
အမေများနေ့ဆိုတာ ပြက္ခဒိန်ပေါ်က အထိမ်းအမှတ်နေ့ရက်တစ်ခုဆိုတာထက် အများကြီး ပိုပါတယ်။ ဒီနေ့လေးဟာ မိခင်က ရင်သွေးတွေအပေါ် ပေးအပ်ခဲ့၊ ပြုလုပ်ပေးခဲ့ ပေးနေဆဲဖြစ်တဲ့ သား၊သမီးတို့ သိခဲ့သော၊ မသိခဲ့သော ကိစ္စရပ်တိုင်းကို ပြန်ပြောင်းအောက်မေ့နိုင်ဖို့ အခိုက်အတန့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ စိတ်ထဲမှာရှိပေမယ့် မေမေ့ကို ထုတ်မပြောဖြစ်တဲ့ ကျေးဇူးတင်စကား၊ အသိအမှတ်ပြုစကားတွေကို ထုတ်ပြောလိုက်ဖို့ အခွင့်အရေးလည်း ဖြစ်နေပြန်ပါသေးတယ်။ ဒီတော့ အမေများနေ့မှာ နှလုံးသားကို ဖွင့်လှစ်ပြီး အချစ်တွေ အပြည့်နဲ့ ဆိုလိုက်ကြရအောင် “ ကျေးဇူးပါမေမေ” လို့လေ။

အိပ်မရတဲ့ညတွေ ဖြစ်ခဲ့ရင်တောင် အစောကြီးထခဲ့တဲ့ မနက်ခင်းတိုင်းအတွက်၊ ကျောင်း/ ရုံးနောက်မကျအောင် အမြဲနိုးပေးခဲ့တဲ့ မနက်ခင်းတိုင်းအတွက်၊ ပြင်ဆင်ကျွေးမွေးခဲ့တဲ့ မနက်စာတိုင်းနဲ့ နေ့လယ်စာ ထမင်းဘူးတိုင်းအတွက် ကျေးဇူးပါမေမေ။ မေမေ့ရဲ့ ခက်ခဲတဲ့နေ့ရက်တွေမှာတောင် ရင်သွေးတွေကို ချစ်မေတ္တာနဲ့ လုံခြုံနွေးထွေးမှုတွေ ဆက်တိုက်ပေးနေလို့ ကျေးဇူးတင်ပါတယ် မေမေရေ။
တစ်မိသားစုလုံး အဆင်ပြေပြေလည်ပတ်နေအောင် စွမ်းဆောင်နေတဲ့ မေမေ့ရဲ့ အသံတိတ်ကြိုးပမ်းမှုတိုင်းအတွက် ကျေးဇူးပါမေမေ။ မေမေ့ရဲ့ ကြိုးပမ်းမှုတွေကို သတိမထားခဲ့မိတဲ့၊ အသိအမှတ် မပြုခဲ့မိတဲ့ အချိန်တွေအတွက်လည်း တောင်းပန်ပါတယ်။ မိသားစုဝင်တွေကြား၊ မောင်နှမတွေကြားမှာ အပေးအယူမျှပြီး ချစ်ချစ်ခင်ခင် ရှိကြတာဟာ မေမေ့ကြောင့်ပါ၊ မေမေက မိသားစုဝင်တွေကြားထဲက ပေါင်းကူးတံတားဖြစ်ပေးနေလို့ပါ။ ပရမ်းပတာ ကမ္ဘာကြီးထဲမှာ ခိုင်မာတဲ့နားခိုရာ အိမ်လေး ဖန်တီး ပေးလို့ ကျေးဇူးပါမေမေ။

