေးလေးနဲ့ ပူရှိန်းချဥ်စပ်ငပိထောင်းလေး ရပါပြီ။ ကြိုက်နှစ်သက်ရာ ရာသီပေါ် သီးနှံတို့စရာတစ်မျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

(၅) ပင်စိမ်းသီးငါးပိထောင်း

မက်ခေါက်သီးလို့လည်းခေါ်ကြတဲ့ ပင်စိမ်းသီးဟာ ပန်းသီးအနွယ်ဖြစ်ပြီး အသားကျစ်တာကြောင့် ပန်းသီးလိုမချို ဘဲ ချဥ်ဖန်ဖန်အရသာမျိုး ရှိပါတယ်။ ပင်စိမ်းသီးကို အများအားဖြင့် အချဥ်ပေါင်းလုပ်စားလေ့ ရှိကြပြီး အခုလို ငပိထောင်းထောင်းစားရင်လည်း အလွန်ကောင်းပါတယ်။ ပင်စိမ်းသီးထောင်းဖို့ လိုတဲ့ပစ္စည်းတွေက မျှင်ငပိ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်၊ ပဲပုပ်၊ ပုစွန်ခြောက်နဲ့ ပင်စိမ်းသီးတို့ပဲ ဖြစ်ပါတယ်။ ပင်စိမ်းသီးကို အခွံခွာ၊ အစေ့တွေ၊ အူတိုင်တွေဖယ်၊ အစိပ်လေးတွေစိပ်ပြီး ပြီး ဆားရည်စိမ်ထားပါ။ မျှင်ငပိနဲ့ ပဲပုပ်ကို မီးအေးအေးနဲ့ မွှေးလာအောင်ကင်ပြီး ငရုတ်သီးစိမ်း၊ အခြောက်၊ ပုစွန်ခြောက်တွေကို အနံ့မွှေးလာတဲ့အထိ လှော်ထားပါ။ ရှေ့မှာ ဆားရည်စိမ်ထားတဲ့ ပင်စိမ်းသီးတွေကို ဆေးများများနဲ့ဆေးပြီး ပေါင်းအိုးထဲထည့်ပေါင်းပါ။ ပေါင်းအိုးမရှိ ရင် ရေနည်းနည်းနဲ့ နူးသွားအောင် ပြုတ်လိုက်ပါ။ ပင်စိမ်းသီးပေါင်းနေတုန်း လှော်ထားတဲ့ ငရုတ်သီးတွေ၊ ပုစွန် ခြောက်တွေကို ညက်အောင်ထောင်းပါ။ ညက်သွားရင် ပဲပုပ်ကင်နဲ့ ငပိကင်ကို ထည့်ထောင်းပါ။ နှစ်ခုလုံး သမပြီး ညက်သွားရင် ပင်စိမ်းသီးပေါင်းကို အရည်ညှစ်ပြီး ထည့်ထောင်းပါ။ ဆား၊ အရသာမှုန့်ကို လိုသလောက်ထည့်ပါ။  ပါဝင်ပစ္စည်းတွေအကုန် ကြေညက်၊ သမပြီး စေးပိုင်သွားအောင် ထောင်းပြီးရင်တော့ ပင်စိမ်းသီး ငပိထောင်းကို ရပါပြီ။ ဒီနေရာမှာ ပင်စိမ်းသီးကို အစိမ်း အတိုင်း ထည့်ထောင်းလိုက်မယ်ဆိုရင် အရည်တွေထွက်ပြီး ထောင်းရ တာ အဆင်မပြေဖြစ်တတ်ပါတယ်။ ပင်စိမ်းသီးထောင်းမှာ ငပိမထည့်ဘဲ ပဲပုပ်တစ်မျိုးထဲလည်း ထည့်ထောင်းလို့ ရပါတယ်။ ပင်စိမ်းသီးကို အချဥ်ပေါင်းလုပ်စားရတာ ကြိုက်တဲ့သူဆိုရင်တော့ ပင်စိမ်းသီးထောင်းကိုလည်း ကြိုက်မှာ သေချာပါတယ်။

ဘယ်လိုငပိထောင်းမျိုးပဲ လုပ်လုပ် အရေးကြီးတဲ့အခြေခံအချက်က သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်ဖို့ပါပဲ။ စားကောင်းတဲ့ ငပိထောင်းဖြစ်ဖို့အတွက် အသုံးပြုတဲ့ ငပိအမျိုးအစားကလည်း အရေးကြီးပါတယ်။ များသော အားဖြင့် ငပိထောင်းအတွက်ဆို အမျိုးအစားကောင်းတဲ့ မျှင်ငပိ၊ ပုစွန်ငပိတို့ကို ရွေးချယ်အသုံးပြုကြပါတယ်။ ငပိထောင်းပြုလုပ်ပြီးရင်လည်း လေလုံတဲ့ ဘူးထဲ သေချာထည့်၊ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပြီး စားသုံးခါနီးမှ ထုတ်ယူအသုံးပြုနိုင်ပါတယ်။ တချို့ကလည်း စားခါနီးမှာ ငပိထောင်းကို ပဲဆီမွှေးမွှေးစမ်းပြီး စားသုံးတတ်ကြပါတယ်။ အခုဖော်ပြခဲ့တဲ့ အမျိုးအစားတွေအပြင် အိမ်မှာလုပ်စားဖြစ်တဲ့ ငပိထောင်းလုပ်နည်း တွေ ရှိရင်လည်း မျှဝေခဲ့ပါဦးနော်။ 


Share

Comments

Related Posts