လည်ချောင်းနာတာ သက်သာစေမယ့် သဘာဝအိမ်တွင်းဆေးဝါးများ

Posted in ကျန်းမာရေး, အိမ်တွင်းကုထုံးများ


လတ်တလောမှာ ရာသီတုအပြောင်းအလဲ၊ အစားအသောက်၊ အနေအထိုင် အခန့်မသင့်တာတွေကြောင့် အအေးမိတာ၊ လည်ချောင်းနာတာတွေ အဖြစ်များကြပါတယ်။ ဒီလိုလည်ချောင်းနာတာ၊ ‌ယောင်တာ၊ ယားတာတွေ စဖြစ်ပြီဆို အင်မတန်နေရခက်ပြီး စကားပြောရခက်၊ စားရခက်၊ အိပ်ရခက်တွေ ဖြစ်နေတော့တာပါပဲ။ အဲ့လိုခက်ခဲမှုတွေ အမြန်သက်သာအောင် အိမ်က မီးဖိုချောင်မှာ အသင့်ရှိနေတဲ့ပစ္စည်းတွေ  ဥပမာ ဆားနဲ့ပလုတ်ကျင်းတာဖြစ်ဖြစ် လုပ်တတ်ကြတယ်မလား။ ဒီ့ထက် အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ နောက်ထပ် သဘာ၀အိမ်တွင်းဆေးနည်းလေးတွေရှိတာမို့ ရက်အနည်းငယ်နဲ့ လည်ချောင်းနာတာ အမြန်ပျောက်အောင် နည်းလမ်းကောင်းလေးတွေ မျှဝေလိုက်ပါတယ်။

ရေနွေး + ပျားရည် + သံပုရာ

လည်ချောင်းနာတာအပြင် အဲ့ကတဆင့်ဖြစ်တတ်တဲ့ အ‌‌အေးမိတာကို ကာကွယ်လျော့ချပေးဖို့ဆို ရေနွေးနွေးလေးက အကောင်းဆုံးပါပဲ။ သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ရေနွေးနွေးမှာ ပျားရည်နဲ့အတူ ‌ရောမွှေပြီးသောက်ပါ။ ‌ပျားရည်ကလည်း သဘာ၀ဆေးစွမ်းတစ်မျိုးဖြစ်ပြီး ဒီလို‌ရေနွေးနဲ့ ‌ရောသောက်မယ်ဆို လည်ချောင်းနာတာကို အလျင်အမြန် သက်သာစေပါတယ်။

နွားနို့ပူ + သစ်ချပိုးခေါက် + ဂျင်းမှုန့် + ပျားရည် 

သစ်ချပိုးခေါက်က တုပ်ကွေးကြောင့်ဖြစ်တတ်တဲ့ လည်ချောင်းရောင်ရမ်းတာကို လျော့ကျစေပြီး အအေးမိတာကို အထိုက်အလျောက် သက်သာစေတယ်။ ဒါကို ဂျင်းမှုန့်၊ ပျားရည်နဲ့အတူ နွားနို့ပူပူလေးနဲ့ တွဲသောက်မယ်ဆို ကိုယ်ခံအားပြန်တက်စေတာပါ။ ဂျင်းက တုပ်‌ကွေးပိုးကို တိုက်ခိုက်ပေးပြီး သူ့ကို ဒီတိုင်းအစိမ်းစားနိုင်တယ်ဆို ပိုလို့တောင် အကျိုးကျေးဇူးများပါသေးတယ်။

ရေနွေး + လိမ္မော်ခွံ + သစ်ချပိုးခေါက်

လိမ္မော်ခွံကလည်း အအေးမိ၊ တုပ်‌ကွေးရောဂါတွေကို ကုသရာမှာ ဆေးဖက်ဝင်တာမို့ ရေနွေးနွေးနဲ့ တွဲဖက်သောက်သင့်ပါတယ်။ အရင်ဆုံး ‌ရေ ၁လီတာနဲ့ ဆေးပြီးခြစ်ထားတဲ့ လိမ္မော်ခွံအစလေးတွေကို သစ်ချပိုးခေါက်အနည်းငယ်နဲ့အတူ ရေဆူအောင်ပြုတ်ပါ။ ပြီးရင်‌ မီးလျော့လိုက်ကာ လိမ္မော်ခွံရဲ့ အရသာနဲ့အဆီတွေ ထွက်လာအောင် ၁၅မိနစ်လောက် ထားထားပြီးမှ သောက်ပေးပြီး လည်‌ချောင်းနာတာ၊ ယားတာ သက်သာစေမှာပါ။

နွားနို့ပူ + နနွင်းမှုန့် + သစ်ချပိုးခေါက် + ပျားရည် + ငရုတ်ကောင်းစေ့ 

ငရုတ်ကောင်းစေ့ အနည်းငယ်ကို အမှုန့်ကြိတ်ပြီး ပျားရည် ထမင်းစားဇွန်း ၁ဇွန်းတို့ကို ရောပြီး အိမ်တွင်းဆေးဝါးအဖြစ် အအေးမိတာတွေအတွက် အသုံးပြုကြပါတယ်။

နနွင်းမှုန့်မှာ antioxidant ကြွယ်ဝပြီး ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ စွမ်းအားရှိတာမို့ လည်ချောင်းနာတာ၊ ရောင်တာကို သက်သာစေပြီး ပြင်းထန်တဲ့‌ရောဂါတွေ၊ ပိုးဝင်တာတွေကိုလည်း ကာကွယ်နိုင်ပါသေးတယ်။ ဒါတွေအားလုံး ရောမသောက်နိုင်ဘူးဆို နနွင်းမှုန့်ကို ထမင်းစားဇွန်း တစ်ဝက်စနဲ့ ဆား ဇွန်းတစ်ဝက်စာကို ရေနွေးနွေးထဲမှာ ရောမွှေပြီး ပလုတ်ကျင်းတာလည်း ပြုလုပ်နိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ သဘာဝဆေးနည်းတွေဖြစ်ပြီး ရာသီတုအပြောင်းအလဲတွေကြောင့် အအေးမိတာ၊ လည်ချောင်းနာတာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာပါ။


Share

Related Posts