တစ်ကိုယ်တော် ခရီးသွားခြင်းရဲ့ အရသာ

Posted in လူမှုဘဝ, ခရီးသွားခြင်း


တစ်ကိုယ်တည်း ခရီးသွားရမယ်လို့ စဉ်းစားလိုက်ရင် ဖြစ်နိင်ပါ့မလားဆိုတဲ့ ကြောက်စိတ်လေးတွေ အနည်းနဲ့အများတော့ရှိကြတယ်ဟုတ်။ ဒါပေမယ့်... တကယ်တမ်းကျ နေရာသစ်တစ်ခုကို ကိုယ်တိုင်ရှာတွေ့သွားတဲ့အခါ ခံစားရတဲ့ လွတ်လပ်မှုရဲ့ အရသာက တစ်သက်တာ မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုဖြစ်စေမှာပါ။ ဒီဆောင်းပါးကတဆင့် ဘာကြောင့် တစ်ယောက်ထဲ ခရီးသွားသင့်တယ်ဆိုတာရယ် ၊ အဲ့လိုသွားတာကနေ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ဘယ်လို အကျိုးဖြစ်စေမလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

လွတ်လပ်မှုကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေနိုင်တယ်

တစ်ယောက်တည်းခရီးသွားတဲ့အခါ ခရီးစဉ်တစ်ခုလုံးကို ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး ပြင်ဆင်လို့ရတယ်။ တခြားသူတွေရဲ့ အချိန်ဇယားတွေ၊ သူတို့ ဘယ်သွားချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာတွေကို ထည့်တွက်ပေးစရာမလိုတဲ့အတွက် ကိုယ်သွားချင်တဲ့ဘယ်နေရာကိုမဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် စိတ်ကြိုက်သွားနိုင်တာပေါ့။ ပြတိုက်ထဲမှာ တဝဲလည်လည် ငေးမောနေလို့ရသလို၊ လူသိပ်မသိသေးတဲ့ နေရာလေးတွေကိုလည်း စိတ်ကြိုက်သွားလည်နိုင်တယ်။ ဒါမှမဟုတ် ကော်ဖီဆိုင်လေးမှာထိုင်ပြီး ဖြတ်သွား ဖြတ်လာတွေကို  ငေးရင်း အတွေးထဲမှာ နစ်မြောနေလို့လည်း ရတာပါပဲ။  ဒီလို ဘယ်သူ့ကိုမှ ငဲ့စရာမလိုပဲ တစ်ယောက်ထဲ စိတ်ရှိလက်ရှိ/ စိတ်တိုင်းကျ သွားလာရတာကနေ နေ့စဉ်ဘဝမှာ တွေ့ကြုံခံစားဖို့ခက်တဲ့ ပျော်စရာကောင်းတဲ့ လွတ်လပ်မှုကို  ခံစားရစေမှာပါ။ 

ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိင်မယ့် အခွင့်အရေးကိုရနိုင်တယ် 

တစ်ယောက်တည်းခရီးသွားခြင်းက ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ကိုယ့်ရဲ့အားသာချက်တွေကို  ရှာတွေ့နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ခရီးထွက်တဲ့အချိန် အိမ်နဲ့အလုပ်မှာ ဖျစ်ညှစ်ပြီး မလုပ်ချင်ပဲလုပ်နေခဲ့ရတဲ့ ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေကနေ ခဏတာ လွတ်မြောက်လာတာမို့လို့ ကိုယ့်ရဲ့ တန်ဖိုးတွေ၊ ပန်းတိုင်တွေ၊ လိုအင်ဆန္ဒအာသီသတွေအပေါ် ပြန်လည်စဉ်းစားသုံးသပ်ဖို့ အချိန်ရသလို ကိုယ်ရည်ကိုယ်သွေးအသစ်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်အသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေကို ကိုယ့်အားကိုယ်ကိုးပြီး ရင်ဆိုင်ဖြေရှင်းရတာမို့လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတဲ့အပြင် ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေလည်း တိုးပွားလာမှာပဲဖြစ်ပါတယ်။ 

