နွေအပူကို လျော့ချဖို့ ပေါ့ပေါ့ပါးပါး ဘယ်လိုဝတ်စားကြမလဲ

Posted in လူမှုဘဝ


နွေရောက်လာပြီဆို ပူပူအိုက်အိုက်နဲ့ ဘာလုပ်လုပ် ပင်ပန်းနွမ်းနယ်နေပြီး စိတ်လက်မကြည်မသာ ဖြစ်နေရောပေါ့။ ဒီကြားထဲ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက ကျပ်ကျပ်တည်းတည်းနဲ့ အပူစုပ်ပြီး ‌ချွေးတွေနဲ့ စေးကပ်တတ်တဲ့ အဝတ်အစားမျိုးဆို အပူဒဏ်ပိုခံရပြီး ကျန်းမာရေးအတွက်လည်း မကောင်းစေတာပါ။ ဒီလိုပူအိုက်တဲ့ အတွေ့အကြုံကို ဘယ်လိုမှလည်း ရှောင်ရှားလို့မရတာမို့ အတတ်နိုင်ဆုံး ဒီအပူဒဏ်ကို သက်သာစေဖို့အတွက် အစားအသောက်၊ အနေအထိုင်အပြင် အဝတ်အစားရွေးချယ်တတ်မှုကလည်း အရေးကြီးပါသေးတယ်။ ဒါကြောင့် လူကြီးလူငယ်၊ ယောကျ်ားမိန်းမ မရွေး ဒီအပူဒဏ်ကို တတ်နိုင်သလောက် ရှောင်ရှားနိုင်ဖို့ ဘယ်လိုအဝတ်အထည်တွေ ရွေးချယ်ဝတ်ဆင်သင့်လဲ ကြည့်ကြည့်ရအောင်။

ချောင်ချိ ပေါ့ပါးတဲ့ အဝတ်အစားများ

နွေအတွက်ကတော့ ကိုယ့်ခန္ဓာကိုယ်ကို အေးမြပြီး သက်တောင့်သက်တာရှိစေတဲ့ အဝတ်အစားတွေရှိဖို့ အရေးကြီးဆုံးပါပဲ။ ကိုယ်မှာ ကပ်နေတတ်တဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်မိမယ်ဆို ပူတဲ့အခါ ချွေးထွက်ရင် ချွေးမစုပ်နိုင်တဲ့အပြင် ကိုယ်မှာ ကပ်နေတဲ့အတွက် ပူအိုက်ပြီး စိတ်အနှောင့်အယှက်ပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တခြားပိတ်စအသားတွေထက်စာရင် ပေါ့ပါ့ပါးပါး ချည်သားနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေကို ခပ်ပွပွ ဝတ်နိုင်မယ်ဆို ချွေးစုပ်နိုင်ပြီး သက်တောင့်သက်တာပိုရှိနိုင်တာပါ။ နွေရာသီမှာတော့ အလှအပအတွက်စာရင် အပူဒဏ်ကို ကာကွယ်ပြီး ကျန်းမာရေးကို အထောက်အကူပြုမယ့် အဝတ်အစားတွေသာ ရှာဖွေဝတ်စားသင့်ပါတယ်။ 

‌ချွေးအခြောက်မြန်တဲ့ အဝတ်အစားများ

ဝတ်တဲ့ အဝတ်အစားက ပေါ့ပါးလေ၊ ချွေးစုပ်ယူမှုကောင်းလေပါပဲ။ ခြောက်သွေ့မြန်တဲ့ အဝတ်အစားတွေက ကိုယ်ခန္ဓာ အသားရည်ပေါ်က ချွေးတွေကို စုပ်ယူကာ အငွေ့ပျံစေပြီး အစိုဓာတ်ကို‌ လျော့ချနိုင်တာပါ။ ဒါကြောင့် ချွေးထွက်များတတ်တယ်ဆို ချွေးစုပ်တဲ့ ချည်သားမျိုးတွေကို ပိုပြီးတောင် ‌ရွေးချယ်ဝတ်သင့်ပြီး အိမ်ရှင်မတို့အတွက် အဝတ်လျှော်ရာမှာ အလျှော်ခံ အခြောက်မြန်စေပါတယ်။ ဒီလိုချည်သား အကျီ၊ဘောင်းဘီရှည်တွေ ဝတ်ဆင်ပြီး အပြင်ထွက်မယ်ဆို အသားရည်ပျက်စီးစေမယ့် နေရောင် UV ဒဏ်ကိုလည်း ကာကွယ်နိုင်လို့ နွေအတွက် အသင့်တော်ဆုံးပါပဲ။ နွေရာသီ ခရီးတွေဘာတွေ ထွက်မယ်ဆိုလည်း ချည်သားအဝတ်အထည်တွေက ပေါ့ပါးတဲ့အပြင် ခရီးဆောင်အိတ်ထဲ နေရာသိပ်မယူတာမို့ သယ်ဆောင်ရ အဆင်ပြေစေပါတယ်။ 

