သတိမထားဘဲ လုပ်မိနေတဲ့ ကျန်းမာရေးထိခိုက်စေတဲ့ အလေ့အကျင့်များ

Posted in ကျန်းမာရေး


တစ်နေ့တာ နည်းနည်းစီနဲ့လုပ်ဖြစ်နေတဲ့ အလေ့အကျင့်တွေက ကောင်းသည်၊ ဆိုးသည်ဖြစ်စေ အချိန်ကြာလာတဲ့အမျှ ဒီလုပ်ရပ်တွေကနေ အကျိုးကျေးဇူးတွေ ခံစားလာရမှာပါ။ ဒီအလေ့အကျင့်တွေထဲမှာ ကျန်းမာရေးအတွက် ကောင်းတာဆို ကိစ္စမရှိပေမဲ့ ဆိုးတာတွေ လုပ်နေမိရင်တော့ ကိုယ့်ကို ပြုပြင်ဂရုစိုက်သင့်တာပါ။ ပုံမှန်အားဖြင့် နေ့တိုင်း လုပ်နေမိတဲ့ အလေ့အကျင့်တွေက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့် ဖြစ်ဖြစ် မသိလိုက် မသိဘာသာနဲ့ ကျန်းမာရေးထိခိုက်စေတာတွေ လုပ်နေမိတတ်ပါတယ်။ ဒီလိုတွေ မဖြစ်ရအောင် လူတော်တော်များများ မသိဘဲ ပုံမှန်လုပ်နေမိတဲ့ ကျန်းမာရေးထိခိုက်စေတဲ့ အလေ့အကျင့်တွေကို အမြန်သိထားပြီး ရှောင်လို့ရအောင် ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ်။ 

မီးဖိုချောင်သုံးပစ္စည်းများကို ပုံမှန်မသန့်ရှင်းမိခြင်း

ချက်နေ၊ စားနေကြ အိုးခွက်၊ ပန်းကန်တွေကိုတော့ ပုံမှန်ဆေးကြောဖြစ်ကြပေမဲ့ ဒါတွေကိုဆေးကြောနေတဲ့ ဆပ်ပြာရေမြုပ်တုံး (Sponge)နဲ့ သံဘရက်ရှ် (Brush) တွေကိုတော့ ပြန်လည်မဆေးမိတတ်ကြဘဲ ပြဲသွား၊  ပါးသွားမှ အသစ်ဝယ်သုံးတတ်ကြတာပါ။ ဒီ့အပြင် ပန်းကန်၊ အိုးခွက်ဆေးကြောရုံအတွက်တင် မဟုတ်ဘဲ မီးဖိုချောင်ရဲ့ ဘေစင်၊ မီးဖိုတွေမှာပါ ဒီဘရှက်ရှ် တစ်မျိုးထဲ အသုံးပြုနေမယ်ဆို မှိုနဲ့ ဘတ်တီးရီးယားတွေ ပေါက်ဖွားလွယ်ပြီး ကျန်းမာရေးအတွက် အင်မတန်အန္တရယ်များလှပါတယ်။ ဒါကြောင့် အသုံးပြုနေတဲ့ ရေမြုပ်တွေ၊ သံဘရက်ရှ်တွေကို နေ့တိုင်း အခြောက်ခံ ဆေးကြောလျှော်ဖွတ်သင့်ပြီး ၂ပတ် သို့ ၃ပတ် ၁ခါ အသစ်လဲလှယ် အသုံးပြုနိုင်ရင် အကောင်းဆုံးပါပဲ။

နောက်ပြီး စားပြီးသား ပန်းကန်တွေကိုလည်း ဆေးဖို့ပျင်းတာရော၊ အချိန်မရှိတာရောကြောင့် ဒီတိုင်း ဘေစင်ထဲမှာ ရေတွေနဲ့ ကြာကြာ ပုံထား၊ ပစ်ထားမိဖူးကြပါတယ်။ အဲ့ကနေ ဟင်းကျန်၊ ထမင်းကျန်တွေက ဘေစင်ထဲ ပိုးမွှားပေါက်ဖွားဖို့ကောင်းတဲ့ နေရာဖြစ်လာပြီး မသန့်ရှင်းတာကြောင့် အစာအဆိပ်သင့်တာထိ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် စားပြီးတိုင်း တတ်နိုင်သလောက် ချက်ချင်းပန်းကန်၊ အိုးခွက်တွေ သေချာဆေးကြောသန့်စင်ဖို့ အကြံပေးလိုက်ပါရစေ။

