သင်နဲ့ အသင့်တော်ဆုံး Diet ကို ဘယ်လိုရွေးချယ်မလဲ

Posted in ကျန်းမာရေး, ကိုယ်ကာယကြံ့ခိုင်ခြင်း


အခုလိုကျန်းမာရေးကိုအထူးဂရုစိုက်လာကြတဲ့ခေတ်မှာ ကိုယ်နဲ့ကိုက်ညီတဲ့ diet ကိုရွေးချယ်ရတာ လွယ်တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ နိုင်ငံတကာက diet ပေါင်းများစွာထဲ ကိုယ့်လူနေမှုဘဝနဲ့ လိုက်ဖက်မယ့် diet ကို ရှာဖွေရခက်နေသူများအတွက် လူသိအများဆုံး diet ၅ မျိုးနဲ့အတူ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေပါ မျှဝေပေးလိုက်ရပါတယ်။

The Ketogenic Diet

လူတော်တော်များများက Keto လို့သိထားတဲ့ Ketogenic Diet ဆိုတာ ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေနိုင်တဲ့ စားသောက်နည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒီ diet မှာဆိုရင်ကစီဓာတ်အနည်းငယ်ပဲပါဝင်ပြီး အဆီဓာတ်နဲ့ အသားဓာတ်ကို ဦးစားပေးထည့်သွင်းထားတာဖြစ်ပါတယ်။  ဒီလိုကစီဓာတ်ကို လျှော့ပြီးစားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်က Ketosis ဆိုတဲ့ အနေအထားတစ်ခုကိုရောက်သွားပြီး နေ့စဉ်လှုပ်ရှားမှုများအတွက် ကိုယ်တွင်းရှိအဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။

Keto diet မှာ အဓိကပါဝင်တဲ့အစာဓာတ်အချိုးအစားက - အဆီဓာတ် ၇၀%-၇၅%၊ အသားဓာတ် ၂၀%-၂၅%၊ ကစီဓာတ် ၁၀%-၅% ပဲဖြစ်ပါတယ်။ ဒီစားသောက်နည်းအတိုင်း ကစီဓာတ်ကိုလျှော့စားမယ်ဆိုရင် ခန္ဓာကိုယ်က ကိုယ်အလေးချိန်ထိန်းညှိပေးရာမှာအထောက်အကူပြုတဲ့ ketones လို့ခေါ်တဲ့ဓာတ်တွေကို အလိုအလျောက်ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီ Keto diet ကိုစမ်းပြီးစားကြည့်ချင်ရင်တော့

နေ့လယ်စာအနေနဲ့ ကြက်ရင်အုံကင်ကို ပန်းဂေါ်ဖီစိမ်းရယ် ဟင်းနုနွယ်ရွက်သုတ်ရယ်နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

ကောင်းကျိုးများ - ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ သွေးတွင်းအချိုဓာတ်ထိန်းညှိပေးခြင်း၊ အာရုံစူးစိုက်နိုင်စွမ်းပိုမိုကောင်းမွန်စေခြင်း၊ ကိုယ်တွင်းရောင်ရမ်းမှုကျဆင်းစေခြင်း။

ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ - ကစီဓာတ်လျှော့စားခြင်းကြောင့် အဟာရချိုတဲ့မှုများဖြစ်ပွားနိုင်သည့်အတွက် ကျန်းမာရေးအရ ကစီဓာတ်စားသုံးရန်လိုသူများအတွက် မသင့်တော်ပါ။

The Mediterranean Diet

မြေထဲပင်လယ်ဒေသမှ အစပြုခဲ့သော Mediterranean diet ဆိုတာကတော့ မြေထဲပင်လယ်ရိုးရာအစားအသောက်တွေကို အခြေခံထားတဲ့ diet တစ်မျိုးပဲဖြစ်ပါတယ်။ ဒီစားသောက်နည်းမှာဆိုရင် အသီးအရွက်၊ အစေ့အဆန်၊ ကြက်သားနဲ့ ငါးတို့ကို ဝိုင်အနီနဲ့အတွက် တွဲဖက်စားသုံးရမှာဖြစ်ပါတယ်။ ဒီ diet ဟာ ကျန်းမာရေးနဲ့အလွန်ညီညွတ်တာကြောင့် ကမ္ဘာတစ်ဝန်းမှာ ကျန်းမာရေးနဲ့အညီညွတ်ဆုံး diet လို့ လူသိများပါတယ်။ ဒီ diet ရဲ့ ညစာကို ဥပမာအနေနဲ့ ပြောပြရရင် ကြက်သားကင်ကို ခရမ်းသီးနှပ်ရယ် ပဲဟင်းရယ်နဲ့တွဲဖက်ထားတဲ့ ဟင်းလျာပဲဖြစ်ပါတယ်။