အပူဒဏ်လျော့ချနိုင်တဲ့ အ‌ရောင်များ

အရောင်ရင့်တဲ့ အဝတ်အစားတွေက အပူစုပ်ယူမှုများပြီး အရောင်နုတဲ့ အဝတ်အစားတွေက နေရောင်ခြည်အလင်းတန်းတွေကို ရောင်ပြန်စေပြီး လူကို အေးမြစေပါတယ်။ အဖြူရောင်၊ ကာကီရောင်ရှိတဲ့ အကျီ၊ ဘောင်းဘီ၊ ဦးထုပ်တွေကို နွေမှာ အဓိကဝတ်ဆင်သင့်ပြီး အနက်ရောင် ဝတ်တာကိုတော့ သေချာပေါက် ရှောင်ရှားသင့်တာပါ။ အပြာနု၊ ပန်းနု၊ အဝါနု၊ အစိမ်းနု စတဲ့ မျက်စိအေးစေတဲ့ အရောင်နုအဝတ်အစားတွေက နေ‌ရောင်ကို အလင်းပြန်ပြန်စေတဲ့အပြင် နွေအပူဒဏ်ကြောင့် စိတ်ညစ်ညူးတာကို လျော့ချနိုင်ပြီး ပေါ့‌ပေါ့ပါးပါးဖြစ်ကာ စိတ်ခံစားမှုလည်း ကောင်းစေပါတယ်။ ဒါကြောင့် မိုးတွင်းနဲ့ ဆောင်းတွင်းတွေမှာ ဝတ်ခဲ့တဲ့ အရောင်ရင့်ရင့်၊ မှိုင်းမှိုင်း အဝတ်အစားတွေကို သေချာပြန်ခေါက်သိမ်းလိုက်ပြီး အပူဒဏ်ကိုကာကွယ်ဖို့ အရောင်နုနုတွေသာ ရွေးချယ်ဝတ်ဆင်လိုက်ပါ။ 

မရှိမဖြစ်အသုံးအဆောင်များ

လွတ်လပ်ပေါ့ပါးစေတဲ့ ချည်အဝတ်အစားတွေအပြင် အသားရည်အတွက်ရော၊ မျက်လုံးကျန်းမာရေးအတွက်ပါ ထီး၊ ဦးထုပ်၊ နေလောင်ကာခရင်မ်နဲ့ နေကာမျက်မှန်တို့ကိုလည်း မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဦးထုပ်ဆိုလည်း ဂုတ်ထိပါ လုံတဲ့ ဦးထုပ်ပုံစံမျိုး ရွေးချယ်ပြီး နေလောင်ကာခရင်မ် (Suncream) ကို အပြင်ထွက်ရတယ်ဆို အနည်းဆုံး ၂ခါလောက် ပြန်ပြန် လိမ်းပေးရပါမယ်။ အပူဒဏ်ကြောင့် ချွေးထွက်လွန်တတ်တာမို့ ရေဓာတ်မဆုံးရှုံးရအောင် ရေအပြင် ဓာတ်ဆားရည်လည်း သောက်ပေးသင့်တာပါ။ နွေရာသီမှာ လူကြီးလူငယ်မရွေး အပူလွန်ကဲပြီး အပူရှပ်တာကနေ ခေါင်းကိုက်တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ မူးဝေအော့အန်တာလည်း ဖြစ်နိုင်တာမို့ တတ်နိုင်သလောက် အရိပ်အာဝါသရှိတဲ့နေရာမှာ နေထိုင်ပြီး အပြင်ထွက်ရတယ်ဆို လုံလောက်သေချာတဲ့ အကာအကွယ်နဲ့မှ ထွက်သင့်ပါတယ်။ 

နွေရာသီ ပူလောင်လွန်းလို့ ဘာဝတ်ရမှန်းမသိရင် အပေါ်မှာပြောပြထားတဲ့ အဝတ်အစားလေးတွေ ရွေးချယ်ဝတ်ဆင်ပြီး  နိုင်လွန် (Nylon)၊ ပိုလီယက်စတာ (Polyesters) အသားတွေနဲ့ ပြုလုပ်တဲ့ အဝတ်အစားတွေကို ရှောင်ရှားသင့်ပါတယ်နော်။ နောက် အရေးကြီးဆုံးအနေနဲ့ ရေများများသောက်ကာ နေလောင်ကာခရင်မ်၊ ဦးထုပ်၊ ထီးတို့ အကာအကွယ်ယူရင်း ဒီနှစ်ရဲ့ နွေအပူဒဏ်ကို တတ်နိုင်သလောက် ရှောင်ရှားနိုင်ကြပါစေနော်။


Share

Comments

Related Posts