နွေရာသီနဲ့ အလိုက်ဖက်ဆုံး ချဉ်ပြုံးပြုံး အသီးလေးများ

Posted in အစားအစာ

နွေရာသီဆိုတာ နွေးထွေးတဲ့ နေရောင်ခြည်နဲ့ လတ်ဆတ်တဲ့ အနံ့အရသာတွေ ပြည့်နှက်နေတဲ့ ရာသီတစ်ခုပါ။ လတ်ဆတ်တဲ့ အနံ့အရသာလို့ ပြောကြတဲ့အခါမှာ အရသာခပ်စူးစူး ချဉ်ပြုံးပြုံးနဲ့ စွဲမက်စရာကောင်းတဲ့ ရှောက်၊ လိမ္မော်၊ သံပရာ မျိုးနွယ်ဝင်အသီးတွေကို ဘယ်အသီးမှ မယှဉ်နိုင်ပါဘူး။ နွေရာသီမှာ အစားအစာတွေချက်ပြုတ်တဲ့အခါ ခံတွင်းမြိန်စေပြီး အရသာထိထိမိမိဖြစ်အောင်လို့ နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်။

ရှောက်သီး/ သံပရိုသီး

လတ်ဆတ်တဲ့ ရှောက်ရည်က အသုပ်သုပ်တဲ့နေရာ ၊ အသားနှပ်တဲ့နေရာ ၊ ကော့တေးနဲ့ အချိုပွဲတွေပြင်တဲ့နေရာ စသဖြင့် နည်းအမျိုးမျိုးနဲ့သုံးလို့ရတဲ့ စွယ်စုံရ ပါဝင်ပစ္စည်းတစ်မျိုးပါ။ ရှောက်သီး/ သံပရိုသီးစိတ်လေးတွေရဲ့ အဝါရောင်တောက်တောက် အရောင်လေးကလည်း ဟင်းပွဲတိုင်းကို စားချင်စဖွယ်အသွင်ဆောင်စေမှာပါ။

သံပရာသီး

‌ရှောက်သီးလိုပဲ သံပရာသီးကလည်း ဗီတာမင်စီဓာတ်ကြွယ်ဝပြီး သောက်စရာနဲ့ ဟင်းပွဲတွေကို လန်းဆန်းစေတဲ့ စူးရှရှအရသာ ထပ်ဖြည့်ပေးနိုင်တဲ့ အသီးတစ်မျိုးပါပဲ။ ဟင်းချိုထဲ ဒါမှမဟုတ် ကော့တေးတွေထဲကို သံပရာသီး တစ်စိတ်လောက် ညှစ်ထည့်လိုက်ရုံနဲ့ အရသာကို ပိုမိုပြည့်စုံစေနိုင်ပါတယ်။

လိမ္မော်သီး

လိမ္မော်ရောင်တောက်တောက်နဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့ လိမ္မော်သီးကလည်း နွေရာသီအတွက် ဘယ်တော့မှ ရိုးမသွားစေမယ့် အသီးတစ်မျိုးပါပဲ။ လိမ္မော်သီးစိတ်လေးတွေက ကျန်းမာရေးအတွက်ကောင်းတဲ့ သရေစာဖြစ်သလို မုန့်ဖုတ်တဲ့အခါမှာလည်း ကိတ်တွေ ၊ ပေါင်မုန့်တွေထဲကို လိမ္မော်ခွံလေးတွေထည့်ပြီး   ချဉ်ပြုံးပြုံးအရသာလေး ဖြည့်စွက်နိုင်ပါသေးတယ်။ 


ဂရိတ်ဖရုသီး 

ထူးခြားပြီး အခါးဓာတ်နည်းနည်းပါတဲ့ အရသာနဲ့ ဂရိတ်ဖရုသီးကတော့ ချိုမြမြ ဒါမှမဟုတ် ခပ်စပ်စပ်ဟင်းပွဲတွေနဲ့ လိုက်ဖက်ညီတဲ့ အရသာကို ပေးစွမ်းနိုင်တဲ့အသီးပဲဖြစ်ပါတယ်။ ဂရိတ်ဖရုသီးကို ပါးပါးလှီးပြီး ပူစီနံရွက်နဲ့ သုပ်စားကြည့်ပါ။ ဒါမှမဟုတ်ရင်လည်း ဂရိတ်ဖရုသီးပေါ်ကို ဆားနည်းနည်း၊ ငရုတ်သီးမှုန့်နည်းနည်းဖြူးပြီး နေ့လည်စာအပြီး သရေစာအဖြစ်လည်း စားကြည့်နိုင်ပါတယ်နော်။


မန်ဒရင်းလိမ္မော်သီး

ဒီသေးသေးချိုချိုလိမ္မော်သီးလေးတွေက ခွာရလည်းလွယ်ပြီး အလွယ်တကူစားလို့ရတဲ့ သရေစာတစ်မျိုးပဲဖြစ်ပါတယ်။ အသီးသုပ်တွေထဲကို လိမ္မော်သီးအမွှာလေးတွေ ထည့်သုပ်လို့လည်းရသလို အကြော်အလှော်တွေထဲကိုလည်း လိမ္မော်သီးခွံလေးတွေ ခြစ်ထည့်ပြီး ခပ်ချဉ်ချဉ်အရသာလေးထပ်ထည့်နိုင်ပါသေးတယ်။

ရှောက်၊ လိမ္မော်၊ သံပရာဝင် မျိုးနွယ်အသီးတွေက အရသာရှိရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများအပြား ပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝရုံသာမက အခြားသော ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ ဒီအသီးတွေက ကယ်လိုရီနည်းရုံတင်မက အမျှင်ဓာတ်လည်းကြွယ်ဝတာမို့လို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်မှာ အမှန်ပါပဲ။

ကဲ အဲ့ဒါကြောင့်မို့ ဒီလို ရှောက်၊ လိမ္မော်၊ သံပရာဝင်မျိုးနွယ် အသီးအနှံတွေရဲ့ လတ်ဆတ်တဲ့ အရသာကို ခံစားရင်း အကောင်းဆုံးနွေရာသီတစ်ခုကို ဖန်တီးလိုက်ပါ။ ကိုယ့်အနီးပတ်ဝန်းကျင်မှာရှိတဲ့ City Mart မှာ ကိုယ်အကြိုက်ဆုံး ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေသွားဝယ်ပြီး သင့်ရဲ့နွေရာသီကို လန်းဆန်းသွားအောင် ဖန်တီးလိုက်တော့နော်။


Share

Comments

Related Posts