ကောင်းကျိုးများ - နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချပေးခြင်း၊ ဦးနှောက်စွမ်းဆောင်ရည်တိုးတက်နိုင်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချပေးခြင်း။

ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ - မြေထဲပင်လယ်ဒေသထွက်အစားအစာများကို ဝယ်ကူရန်ခက်ခဲနိုင်သလို ကယ်လိုရီကြွယ်ဝတဲ့အစားအစာများဖြစ်တဲ့အတွက် ကယ်လိုရီကိုသေချာချိန်ဆပြီး စားသုံးသင့်ပါတယ်။

The Paleo Diet

Paleo diet ဆိုတာကတော့ လူသားမျိုးနွယ်ရဲ့ ရှေးအကျဆုံး စားသောက်ပုံ၊စားသောက်နည်းတွေကို အခြေခံထားတဲ့ diet တစ်မျိုးဖြစ်ပါတယ်။ ဒီ diet မှာ စက်ရုံထုတ်အစားအစာတွေအစား လတ်ဆက်တဲ့ အသား၊ငါး၊ အစေ့အဆန်တွေနဲ့ အသီးအရွက်တွေပါဝင်ပါတယ်။ ဒီ Paleo diet မှာအဓိကရှောင်ရမှာတော့ စက်ရုံထုတ် အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊သကြားတို့အပြင် နို့နဲ့နို့ထွက်ပစ္စည်းများလည်း ပါဝင်ပါတယ်။ Paleo diet ရဲ့ ဟင်းလျာတစ်ခုကို ဥပမာပေးရမယ်ဆိုရင် ကြက်ဥကို ဟင်းနုနွယ်ရယ် မှိုရယ်နဲ့ မွှေကြော်ထားတဲ့ ဟင်းလျာမျိုးပဲဖြစ်ပါတယ်။

ကောင်းကျိုးများ - ပြုပြင်ပြောင်းလဲထားတဲ့ စက်ရုံထုတ်ဟင်းလျာတွေကို လျှော့စားတဲ့အတွက် အသည်းနဲ့ နှလုံးရောဂါများဖြစ်နိုင်ခြေကိုလျှော့ချပေးပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ခြင်း။

ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ - ဒီ diet အတွက် ရွေးချယ်စရာနည်းတဲ့အတွက် အဟာရမမျှတမှုဖြစ်နိုင်ပြီး ရေရှည်လိုက်နာစားသုံးဖို့ခက်ခဲပါတယ်။

The Atkins Diet

လူသိများတဲ့ နောက် diet တစ်မျိုးကတော့ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အဆီတွေလောင်ကျွမ်းစေအောင် လေ့ကျင့်ပေးတဲ့ Atkins diet ဖြစ်ပါတယ်။ အဆင့်လေးဆင့်ရှိတဲ့ ဒီ diet မှာဆိုရင် ပထမဆုံးအဆင့်က အခက်အခဲဆုံးဖြစ်ပြီး တစ်ရက်ကို ကစီဓာတ် ၂၅ ဂရမ်ပဲစားရမှာဖြစ်ပါတယ်။ ပထမအဆင့်ပြီးဆုံးပြီး နောက်အဆင့်တွေရောက်ပြီဆိုရင်တော့ တစ်ဆင့်ချင်းစီအလိုက် ကစီဓာတ်ကို ပြန်ပြီးစားသုံးလို့ရမှာပါ။ ဒီ Atkins diet ကိုစမ်းပြီးစားကြည့်မယ်ဆိုရင်တော့ ကြက်သားလုံးကြော်ကို ခရမ်းချဉ်သီးသုပ်နဲ့တွဲစားကြည့်နိုင်ပါတယ်။

ကောင်းကျိုးများ - အချိန်တိုအတွင်း ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ခြင်း၊ သွေးတွင်းအချိုဓာတ်ထိန်းညှိပေးခြင်း၊ သွေးတွင်းအဆီဓာတ်လျှော့ချပေးနိုင်ခြင်း။

ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ - Atkins Diet ကြောင့် အဟာရချို့တဲ့မှုများဖြစ်နိုင်သလို ဒီ diet ကိုရေရှည်စားသုံးခြင်းရဲ့ အကျိုးဆက်တွေအပေါ်မှာ သုတေသနကောင်းကောင်းမရှိသေးပါ။

The DASH Diet

နောက်ဆုံးအနေနဲ့ ပြောပြပေးချင်တဲ့ diet က DASH diet လို့ခေါ်ပါတယ်။ DASH diet ဆိုတာ Dietary Approaches to Stop Hypertension ရဲ့အတိုခေါက်ဖြစ်ပြီး သွေးတိုးရောဂါကာကွယ်ဖို့စားသောက်နည်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒီ diet ကတော့ နာမည်အတိုင်း သွေးပေါင်ချိန်ကိုလျော့ကျစေပြီး နှလုံးကျန်းမာရေးကောင်းမွန်အောင် ဦးစားပေးထားတဲ့ စားသောက်နည်းပဲဖြစ်ပါတယ်။ ဒီ diet မှာအသီးအရွက်၊ အစေ့အဆန်၊ အဆီမပါတဲ့အသားများနဲ့ နို့ထွက်ပစ္စည်းများ အဓိကပါဝင်ပြီး အဆီဓာတ်နဲ့ အချိုဓာတ်ပါဝင်တဲ့ အစားအစာများကိုလျှော့ချထားပါတယ်။ ဒီစားသောက်နည်းကို စိတ်ဝင်စားသူတွေအနေနဲ့  တတ်နိုင်သမျှ အစားအစာကိုလျှော့စားပြီး ဆိုဒီယမ်ဓာတ်ပါတာတွေကိုလည်း ရှောင်ဖို့လိုပါတယ်။ DASH diet နဲ့ ညီညွတ်တဲ့ ဟင်းလျာတစ်မျိုးကို ဥပမာပြရရင် ဆန်ညိုနဲ့ချက်ထားတဲ့ ထမင်းကို တို့ဟူးရယ်၊ ပန်းဂေါ်ဖီစိမ်းရယ်၊ မုန်လာဥနီရယ်နဲ့တွဲဖက်ထားတဲ့ ဟင်းလျာပဲဖြစ်ပါတယ်။

ကောင်းကျိုးများ - သွေးပေါင်ချိန်ကျဆင်းစေခြင်း၊ နှလုံးနှင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေလျော့ကျစေခြင်း။

ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ - DASH diet နှင့်ကိုက်ညီသော စားသောက်ပုံပြောင်းလဲရန်ခက်ခဲသလို ရှောင်ရမယ့် အစားအစာများတဲ့အတွက် ရေရှည်လိုက်နာစားသုံးရန်ခက်ခဲနိုင်ပါတယ်။

ကိုယ်နဲ့ကိုက်ညီတဲ့ diet plan ကိုရွေးချယ်တဲ့နေရာမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အများကြီးသက်ဆိုင်နေတာပဲဖြစ်ပါတယ်။ ဝိတ်ကျချင်တဲ့လူတွေ၊ သွေးတွင်း သကြားနဲ့ အင်ဆူလင်ဓာတ်ကို ထိန်းညှိချင်ပြီး နာကျင်ရောင်ရမ်းတာကိုသက်သာစေချင်တဲ့သူတွေ၊ စိတ်ဖိစီးမှုကိုလျှော့ချချင်သူတွေ၊ဦးနှောက်အလုပ်လုပ်ပုံကို တိုးမြှင့်ပေးပြီး စိတ်ခံစားချက်ကိုလည်းကောင်းမွန်ချင်တဲ့သူတွေအများစုအတွက်တော့ Keto Diet က ရေပန်းအစားဆုံး Diet တစ်ခုဖြစ်ပါတယ်။

ကိုယ်နဲ့ကိုက်ညီတဲ့ diet ဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေ၊ ကြိုက်နှစ်သက်တဲ့ ဟင်းလျာတွေ သာမက ကိုယ့်ရဲ့ လူနေမှုဘဝပုံစံပေါ်မှာအများကြီးမူတည်ပါတယ်။ ပြီးတော့ diet လုပ်ရင်း အဟာရချို့တဲ့မှုတွေဖြစ်တတ်တာကြောင့် ဆရာဝန် (ဒါမှမဟုတ်) တတ်ကျွမ်းနားလည်သူတွေနဲ့လည်း diet မစခင်မှာ တိုင်ပင်ဆွေးနွေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။


Share

Comments

Related Posts