အမှတ်တရနေ့ရက်တွေကို ပိုမိုထူးခြားသွားစေမယ့် လက်ဆောင်များ

Posted in လူမှုဘဝ


ကိုယ့်ပတ်ဝန်းကျင်က ချစ်ရသူတဲ့သူတွေကို အချိန်ကောင်းလေးတွေ တူတူမျှဝေပြီး၊ ပစ္စည်းကောင်းလေးတွေ ပေးဖို့ အမြဲတမ်းတွေးမိတတ်ကြမှာပါ။ မွေးနေ့တို့၊ နှစ်ပတ်လည်နေ့တို့၊ အထိမ်းအမှတ်နေ့တို့ ရောက်ခါနီးတိုင်း ဒီတိုင်းတစ်ခုခု ဝယ်ပေးလိုက်တာကလည်း နှစ်တိုင်း ထပ်နေပြီ၊ ရိုးနေပြီမို့ သူတို့နဲ့ တကယ် လိုက်ဖက်တဲ့ ဘယ်လို လက်ဆောင်လေးတွေ ပေးရင်ကောင်းမလဲလို့ စဥ်းစားနေရင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်နော်။ လက်ဆောင်ဆိုတာ လက်ခံမယ့် သူတစ်ယောက်တည်းနဲ့သာ သက်ဆိုင်တဲ့ အရာလေးဖြစ်စေဖို့အပြင် ကြေးများတတ်တဲ့သူတွေပါ သဘောကျစေဖို့လည်း လိုသေးတယ်နော်။ ဒါကြောင့် လက်တွေ့ကျပြီး တကယ်လည်း အသုံးဝင်တယ်၊ ပေးတဲ့သူကလည်း ကျေနပ်၊ လက်ခံရတဲ့သူလည်း ပျော်ရစေတဲ့ လက်ဆောင် Ideas အဆန်းလေး တွေက ဘယ်လိုမျိုးတွေဖြစ်မလဲ ကြည့်ကြည့်လိုက်ရအောင်။ 

DIY

DIY လက်ဆောင်လေးတွေက ပေးတဲ့သူကိုယ်တိုင် အချစ်တွေနဲ့ ဖန်တီးရတဲ့လက်ဆောင်ဖြစ်လို့ လက်ခံရရှိသူ အတွက် တကယ်ကို အဓိပ္ပာယ်ရှိစေတာပါ။ သူသူငါငါ ပေးဖြစ်နေကြတဲ့ DIY လက်ဆောင်တွေထဲကနေ ကွဲထွက်ပြီး တမူထူးခြားနေအောင် ဒါလေးတွေ ပေးကြည့်လိုက်ပါ။

စာအုပ် - စာအုပ်က ဒီတိုင်းဝယ်ပြီးပေးလိုက်လို့ရတာပဲလို့ အရင်ဆုံး တွေးမိကြလောက်မှာပါ။ ဒီတိုင်း ကြိုက်နှစ်သက်တတ်တဲ့ စာအုပ်သစ်ချည်းပဲ အိတ်လှလှလေးနဲ့ ထည့်ပေးလိုက်တာမျိုး မဟုတ်ဘဲနဲ့ စာမျက်နှာအချို့ရဲ့ အောက်ထောင့်လေးတွေမှာ စာအုပ်နဲ့ဆိုင်တဲ့ အမှတ်တရလေးတွေ၊ အားပေးတဲ့စာကြောင်းလေးတွေ၊ ပုံသေးသေးလေးတွေကို ကိုယ်ပိုင်လက်ရေးနဲ့ ရေးပြီးပေးမယ်ဆို တမူထူးခြားပြီး တန်ဖိုးထားစရာ စာအုပ်လက်ဆောင်လေး ဖြစ်နေမှာနော်။

ဓာတ်ပုံစာအုပ် (scrapbook) - အမှတ်တရတွေကို သတိတရဖြစ်သွားစေမယ့် လက်ဆောင်လေးပေါ့။ သူနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေ၊ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေ၊ ပြောချင်တဲ့စကားတွေကို ပုံတွေ၊ စာတွေနဲ့ အစီအရီ ဖော်ကျူးထားတဲ့ စာအုပ်လှလှလေးဆို လက်ခံရရှိသူတိုင်း ငြင်းမရနိုင် အကြိုက်တွေ့ကြမှာ။ ချစ်သူတွေအချင်းချင်း ဒါမျိုးလေး လက်ဆောင်ပေးကြမယ်ဆို အချစ်တွေပိုလာစေမှာ အမှန်ပဲနော်။