အလှအပဆိုင်ရာ အလေ့အကျင့်အမှားများ

ခုခေတ်မှာ မိန်းကလေးတွေအတွက် အလှအပကို ပစ္စည်းမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ပြင်ဆင်ခြယ်သနေကြရာမှာ လှချင်ဇောနဲ့ နည်းလမ်းမှားတွေကို မသိလိုက်ဘဲ လုပ်မိတတ်ကြပါတယ်။ Exfoliation လို့ခေါ်တဲ့ မျက်နှာကြေးချွတ်တာဟာ ဆဲလ်သေတွေ ဖယ်ရှားနိုင်တယ်ဆိုပေမဲ့ နေ့စဥ်မပြုလုပ်သင့်တဲ့အရာဖြစ်ပြီး လုပ်မယ်ဆို အသားရည် ခြောက်သွေ့ပျက်စီးနိုင်တာပါ။

နောက်ပြီး သူငယ်ချင်း၊ အသိမိတ်ဆွေအချင်းချင်း မိတ်ကပ်၊ နှုတ်ခမ်းနီ စတာတွေကို မျှဝေသုံးစွဲတာကလည်း ဘတ်တီးရီးယားပိုးမွှားတွေကို တစ်ယောက်ကနေ တစ်ယောက်ကို ကူးစေနိုင်တာကြောင့် တူတူမသုံးမိဖို့ သတိထားသင့်ပါတယ်။ ခေတ်ရေစီးကြောင်းပေါ်လိုက်ပြီး ပေါ်သမျှ အလှပြင်ပစ္စည်းတွေ မသုံးမိစေဘဲ ကိုယ့်အသားအရည်နဲ့ အမှန်တကယ်ကိုက်ညီပြီး သဘာဝပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ထုတ်ကုန်တွေသာ အတတ်နိုင်ဆုံး အသုံးပြုသင့်ပါတယ်။ 

ညဉ့်နက်မှ စားသောက်ခြင်း

အစားအသောက်မမှန်တာလည်း ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ခုပါပဲ။ အလုပ်များလို့ဖြစ်ဖြစ်၊ စားချင်စိတ်မရှိလို့ဖြစ်ဖြစ် ဆာမှစားတဲ့အလေ့အကျင့်ဟာ ‌ရေရှည်မှာ ဒုက္ခများနိုင်ပါတယ်။ ညစာစားပြီး ထပ်စားတာအပြင် ညစာစားဖို့နောက်ကျပြီး အိပ်ခါနီးမှစားတာတွေက တခါတလေမှာတော့ ကိစ္စမရှိပေမဲ့ ပုံမှန် ညဉ့်နက်မှ စားသောက်မိနေတယ်ဆို အစာခြေဖို့ခက်ခဲပြီး ကိုယ်တွင်းအဆီတက်စေပါတယ်။ အထူးသဖြင့် အပူအစပ်တွေ၊ ကဖိန်းတွေ၊ အယ်ကိုဟောနဲ့ အဆီများတဲ့ အစားအသောက်တွေကို အိပ်ခါနီးအချိန်မှ အလွန်အကျွံစားမိရင် အိပ်ပျော်ဖို့ခက်ခဲစေပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်စေတာပါ။ ဆားပါဝင်မှုများတဲ့ အပြင်စာတွေ စားသောက်ခြင်းကို ရှောင်ကြဉ်ပြီး အိမ်မှာပဲ လတ်လတ်ဆတ်ဆတ်ပစ္စည်းတွေနဲ့ ချက်ပြုတ်ရင်းနဲ့ ကိုယ့်ရဲ့စားသောက်မှုပုံစံကို အချိန်မှန်၊ နည်းမှန်အောင် ထိန်းသိမ်းသင့်ပါတယ်။

