နေ့ရက်တိုင်းမှာ ပျော်ရွှင်ကျန်းမာ

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


ကျန်းမာခြင်းဟာ ပျော်ရွှင်ခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ မကျန်းမာတဲ့လူတစ်ယောက်ဟာ ကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကိုရော ပျော်ရွှင်မှုတွေ ဆိတ်သုဥ်းစေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်သလို ဒီလိုဘဝမျိုးကိုလည်း လိုချင်တဲ့သူရယ်လို့ မရှိပါဘူး။

ဒါပေမဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာက နေ့ရက်တိုင်းမှာ စားသောက်နေထိုင်မှုပုံစံမှန်နေဖို့ လိုတယ်ဆိုတာကိုတော့ သတိလက်လွတ်ဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာ ပျော်ရွှင်ကျန်းမာတဲ့ နေ့ရက်တစ်ရက်ဖြစ်အောင် ဘာတွေလုပ်ရမလဲဆိုတာကို သတိပေးချင်ပါတယ်။

မနက်ခင်း

၁။ အိပ်ရာထချိန်မှာ ရေသောက်ပါ

အများအားဖြင့် ၆နာရီကနေ ၈နာရီလောက်ထိ အိပ်တဲ့အချိန်မှာ ရေသောက်ဖြစ်တာက ရှားပါတယ်။ ဒါကြောင့် ရေဓာတ်ခမ်းခြောက်နေမှာဖြစ်တဲ့အတွက် မနက်ခင်း အိပ်ရာထတဲ့အချိန်မှာ ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့က အရေးကြီးပါတယ်။ မနက်ခင်းစောစောမှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေမသောက်ခင် ရေသောက်ပါ။

၂။ မနက်ခင်းနေရောင်ခြည်ကို ခံယူပါ

မနက်ခင်းနေရောင်ခြည်ဟာ Vitamin D ကို သဘာဝအတိုင်း အများဆုံးထောက်ပံ့ပေးနိုင်တဲ့ အကောင်းဆုံးအရာပါပဲ။ ဒါ့အပြင် ခန္ဓာကိုယ်နဲ့ စိတ်ကိုလည်း တက်ကြွလန်းဆန်းစေပါတယ်။ ဒါကြောင့် မနက်အိပ်ရာထထချင်း နာရီဝက်အတွင်းမှာ မနက်ခင်းနေရောင်ခြည်နွေးနွေးကို ၅မိနစ်လောက် ခံယူပါ။

၃။ မနက်ခင်းလှုပ်ရှားမှု

လေ့ကျင့်ခန်းကြီးကြီးမားမားလုပ်စရာမလိုပါဘူး။ အိပ်ရာနိုးတဲ့အချိန်မှာ ၅ မိနစ်လောက် အကြောလျှော့၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ ဒါမှမဟုတ် လမ်းလေးလျှောက်လိုက်တာနဲ့တင် အရိုးအဆစ်တွေကို နိုးထစေပါတယ်။

၄။ ချက်ခြင်းဖုန်းမသုံးပါနဲ့

အိပ်ရာထထချင်း နာရီဝက်အတွင်းမှာ ဖုန်းသုံးတာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် ဘာမှမလုပ်ပါနဲ့။ ဒါမှသာ တစ်နေ့လုံးအတွက် ကြည်လင်တဲ့စိတ်နဲ့ စတင်နိုင်မှာဖြစ်ပါတယ်။

အလုပ်လုပ်တဲ့ တစ်နေ့တာ

၁။ ၂၀-၂၀-၂၀ နည်းလမ်း

အထူးသဖြင့် မျက်လုံးအာရုံစိုက်ရတာများတဲ့ အလုပ်လုပ်ရတယ်ဆိုရင် “၂၀-၂၀-၂၀ နည်းလမ်း” ကို အသုံးပြုပြီး အလုပ်လုပ်သင့်ပါတယ်။ အဲဒါကတော့ မိနစ် ၂၀ အလုပ်လုပ်ပြီးတိုင်း အနည်းဆုံး ပေ ၂၀ အကွာက ပတ်ဝန်းကျင်ကို စက္ကန့် ၂၀ ကြာကြည့်ပြီး အနားပေးတာပဲဖြစ်ပါတယ်။

၂။ အထိုင်မများအောင် သတိပြုပါ

ထိုင်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင်တော့ အထိုင်မများအောင် သတိပြုပြီး မကြာခဏ လမ်းထလျှောက်ပါ။ လေ့ကျင့်ခန်းသပ်သပ်မလုပ်ဖြစ်ဘူးဆိုရင် တစ်နေ့ကို ခြေလှမ်းတစ်သောင်းပြည့်အောင် လမ်းလျှောက်ပါ။ အထိုင်များတဲ့သူတွေဆိုရင် ဘာတွေလုပ်သင့်လဲဆိုတဲ့ အသေးစိတ်ကိုတော့ ဒီလင့်လေးကိုနှိပ်ပြီး ဖတ်ကြည့်လို့ရပါတယ်။