သိုးမွေးချည်ထိုး - လက်ဆောင်တွေထဲ မပါမဖြစ် သိုးမွေးချည်ထိုးပစ္စည်းတွေကတော့ အချိန်ပေးရသလောက် မေတ္တာတွေ၊ အဓိပ္ပာယ်တွေ ပြည့်ဝနေတဲ့ လက်ဆောင်အမျိုးအစားတွေပါ။ ကိုယ်တိုင်လုပ်ထားတဲ့ သိုးမွေးအင်္ကျီ၊ ခေါင်းစွပ်၊ ပဝါ စတာ တွေ ထိုးပြီး ပေးကြသလို ဝါသနာပါပြီး မလုပ်ဖြစ်သေးတဲ့သူတွေအတွက် သိုးမွေးထိုးချည်လုံးလေးတွေ၊ သိုးမွေးထိုးတံတွေ ကို Set လိုက် လက်ဆောင်ပေးရင်လည်း အကြိုက်တွေ့စေမှာပါ။

ပျော်စရာအတွေ့အကြုံများ

လက်ဆောင်ပစ္စည်း ပေးမှမဟုတ်ဘဲ အမှတ်တရပိုဖြစ်ပြီး မမေ့နိုင်တဲ့ အတွေ့အကြုံသစ်တွေကို တူတူခံစားပြီး အချိန် ကုန်ဆုံးစေတဲ့ Activities တွေကလည်း လက်ဆောင် Idea တွေထဲ ချန်ထားလို့မရပါဘူး။ တန်ဖိုးရှိတဲ့ အခိုက်အတန့်တွေကို ချစ်ရသူနဲ့ အတူတူဖြတ်သန်းဖို့ ဒါလေးတွေ လိုက်လုပ်ကြည့်ကြမလား။

Spa day - လက်သည်း၊ ခြေသည်းလှလှလေးတွေ တူတူလုပ်တာ၊ အကြောအခြင်ပြေစေတဲ့ Spa တူတူသွားကြတာမျိုးက ချစ်သူတွေအပြင် မိသားစုအချင်းချင်း၊ မိတ်ဆွေအချင်းချင်းတွေအတွက်ပါ အပန်းဖြေရာလည်း ရောက်သလို ရင်းနှီးချစ်ခင်မှုတွေ တိုးလာစေမယ့် Activities တွေပါပဲ။

One day class - ခုခေတ်မှာ ပန်းချီ Workshopတွေ ၊ ပုံဆွဲသင်တန်းလေးတွေ စတဲ့ တစ်ရက်စာသင်တန်းလေးတွေလည်း ပေါ်လာပြီဆိုတော့ ဒီလိုအနုပညာနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာ Workshops လေးတွေ တူတူသွားဖို့ ခေါ်ရင်း အချင်းချင်း ပျော်စရာအမှတ်တရတွေ တူတူဖန်တီးရင်း နေ့ရက်ကောင်းလေး ဖြတ်သန်းနိုင်တာပေါ့။

လက်ဆောင်ပစ္စည်းများ

လက်ဆောင်ပစ္စည်းလို့ပြောလိုက်ရင် ပေးနေကျ အရုပ်တွေ၊ ပန်းတွေအပြင် နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အရာလေးတွေလည်း ရှိနေပါသေးတယ်။

ပန်းချီဆွဲအရုပ်ဆက် Set - ကိုယ်တိုင်တခုခုပြုလုပ်ပြီး ပေးတာထက်စာရင် အရောင်ခြယ်လို့ရတဲ့ Coloring Kitလေးတွေ၊ Lego အရုပ်ဆက်ပစ္စည်းလေးတွေလိုမျိုး ကိုယ်တိုင်ပုံဖော်ဖန်တီးရတဲ့ အရာလေးတွေကလည်း တမူထူးခြားစေမယ့် လက် ဆောင် ဖြစ်ပြီးတော့ အကုန်အသုံးပြုပြီးရင်လည်း အမှတ်တရသိမ်းထားလို့ ရလို့ လူကြီး၊လူငယ်မရွေး သဘောတွေ့စေတဲ့ အရာလေးပါပဲ။