အိပ်ချိန်မမှန်ခြင်း

နှလုံး၊ သွေးတိုး၊ ကျောက်ကပ်၊ ဆီးချိုရောဂါတွေကနေ အဝလွန်တာ၊ စိတ်ဓာတ်ကျတာတွေထိ ဆက်စပ်နေတဲ့ အိပ်စက်ခြင်းကို ဂရုမမူဘဲ မနေသင့်ပါဘူး။ ဒီလိုမျိုး ကျန်းမာရေးအတွက် ဘက်စုံမှာအရေးပါနေတဲ့ အိပ်စက်ခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်မမှန်တာ၊ အိပ်စက်ရာမှာ အခက်အခဲဖြစ်နေတယ်ဆို နေထိုင်မှုပြောင်းလဲတာဖြစ်ဖြစ်၊ လိုအပ်တယ်ဆို ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးဝါးမှီဝဲပြီး ကုသတာမျိုးလုပ်သင့်ပါတယ်။ အသားရည်အလှအပအတွက်‌ရော၊ Diet လုပ်နေသူများအတွက်ပါ အိပ်ချိန်မမှန်တာက ကိုယ်အလေးချိန်တက်စေနိုင်ပြီး ကျန်းမာရေးထိခိုက်နိုင်တာမို့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကျန်းကျန်းမာမာနဲ့ စိတ်ကြည်ကြည်လင်လင် လုပ်ဆောင်နိုင်ဖို့အတွက် တစ်နေ့ကို အနည်းဆုံး ၇နာရီ အိပ်စက်ချိန်ရှိသင့်တာပါ။

ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

အားကစားလုပ်တာဟာ ကျန်းမာ‌ရေးအတွက် အကောင်းဆုံးဆိုတာ သိကြပေမဲ့ လက်တွေ့မှာ အချိန်ပေးပြီး လုပ်ဆောင်ဖို့ဆိုတာ မလွယ်လှပါဘူး။ နည်းပညာတွေလည်း တိုးတက်လာပြီး ဖုန်းတစ်လုံးရှိရုံနဲ့ ကိစ္စဝိစ္စတော်တော်များများကို လုပ်ဆောင်နိုင်တဲ့ ခေတ်ကြီးမှာ အလှုပ်ရှားနည်းပြီး အထိုင်များတဲ့ အလေ့အကျင့်တွေ ဖြစ်လာကြပါတယ်။ ဒီကနေ စိတ်ရော လူရော အညောင်းမိပြီး မကျန်းမမာနဲ့ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲလာရော‌ပေါ့။ စိတ်ပင်ပန်းတာ၊ စိတ်ဖိစီးတာ၊ စိတ်ကျတာ စတဲ့ စိတ်ပိုင်းဆိုင်ရာအပြင် ဉီးနှောက်၊ နှလုံး၊ အဆုတ် စတဲ့ ကိုယ်တွင်းအင်္ဂါ ကျန်းမာ‌ရေးအတွက်ရော အရိုးနဲ့ ကြွက်သားတွေအတွက်ကိုပါ အားကစားလုပ်ခြင်းက ပြောမပြနိုင်အောင် ကောင်းကျိုးများစွာ ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားအားကစားကို အလေ့အကျင့်သေးသေး နည်းနည်းကနေ စပြီး အချိန်ပေးကာ နေ့စဉ် အချိန်တိုးပြီး လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ 

အသက်အရွယ်ငယ်စဉ်ကတည်းက သတိမမူမိဘဲ လုပ်ဖြစ်နေတဲ့ အလေ့အကျင့်အမှားတွေက အခုမသိသာသေးပေမဲ့ အသက်အရွယ်ရလာတဲ့အခါ ကိုယ်ခန္ဓာကို ဆိုးဆိုးရွားရွားထိခိုက်လာနိုင်ပါတယ်၊ ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက် ဒီအချက် ၅ ချက်ကို သတိမထားဘဲ လုပ်နေမိတယ်ဆို ချက်ချင်းပြောင်းလဲဖို့ခက်ပေမဲ့ ဖြေးဖြေးစီ ပြုပြင်ရင်း ကျန်းမာလှပတဲ့ ဘဝနေထိုင်မှုကို အလေ့အကျင့်ကောင်းတွေနဲ့ ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် ဝေမျှလိုက်ပါတယ်နော်။


Share

Comments

Related Posts