
ဒီနေ့ခေတ် လူမှုဆက်ဆံရေးအကြောင်း ပြောကြတဲ့အခါမှာ အပြောများလာတဲ့ အကြောင်းအရာကတော့ “တစ်ယောက်ရဲ့ဖြစ်တည်မှုကို တစ်ယောက်က လေးစားရမယ်” ဆိုတာပဲ ဖြစ်ပါတယ်။ “လေးစားမှု” ဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ ခေတ်သစ်ရဲ့ သော့ချက်တစ်ခုဖြစ်လာနေပါပြီ။ ဒီတော့ လေးစားမှုရဲ့ အဓိပ္ပာယ်ကို ဘယ်လိုသတ်မှတ်ကြသလဲ၊ ဘာကြောင့် ခေတ်သစ်သော့ချက်တစ်ခု ဖြစ်လာသလဲ ဆိုတာကို ဆွေးနွေးကြည့်ရအောင်။
လေးစားမှု ဆိုတာ
မြန်မာစကားမှာ “ရိုသေလေးစား” ဆိုပြီး တွဲပြောလေ့ရှိကြတဲ့အတွက် လေးစားတာကိုလည်း ရိုသေတာလို့ပဲ မြင်လေ့ရှိကြပါတယ်။ တကယ်တော့ ဒီနှစ်ခုက မတူပါဘူး။ ကြီးသူကို ရိုသေ ဆိုတဲ့အတိုင်း ရိုသေခြင်းက ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးသူတွေကို ကျိုးနွံခြင်းဖြစ်ပါတယ်။ လေးစားမှုဆိုတာကတော့ အသက်ဂုဏ်ဝါဆိုတဲ့ တိုင်းတာခြင်းတွေ မပါဝင်ဘဲ ဖြစ်တည်မှုတိုင်းကို အသိအမှတ်ပြုတာ၊ မနှောင့်ယှက်တာကို ဆိုလိုပါတယ်။
ဒီနေရာမှာ လွဲမှားတတ်တာလည်းရှိပါတယ်။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို လေးစားတယ်ဆိုတာက သူဘာလုပ်လုပ် ထောက်ခံတယ် ဆိုတာမျိုး မဟုတ်ပါဘူး။ လူတိုင်းမှာ မတူညီတဲ့ မွေးရာပါ နောက်ခံအခြေအနေ၊ ယုံကြည်မှု၊ နှစ်သက်မြတ်နိုးရာ စတဲ့ ကိုယ်ပိုင်အတွေးအမြင်တွေရှိကြပါတယ်။ အဲဒီအရာတွေကို ကိုယ်နဲ့ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ထိပါးနှောင့်ယှက်တာမျိုး မလုပ်တာကို ဆိုလိုတာပါ။

ဥပမာပြောရရင် လူတစ်ယောက်က ရော့ခ်တေးဂီတအမျိုးအစားကို ကြိုက်တယ်၊ ကိုယ်က မကြိုက်ဘူး။ ဒါပေမဲ့ သူနဲ့ ပတ်သက်ဆက်ဆံတဲ့အခါမှာ ရော့ခ်ဂီတကို ထိပါးပြောဆိုတာမျိုး မလုပ်တာဟာ သူ့ကို လေးစားခြင်းဖြစ်ပါတယ်။
ဘာကြောင့် ခေတ်သစ်သော့ချက်တစ်ခု ဖြစ်လာသလဲ
ဒီနေ့ခေတ်ရဲ့ လူမှုဆက်ဆံရေးဟာ အရင်တုန်းကထက် ပိုပြီးကျယ်ပြန့်လာသလို အဆင့်အတန်းတစ်ခုမှာ ထိန်းသိမ်းလာကြတာကိုလည်း တွေ့ရမှာပါ။ ဒါဟာ ဆိုရှယ်မီဒီယာတွေ ထွန်းကားလာတာနဲ့လည်း ဆက်စပ်နေပါတယ်။ ပုံမှန် လူချင်းတွေ့ပြီး ပြောဆိုကြတဲ့အခါ အခန့်မသင့်ရင် ကိုယ်ထိလက်ရောက်တွေအထိ ဖြစ်သွားနိုင်ပေမဲ့ ဆိုရှယ်မီဒီယာမှာ ပြောဆိုဆက်ဆံကြတဲ့အခါမှာတော့ စာနဲ့ပဲ အပြန်အလှန်ပြောဆိုကြတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ထိပါးပြောဆိုကြတာတွေ များလာပါတယ်။ ဒါမျိုးကို Cyber Bullying လို့ ခေါ်ကြပါတယ်။

ဒီလိုမျိုး ထိပါးပြောဆိုတာတွေက တစ်ယောက်နဲ့တစ်ယောက် လူမှုဆက်ဆံရေးကို ကြီးကြီးမားမား ထိခိုက်စေရုံမက ဆိုရှယ်မီဒီယာမှာဆိုရင် ပျံ့နှံ့မှု မြန်ဆန်လွန်းတဲ့အတွက် ထိခိုက်မှုက ပိုပြီးကျယ်ပြန့်ကြီးမားတတ်ပါတယ်။ တကယ်တမ်း စဥ်းစားကြည့်မယ်ဆိုရင်လည်း ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ထိပါးခြင်းဟာ နှစ်ဦးနှစ်ဖက် ဘယ်သူမှ ကောင်းကျိုးမရဘဲ ဆိုးကျိုးတွေသာ ဖြစ်လာနိုင်တာပါ။ ဒါကြောင့် ဒီနေ့ခေတ် လူမှုဆက်ဆံရေးနယ်ပယ်အတွက် “လေးစားမှု”ဟာ သော့ချက်တစ်ခု ဖြစ်လာပါတယ်။
လေးစားမှုရဲ့ အကျိုးရလဒ်များ
လူတွေဟာ တစ်ယောက်တည်းနေလို့မရပါဘူး။ အထူးသဖြင့် ဒီနေ့ခေတ်မှာဆိုရင် ရှင်သန်နေထိုင်ဖို့အတွက် လူမှုဆက်ဆံရေးဟာ အရေးကြီးတဲ့အရာတစ်ခုဖြစ်လာပါတယ်။ ကိုယ်ပိုင်အလုပ်ပဲဖြစ်ဖြစ်၊ အကျိုးတူစီးပွားပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ် ဘာအလုပ်ပဲလုပ်လုပ် လူမှုဆက်ဆံရေးကောင်းမွန်မှသာ ဘဝအတွက် ကိုယ်လိုရာပန်းတိုင်ကို ရယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် လေးစားမှုဟာ အေးချမ်းမှုကိုလည်း ပေးနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုရှိမယ်ဆိုရင် ပဋိပက္ခတွေနည်းပါးပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ အကျိုးကျေးဇူးရှိစေပါတယ်။ အကောင်းဆုံးအချက်က လေးစားမှုအတွက် ကုန်ကျစရိတ်မရှိပေမဲ့ အကျိုးအမြတ်ကတော့ အတိုင်းအဆမရှိတာပါပဲ။
ဒါကြောင့် ကိုယ်ကိုယ်တိုင်အတွက်ရော လူမှုပတ်ဝန်းကျင်အားလုံးအတွက် ကောင်းမွန်ခြင်းတွေကို ဖန်တီးနိုင်ဖို့ တစ်ဦးနဲ့တစ်ဦး လေးစားမှုကို ရှေ့တန်းတင်ထားသင့်တယ်လို့ ဒီနေရာကနေ တိုက်တွန်းလိုက်ပါရစေ။
Comments