Toddler Tantrums ကို ဘယ်လိုကိုင်တွယ်ကြမလဲ

Posted in မိဘအုပ်ထိန်းခြင်း


တစ်ခါတစ်လေ ကလေးငယ်တွေဟာ တစ်ခုခုကို မကျေမနပ်ဖြစ်တာ၊ ဖြစ်ချင်တာနဲ့ လိုချင်တာမရတဲ့ အခါမျိုးတွေမှာ အော်ဟစ်ဂျီကျတာတွေကို မိဘတွေအနေနဲ့ အိမ်မှာ ဖြစ်ဖြစ်၊ အပြင်ထွက်သွားလာတုန်း ဖြစ်ဖြစ် ကြုံဖူးကြမှာပါ။ ဒါဟာ သူတို့လေးတွေက ခံစားရသမျှကို မိဘ သို့ အုပ်ထိန်းသူတွေကို စကားနဲ့မဖော်ပြသေးနိုင်တဲ့အတွက် Toddler Tantrumsလို့ခေါ်တဲ့ ဂျီကျသောင်းကျန်းတာမျိုး၊ ဝုန်းဒိုင်းကျဲ‌ ဒေါသထွက်တာမျိုးတွေ ဖြစ်လာတော့တာပါ။ ဒီလိုဖြစ်တာဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးကြီးထွားမှုအဆင့်ဆင့်တွေမှာ မိဘတွေကြုံတွေ့ရနိုင်တဲ့ ပုံမှန်အချိန်အပိုင်းအခြားတစ်ခုဖြစ်ပြီး ဒါကို အကျင့်မဖြစ်သွားအောင် သေချာကိုင်တွယ်စောင့်ရှောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ Toddlerဖြစ်တဲ့ လမ်းလျှောက်တတ်ခါစ ၁နှစ်ခွဲ ကနေ ၃နှစ်အရွယ်လေးတွေမှာ အများစုဖြစ်တတ်တာမို့ Tantrums ဖြစ်လာနိုင်ခြေရှိတဲ့ သူတို့လေးတွေ ပင်ပန်းတာ၊ ဗိုက်ဆာတာ၊ နေလို့မကောင်းတာတို့ကို ကြိုတင် ဂရုတစိုက်ရှိထားပေးဖို့လိုပါတယ်။ 

ကလေးတွေရဲ့ ဒီလိုဝုန်းဒိုင်းကြဲသောင်းကျန်းတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းအတိအကျရယ်တော့ မရှိပေမယ့် ဒီလိုငယ်ရွယ်နုနယ်တဲ့အချိန်မှာ အော်ဟစ်ဂျီကျတဲ့ အလေ့အကျင့်ဆိုးတွေ ဖယ်ရှားပြီး ကောင်းမွန်တဲ့အပြုအမူလေးတွေကို အားပေးသင်ကြားပေးနိုင်တဲ့ နည်းလမ်းကောင်းတွေတော့ ရှိတာပါ။ အရင်ဆုံး သူတို့လေးတွေကို အကျိုးအကြောင်း ရှင်းပြပြောပြပေးပြီး ဒီနေ့တော့ ဘာတွေလုပ်မယ်၊ ဘယ်သွားကြမယ်၊ ပြန်လာရင် ဘာတွေလုပ်ကြမယ် စသဖြင့် ကြိုတင်ပြောပြရင်း ရင်းနှီးမှုတည်ဆောက်သင့်ပါတယ်။ အရေးကြီးတာက ဒီလိုပြောနေရင်းနဲ့မှ သူတို့လေးတွေ နားမလည်နိုင်တာ၊ အလိုမကျတာတွေကြောင့် Tantrumsဖြစ်လာတဲ့အခါ မိဘတွေအနေနဲ့ ပြန်လည် စိတ်တို‌ဒေါသထွက်ပြတာတွေ မလုပ်မိဖို့ပါပဲ။ ဘာကြောင့်ဆို မိဘတွေရဲ့ ဒီလိုအပြုအမူတွေက ကလေးရဲ့ Tantrums ကို မလျော့ချပေးတဲ့အပြင် အပြုအမူဆိုးတွေပါ အတုယူကူးစက်တတ်ပြီး အလေ့အကျင့်ဖြစ်သွားစေနိုင်ပါတယ်။ 

ဒီ့အတွက်လည်း Dr. Mommy ကနေ ကလေးတွေ Tantrum ဖြစ်နေချိန် ဘယ်လိုဖြေရှင်းလို့ရမလဲ၊ ဘယ်လိုကြိုသိနိုင်မလဲ ဆိုတဲ့ အချက်အလက်လေးတွေအပြင် Dr.Mommy ရဲ့ Personal Experience တချို့ကိုပါ အပေါ််ကဗီဒီယိုထဲမှာ အသေးစိတ် မျှဝေပေးထားပါတယ်။ ကလေးတွေကို ထိန်းကျောင်းပြုစုတဲ့အခါ မိဘတွေအနေနဲ့ ဒီလို ထိန်းမနိုင်၊ သိမ်းမရ အော်ဟစ်ဂျီကျကြပြီဆို စိတ်ရှည်ရှည်သင်ပြ၊ ပြောပြရင်း အေးချမ်းပျော်ရွှင်စရာအချိန်‌လေးတွေ ပြန်လည်ဖန်တီးနိုင်ကြစေဖို့ ဒီဆောင်းပါးလေးကနေ အခုလိုအကြံပြုဖော်ပြလိုက်ရပါတယ်။


Share

Comments

Related Posts