
ကိုယ့်ရဲ့ ကလေးငယ်တွေကို အကောင်းဆုံးတွေကိုမှ ပေးချင်တာဟာ မိဘတိုင်းရဲ့ သဘာဝပါပဲ။ ခရစ္စမတ်ကာလမှာလည်း အကောင်းဆုံးလက်ဆောင်တွေကိုပဲ ပေးချင်ကြမှာပါ။ ဒါပေမဲ့ ဘယ်အရာက အကောင်းဆုံးဖြစ်မှာလဲဆိုတာကတော့ စဉ်းစားရခက်မယ့် မေးခွန်းပါပဲ။ နောက်ထပ်မေးခွန်းတစ်ခုကတော့ “ကလေးငယ်တွေက သူတို့ရဖူးတဲ့ လက်ဆောင်တွေတိုင်းကို အမြဲတမ်းအမှတ်တရဖြစ်နေသလား” ဆိုတာပါ။
ဒါကိုတော့ ကိုယ်ကိုယ်တိုင်ရဲ့ အတွေ့အကြုံနဲ့ စဥ်းစားပြီး အဖြေရှာကြည့်လို့ရပါတယ်။ ငယ်ငယ်က ရခဲ့ဖူးတဲ့ လက်ဆောင်တွေတိုင်းကို အမှတ်ရနေမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သေချာပေါက် အမြဲတမ်း အမှတ်ရနေမယ့်အရာတွေတော့ ရှိပါတယ်။ အဲဒါကတော့ အခိုက်အတန့်တွေပါ။ မိသားစုနဲ့အတူတူ ကုန်ဆုံးခဲ့ရတဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေဟာ လူတိုင်းရင်မှာ အမြဲတမ်း အမှတ်တရဖြစ်နေတဲ့ အကောင်းဆုံးလက်ဆောင်တွေပါပဲ။
ဒါဆိုရင်တော့ ကလေးငယ်တွေအတွက် အကောင်းဆုံးလက်ဆောင်ဟာ ဘာဖြစ်မလဲဆိုတဲ့ အဖြေကို ရလောက်ပါပြီ။ အဲဒီအတွက် ဘယ်လိုမျိုး အခိုက်အတန့်တွေကို အကောင်းဆုံးလက်ဆောင်အနေနဲ့ ပေးကြမလဲ ဆိုတာ ဆက်ပြီး ဆွေးနွေးကြည့်ရအောင်။
အခိုက်အတန့်တွေကို အတူတူ ဖန်တီးပါ
လက်ဆောင်တစ်ခုခုဝယ်လာပြီး ပေးလိုက်တယ်၊ ဒါမှမဟုတ် အဝေးကနေပဲ လက်ဆောင်ပို့လိုက်တယ် ဆိုတာထက် ခရစ္စမတ်ပိတ်ရက်ကာလတွေမှာ ကလေးငယ်တွေနဲ့ အတူတူရှိပေးတာက ပိုပြီးအမှတ်ရစေမယ့် လက်ဆောင်ဖြစ်ပါလိမ့်မယ်။ လက်ဆောင်အရုပ်တွေ ဝယ်ပေးမယ်ဆိုရင်လည်း သူတို့လိုချင်တာကို ကိုယ်တိုင်လိုက်ဝယ်ပေးတာ ဒါမှမဟုတ် သူတို့လိုချင်တဲ့လက်ဆောင်ကို ဝယ်ပေးပြီး သူတို့နဲ့ အတူတူ ဆော့ကစားပေးတာတွေ လုပ်ပေးသင့်ပါတယ်။ ပြီးရင် ပျော်ပွဲစားထွက်တာတွေ၊ လျှောက်လည်တာတွေ လုပ်ပေးလို့ရသလို အိမ်မှာပဲဆိုရင်လည်း မိသားစုလိုက် မုန့်လုပ်စားကြတာ၊ ညဘက် ရုပ်ရှင်အတူတူကြည့်ကြတာတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ခရစ္စမတ်လက်ဆောင်တွေပါပဲ။
မိသားစု ဓလေ့ထုံးစံတွေ လက်ဆင့်ကမ်းပါ
မိသားစုတိုင်းမှာ ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်ဓလေ့ထုံးစံလေးတွေရှိကြပါတယ်။ အထူးသဖြင့် ခရစ္စမတ်လိုမျိုး ထူးခြားတဲ့ ပိတ်ရက်တွေမှာဆိုရင် ပိုပြီးရှိတတ်ကြပါတယ်။ ဥပမာ ခရစ္စမတ်မှာဆိုရင် မိသားစုဆွေမျိုးတွေ အားလုံးဆုံပြီး စားပွဲသောက်ပွဲလုပ်ကြတာမျိုး၊ ခရီးတစ်ခုခုထွက်ကြတာမျိုးပေါ့။ ဒီလိုမျိုး ဓလေ့ထုံးစံတွေကို ကိုယ့်ရဲ့မျိုးဆက်တွေ ဆက်ပြီး ထိန်းသိမ်းသွားစေဖို့ ငယ်ကတည်းက လက်ဆင့်ကမ်းတဲ့အနေနဲ့ ဦးဆောင်ပြုလုပ်ပေးသင့်ပါတယ်။ ဒါကလည်း ကောင်းမွန်တဲ့ လက်ဆောင်တစ်မျိုးပါပဲ။
ပေးကမ်းစွန့်ကြဲတတ်တဲ့ အလေ့အထကို သင်ပေးပါ
ခရစ္စမတ်ကာလဟာ ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နှက်ပြီး ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ ကောင်းမွန်တဲ့ အလေ့အထကို ကိုယ်စားပြုတဲ့ အချိန်အခါလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ပေးကမ်းစွန့်ကြဲခြင်းရဲ့ အရသာကို ကလေးငယ်တွေသိအောင် လက်ဆောင်အဖြစ် ပေးသင့်ပါတယ်။ ဥပမာ မိဘမဲ့ကလေးငယ်တွေကို ခရစ္စမတ်လက်ဆောင်တွေ အတူတူသွားပေးတာမျိုး၊ တိရစ္ဆာန်ဂေဟာတွေသွားပြီး တိလေးတွေကို ကျွေးမွေးတာမျိုး လုပ်မယ်ဆိုရင် အမြဲတမ်းအမှတ်တရဖြစ်မယ့် အခိုက်အတန့်တွေကို နှစ်ဦးနှစ်ဖက်အတွက် ဖန်တီးပြီးသားဖြစ်သွားမှာပါ။ ဒီထက် ကောင်းမွန်တဲ့လက်ဆောင် မရှိတော့ဘူးထင်ပါတယ်။
သာမန်လက်ဆောင်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးပြီး မှေးမှိန်ပျောက်ကွယ်သွားကြမှာပါ။ ဒါပေမဲ့ အခုပြောခဲ့တဲ့ လက်ဆောင်တွေကတော့ ဘယ်တော့မှ ပျောက်ပျက်မသွားသလို ငွေကြေးနဲ့လည်း တန်ဖိုးဖြတ်လို့မရတဲ့အတွက် ကလေးငယ်တွေကိုပေးဖို့ အကောင်းဆုံးလက်ဆောင်တွေဆိုတာ အသေအချာပါပဲနော်။
Comments