ဒေသခံတွေရော ၊ မိတ်ဆွေအသစ်တွေနဲ့ပါ တွေ့နိုင်တယ်

နောက်ဆုံးအချက်အနေနဲ့ပြောရရင် တစ်ယောက်တည်းခရီးသွားတာကနေ လူသစ်တွေနဲ့တွေ့ဆုံနိုင်ပြီး  မိတ်ဆွေကောင်းတွေဖန်တီးနိုင်မယ့်  အခွင့်အရေးတွေကိုလည်း ရရှိနိုင်ပါတယ်။ တစ်ယောက်တည်းဖြစ်နေတဲ့အတွက် အဖွဲ့လိုက်ထက်စာရင် ချဉ်းကပ်ရတာပိုလွယ်နိုင်သလို  စကားပြောဖို့လည်းပိုလွယ်ကူတာမို့ ကိုယ်သွားလည်တဲ့ ဒေသရဲ့ ယဉ်ကျေးမှုအစဉ်အလာတွေ၊ ဒေသန္တရဗဟုသုတတွေကို ပြောပြပေးမယ့် ဒေသခံတွေနဲ့ တွေ့ဖို့ အခွင့်အရေးပိုများနိုင်ပါတယ်။ ဒါ့အပြင့် ကိုယ်နဲ့ ဝါသနာတူ၊ ပြောပြစရာအဖြစ်အပျက်တွေတူတဲ့ အခြားခရီးသွားတွေနဲ့လည်း တွေ့နိုင်ပါသေးတယ်။ ခဏတာတွေ့ရပေမယ့် ဆုံတုန်းခဏကို ရင်းရင်းနှီးနှီးနေလိုက်မယ်ဆိုရင် တသက်တာ ကြာရှည်ခံမယ့် အမှတ်တရတွေ ကျန်ရစ်နေမှာပါ။

ဒါလေးကိုဖတ်ပြီး  တစ်ယောက်တည်းခရီးထွက်ချင်စိတ် အရမ်းပြင်းပြလာတယ်ဆိုရင် တွေဝေမနေပဲ ကိုယ့်ရဲ့တစ်ကိုယ်တော်ခရီးကို အခုပဲစတင်ပြီး စွန့်စားမှုတွေရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါကြည့်လိုက်နော်။ 




Share

Comments

Nay Myo

လွတ်လွတ်လပ်လပ်ကိုယ့်စိတ်တ်ုင်းကျစီစဉ်ပြီးသွားလို့ရသလိုတစ်ယောက်ထဲဆိုတဲ့အားငယ်စိတ်လည်းမရှိတော့ဘူး။တစ်ယောက်ထဲသွားရင်းမိတ်ဆွေအသစ်တွေလည်းတိုးလာစေတယ်။တွေ့ကြုံလာရတဲ့အခက်အခဲတွေကိုတစ်ယောက်ထဲကျော်ဖြတ်ရင်းစိတ်ဓာတ်ပိုကြံ့ခိုင်လာတယ်လို့ခံစားရလို့တစ်ယောက်ထဲခရီးသွားရတာကိုကြိုက်တယ်။

Chuu Tay Nge

ခရီးသွားရတာအရမ်းကြိုက်ပေါ့ ဘာနဲ့မှမတူဘူး စိတ်တွေလွတ်လပ်ပေါ့ပါးသွားတယ် အရာအားလုံးကိုခနမေ့သွားတယ် အပြင်ရဲ့သဘာဝကျတဲ့ရှု့ခင်းလေးတွေကိုငေးကြည့်ပီးရင်ထဲမှာဖစ်ချင်နေတာ ဝမ်းနည်းနေတာတွေနဲ့အလိုလိုမျက်ရည်လေးသုတ်ပီး ရင်ထဲစူးအောင့်နေပီး ငေးကြည့်ရတဲ့အရသာလေးကလဲ ဘာနဲ့မှမတူပါဘူးလေ ခရီးသွားရရင်ကိုအရမ်းကျေနပ်နေတဲ့သူပါ

Anonymous

၁) ကြိုက်တယ် ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေနဲ့ဆို ဘယ်နေရာသွားမယ်၊ ဘယ် သွားမယ် ဆိုတာ ညှိရတဲ့ အဆင့်နဲ့ တင် Plan တစ်ဝက်ကပျက်နေပီ။ (၂) ဆောင်းပါးလေးက အရမ်းမရှည်တာလေး သဘောကျတယ်။ အရမ်းကြီးမရှည်တော့ အချိန်လေးပေးနိုင် တယ် စွဲမြဲစေတယ်။

Related Posts