၃။ အစားအသောက်

တစ်နေ့တာအတွက် အစားအသောက်ကလည်း အရေးကြီးပါတယ်။ ချိုလွန်း၊ ငန်လွန်း၊ စပ်လွန်းတဲ့ လွန်ကဲအစားအသောက်တွေ၊ သဘာဝကြီးနဲ့ဝေးတဲ့ လူလုပ်အစားအသောက်တွေကို တတ်နိုင်သလောက်ရှောင်ရှားပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိဖို့အတွက် အသားနဲ့ ရောင်စုံအသီးအရွက်တွေကို စနစ်တကျချက်ပြုတ်ပြီး မျှမျှတတစားသင့်ပါတယ်။

ဒီလို စားတဲ့နေရာမှာ ၈၀/၂၀ နည်းလမ်း ကို အသုံးပြုနိုင်ပါတယ်။ အဲဒါကတော့ ၈၀ ရာခိုင်နှုန်းသော အစားအသောက်တွေက ကျန်းမာရေးနဲ့ ညီညွတ်နေဖို့လိုပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ ကိုယ်စားချင်တဲ့ တခြားအရာလေး နည်းနည်းပါးပါး စားလိုက်ပါ။ ဒါမှလည်း စိတ်ပိုင်းဆိုင်ရာအရလည်း အဆင်ပြေတဲ့ စားသောက်မှုပုံစံဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် ရေသောက်ဖို့လည်း မေ့လို့မရပါဘူး။ လူတစ်ယောက်ဟာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်တိုင်းအတွက် တစ်ရက်ကို ရေ ၃၀ ကနေ ၃၅ မီလီဂရမ်သောက်ဖို့ လိုပါတယ်တဲ့။ တစ်နည်းအားဖြင့် လူတစ်ယောက်ဟာ တစ်ရက်ကို ပျမ်းမျှ ရေ ၃ လီတာလောက် သောက်ဖို့ လိုအပ်ပါတယ်။

ညအိပ်ရာဝင်ချိန်

၁။ ဖုန်းအသုံးပြုမှု

ဖုန်းမျက်နှာပြင်ကနေ ထုတ်လွှတ်တဲ့ “Blue Light” တွေဟာ အိပ်ပျော်ဖို့အတွက် ခက်ခဲစေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်နဲ့ မိနစ် ၆၀ အကွာမှာ ဖုန်းအသုံးပြုတာကို ရပ်သင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်က video တွေ ကြည့်ပြီးမှ အိပ်တတ်တဲ့ အကျင့်ရှိရင်တော့ ဦးနှောက်နဲ့ မျက်လုံးကို အနားပေးနိုင်တဲ့ video လေးတွေကိုပဲ ကြည့်သင့်ပါတယ်။

၂။ အိပ်ချိန်မှန်ပါစေ

ကြားရက်တွေမှာလည်း အိပ်ချိန်ထဲက ဖဲ့ပြီး အလုပ်မလုပ်ပါနဲ့၊ ပိတ်ရက်တွေမှာလည်း ပိုမအိပ်ပါနဲ့။ အိပ်ချိန်ဟာ ဘယ်နေ့မှာပဲဖြစ်ဖြစ် ပုံမှန်ဖြစ်နေသင့်ပါတယ်။ အနည်းဆုံး ၇ နာရီ အိပ်ရေးဝဝ အိပ်စက်ပါ။ ကောင်းမွန်တဲ့အိပ်စက်ခြင်း ရရှိနိုင်ဖို့အတွက် အိပ်ခန်းကို မှောင်ပြီး အေးနေပါစေ။

၃။ စိတ်ကို အနားပေးပါ

မအိပ်ခင်မှာ အနာဂတ်ရဲ့ ပူပန်စရာတွေ၊ ပစ္စုပ္ပန်ရဲ့ အခက်အခဲတွေ၊ အတိတ်ရဲ့ဝမ်းနည်းစရာတွေ မတွေးမိအောင် ဂရုပြုပါ။ အဲဒီအစား ဒီနေ့တစ်ရက်တာမှာ ဘယ်အရာတွေက စိတ်ချမ်းသာခဲ့ရသလဲ၊ ဘယ်အရာတွေကို ကျေနပ်ခဲ့လဲ ဆိုတာပဲ ပြန်တွေးကြည့်ပါ။ အဲဒါက စိတ်ကို အနားပေးရာရောက်သလို ဦးနှောက်ကိုလည်း ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေ ပြန်လည်တည်ဆောက်စေပါတယ်။

အခုပြောခဲ့တဲ့အချက်တွေအားလုံးကို တစ်ချိန်တည်း၊ တစ်ရက်တည်းမှာ ပြောင်းလဲပစ်ဖို့တော့ မလွယ်ပါဘူး။ တစ်ရက်ချင်းစီမှာ တစ်ခုချင်းစီ ပြောင်းလဲကြည့်ပါ။ တဖြည်းဖြည်းနဲ့ နေ့ရက်တိုင်းဟာ ပျော်ရွှင်ကျန်းမာပြီး သာယာလှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။


Share

Comments

Related Posts