အိပ်ယာခင်း - အိပ်စက်ခြင်းက ချစ်ရသူတွေရဲ့ ကျန်းမာရေးအတွက်လည်း အရေးပါတာကြောင့် ဒီ့အတွက် တော်ရုံတန်ရုံ အသစ်မဝယ်ဖြစ်တဲ့ Qualityကောင်းတဲ့ အိပ်ယာခင်း Set လေး လက်ဆောင်ပေးလို့ရပါသေးတယ်။ နောက်ပြီး ပိုးသား ညအိပ်ဝတ်စုံတွေကလည်း ကောင်းမွန်တဲ့ အိပ်စက်ခြင်းဖြစ်စေဖို့ အထောက်အကူပြုလို့ ဒါလေးတွေကို ထုပ်ပိုးမှုလှလှလေး တွေနဲ့ ပေးမယ်ဆို အကြိုက်တွေ့ကြမှာပါ။

ချစ်ရသူတွေကိုပေးဖို့ ဒီလိုလက်ဆောင်အမျိုးအစားတွေ အများကြီးအပြင် နာမည်ထိုးထားတဲ့ ရေဘူးလေးတွေ၊ ကော်ဖီခွက် လေးတွေ၊ တီရှပ်လေးတွေကလည်း ကိုယ်ပိုင်ဖြစ်တတ်စေတဲ့ ခံစားမှုမျိုးရစေလို့ ထည့်စဉ်းစားသင့်တဲ့ အရာလေးတွေပဲနော်။

ချိုမြိန်မှုလေးများ 

ချစ်သူကို လက်ဆောင်ပေးဖို့ဆိုရင် ချိုမြိန်တဲ့ အရသာလေးတွေကို ချန်ထားခဲ့လို့တော့မရဘူးနော်။ ချစ်ရသူတွေကြားက တန်ဖိုးထားရတဲ့ အမှတ်တရတွေကို ချိုမြိန်မှုလေးတွေနဲ့ တွဲမှတ်မိဖို့ဆို ချောကလက်တွေလောက် ကောင်းတာမရှိပါဘူး။ ချောကလက်အပြားတွေအပြင် သကြားလုံး၊ ကိတ်မုန့်၊ ထုတ်ပိုးမှုပုံစံလှလှနဲ့ ချောကလက်ဘူးတွေ ရွေးချယ်စရာမျိုးစုံရှိလို့ အမှတ်တရနေ့ရက်တွေမှာပဲဖြစ်ဖြစ်၊ နေ့ရက်တွေကို အမှတ်တရအဖြစ် ဖန်တီးချင်ရင်ပဲဖြစ်ဖြစ် ချိုမြမြ ချောကလက် တွေက အဆင်သင့်ရှိနေပါတယ်။ ချောကလက်နဲ့မှ အချစ်နဲ့ ချိုမြိန်မှုတွေကို ဖန်တီးနိုင်မှာတော့ မဟုတ်ပါဘူး။ စိတ်ရင်းနဲ့ ပေးတဲ့ သကြားလုံးလေးတစ်လုံး၊ ပန်းလေးတစ်ပွင့်၊ ပိုစ့်ကတ်လေး တစ်စောင်၊ အရုပ်လေးတစ်ရုပ်ကလည်း လက်ခံရရှိသူရဲ့ စိတ်နှလုံးကို နွေးထွေးချိုမြိန်စေမှာပါ။

တန်ဖိုးကြီးကြီးလက်ဆောင်တွေပေးမှ မဟုတ်ဘဲ တစ်ယောက်နဲ့ တယောက် တန်ဖိုးထားကြောင်းပြသတဲ့ လက်ဆောင် တွေက တစ်သက်တာမမေ့နိုင်တဲ့ အမှတ်တရတွေ ဖန်တီးပေးနိုင်မှာပါ။ ဒါကြောင့် အချင်းချင်း ချစ်ခင်မှုတိုးစေတဲ့ ဒီလို လက်ဆောင်လေးတွေ ပေးကြည့်ကြပြီး နောက်ထပ် တမူထူးခြားတဲ့ လက်ဆောင် Ideaလေးတွေ ရှိရင်လည်း ကော့မန့်မှာ မျှဝေခဲ့ဦးနော်။


Share

Comments

Related Posts