မွေးကင်းစကနေ အခုအရွယ်အထိ ကျန်းကျန်းမာမာကြီးပြင်းအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ အတွက် မေမေ့ကို ကျေးဇူးတင်ပါတယ်။ သားတို့/သမီးတို့ရဲ့ အသက်ရွယ် အပိုင်းအခြားတိုင်း၊ ခက်ခဲတဲ့ အကူးအပြောင်းကာလတိုင်းမှာ အတူတူရှိပေး၊ ဖေးမပေး၊ ဆွဲထူပေးခဲ့တဲ့ မေမေ အများကြီး ပင်ပန်းခဲ့ရပါပြီ။ ခက်ခဲချိန်တိုင်းမှာ အားဆေးဖြစ်ပေးခဲ့သလိုပဲ ကိုယ်တိုင်တောင်သတိမပြုမိခဲ့တဲ့ အောင်မြင်မှု အသေးအဖွဲ တစ်ခုချင်းစီမှာ ကိုယ့်ထက်ပို ဝမ်းသာဂုဏ်ယူပေးခဲ့တဲ့ မေမေရေ... မေမေ့ရဲ့ စိတ်ရောကိုယ် ပါ မြှုပ်နှံပေးမှု၊ မျှဝေခံစားပေးမှုတိုင်းအတွက် နှလုံးသားနဲ့အပြည့် ကျေးဇူးတင်ပါတယ်။
ကလေးတို့ရဲ့ လက်ဦးဆရာ၊ ဖျားနေချိန်မှာသူနာပြု၊ မိသားစုမှာ အကောင်းဆုံး အားပေးထောက်ပံ့သူ၊ ဆယ်ကျော်သက် သားသမီးတွေရဲ့ အယုံကြည်ရဆုံး သူငယ်ချင်းကောင်း ဖြစ်ပေးနေတဲ့အတွက် ကျေးဇူးပါမေမေ။ မေမေကိုယ်တိုင် ပင်ပန်းနေချိန်မှာတောင် ရင်သွေးတွေအတွက် ရှေ့ဆက်သွားပေးခဲ့တာ နားလည်ပါတယ် မေမေ။ သားသမီးတွေရဲ့ အခက်အခဲတိုင်းကို အကြံပေး၊ ခံစားချက်တိုင်းကို နားထောင်ပေး၊ မျှဝေ ခံစား ပေးတဲ့ အတွက်၊ မိသားစုရဲ့ အနိမ့်အမြင့် အတက်အကျတိုင်းကို အကောင်းဆုံး ပဲ့ကိုင်ပေးတဲ့အတွက် မေမေ့ကို ကျေးဇူးတင်ပါတယ်။

ဘာမှ ပြန်ရဖို့မမျှော်လင့်ဘဲ ပေးဖို့ပဲ အမြဲစဥ်းစားနေတဲ့ မေမေ့ရဲ့ အကုန်ခမ်းနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ အတွက် ကျေးဇူးပါမေမေ။ မေမေပြင်ပေးခဲ့တဲ့ ထမင်းပွဲတိုင်းအတွက်၊ မေမေ့ရဲ့ အိပ်ရေးပျက်ညတိုင်းအတွက်၊ မေမေ့ရဲ့ ဂုဏ်ယူပေးမှုတိုင်းအတွက်၊ မေမေပေးခဲ့တဲ့ အရာအားလုံးအတွက် ကျေးဇူးပါမေမေ။ အမေဟာ အိမ်ပါ၊ ခက်ခဲကြမ်းတမ်းတဲ့ ဒီကမ္ဘာကြီးထဲက တစ်ခုတည်းသော နားခိုရာဟာ အမေပါ။
ဒီနေ့- အမေများနေ့မှာတင်မက နေ့ရက်တိုင်း နေ့ရက်တိုင်းမှာ မေမေ့ကို ကျေးဇူးတင်ပါတယ်။ အမေဆိုတဲ့ ကမ္ဘာပေါ်က အသန်မာဆုံးအမျိုးသမီး အမြဲပျော်ရွှင်ဖို့၊ ကျန်းမာဖို့ တောင်းဆုပြုလိုက်ပါတယ်။ ကျွန်တော်တို့ မေမေ ဖြစ်ပေးလို့ ကျေးဇူးပါ မေမေ။
Comments