မြောက်ပြန်လေနဲ့ အတွေးတွေစီး‌မျောဖို့ စာအုပ်ကောင်းများ

Posted in လူမှုဘဝ, ဖျော်ဖြေရေး


မြောက်ပြန်လေက အအေးဓာတ်တင်မက အဆွေးဓာတ်ပါ သယ်ဆောင်လာတဲ့အခါ ဒီဆောင်းမှာ နှလုံးသားကို အနွေးဓာတ် ပေးဖို့ လိုအပ်လာပါတယ်။ တကိုယ်တည်းပဲ ဖြစ်ဖြစ်၊ အဖော်အပေါင်းနဲ့ပဲနေနေ စိတ်နှလုံးက ကျေနပ်နှစ်သိမ့်မှုကို ခံစားနိုင် ဖို့ဆိုရင် စာအုပ်ကောင်းတွေက ရွေးချယ်စရာအဖော်မွန်ပါ။ ဒါကြောင့် ဆောင်းရာသီမှာ စာဖတ်ကြဖို့ ဝတ္ထုများစွာထဲက (၅) အုပ်ကို ရွေးချယ်ဖော်ပြသွားပါမယ်။ 

(၁) ရင်ထဲက ဆောင်းရာသီ (မင်းလူ) 

ဆရာ “မင်းလူ” ရေးသားတဲ့ “ရင်ထဲကဆောင်းရာသီ” လုံးချင်းဝတ္ထုဟာ နှစ်(၁၀၀) အတွင်း အကောင်းဆုံး မြန်မာဝတ္ထု (၁၀၀) စာရင်းထဲမှာ ပါဝင်ပြီး ရုပ်ရှင်အဖြစ်ပြန်ရိုက်ခဲ့တဲ့အထိ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ မိသားစု ဆက် ဆံရေးပုံစံ ဝတ္ထုအမျိုးအစားဖြစ်ပြီး မတူညီတဲ့ ခံယူချက်နဲ့ လူနှစ်ယောက်ပေါင်းဖက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်မှု တွေ၊ အကျိုးဆက်ကို ခံစားရတဲ့ ကလေးငယ်ရဲ့ စိတ်ခံစားမှု၊ မိသားတစ်စုအတွင်းက သံယောဇဥ်နဲ့ ပဋိပက္ခ စတာတွေကို ဇာတ်ကောင်တွေနဲ့လိုက်ပြီး ရှုထောင့်ပေါင်းစုံကနေ စီးမြောခံစားနိုင်မယ့် ဝတ္ထုကောင်းတစ်ပုဒ်ပါ။ ကလေးနဲ့ မိဘတွေကြား ထဲက သိမ်မွေ့ပြီး ထိရှလွယ်တဲ့ ခံစားမှုနဲ့ ဆက်ဆံရေးတွေကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တာမို့ အထူးသဖြင့် မိဘတွေ ဖတ်သင့်တဲ့ စာအုပ်လို့ ရည်ညွှန်းချင်ပါတယ်။ ဆောင်းရာသီနောက်ခံဝတ္ထုမဟုတ်ပေမယ့် စာအုပ်နာမည်က ဘာကြောင့် “ရင်ထဲက ဆောင်းရာသီ” ဖြစ်နေလဲဆိုတဲ့ မေးခွန်းကို ဇာတ်ကြောင်းတစ်ခုလုံး ဆုံးသွားတဲ့အခါ ခံစားနားလည်သွားမှာပါ။  

(၂)  တိမ်နဲ့ချည်တဲ့ကြိုး (ဂျူး) 

ဒေသန္တရ ဗဟုသုတနဲ့ ဆွတ်ပျံ့ဖွယ်၊ ကြည်နူးဖွယ်၊ စိတ်ဝင်စားဖွယ်၊ စတဲ့ အချက်အလက် ပေါင်းစုံ၊ ခံစားချက်ပေါင်းစုံကို ပေးစွမ်းနိုင်တဲ့ တောင်ပေါ်ဒေသနောက်ခံ ဆရာမ “ဂျူး” ရဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ တိမ်နဲ့ချည်တဲ့ကြိုးမှာ ဇာတ်ကောင်တွေ ထက်စာရင် ချင်းပြည် ရဲ့ သဘာဝအလှအပနဲ့ တောတောင်ရေမြေ ရှုခင်းတွေကို ပိုမိုအသားပေးဖော်ပြထားတာ တွေ့ရပါ တယ်။ မတူညီတဲ့ ဘဝနောက်ခံတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ခံစားချက်၊ ခံယူချက်နဲ့ အပြု အမူတွေ ဘယ်လိုကွဲပြားနေလဲ ဆိုတာကိုလည်း စာဖတ်သူခံစားနိုင်ဖို့ ခပ်ပါးပါး ဖော်ပြထားပါတယ်။ ဝတ္ထုကိုဖတ်ပြီးတာနဲ့ ချင်းပြည်နယ်ကို ချက်ချင်းခရီးသွားချင်တဲ့အထိ ဆွဲဆောင်အားကောင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက် လို့လည်း သိထား၊ သတိထားဖွယ်များစွာပါဝင်တာကြောင့် Eco Tourism အတွက် တော်တော်လေး အထောက်အကူပြု မယ့် ဝတ္ထုတစ်ပုဒ်ပါ။ ဒီရာသီမှာ တိမ်နဲ့ဆီးနှင်းတွေဆီ စိတ်ကူးနဲ့ခရီးသွားချင်တယ်ဆိုရင်‌တော့ ဖတ်ဖို့အသင့်တော်ဆုံး ဝတ္ထု တစ်ပုဒ်လို့ ဆိုချင်ပါတယ်။

(၃) ဂျီဟောသူ 

ဆရာမ မစန္ဒာရဲ့ စက်မှုတက္ကသိုလ်နောက်ခံ “ဂျီဟောသူ” ဟာ လုံးချင်းဝတ္ထုအနေနဲ့သာမက ဇာတ်လမ်းတွဲအနေနဲ့ပါ အောင် မြင်မှု ရရှိခဲ့တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ စက်မှုတက္ကသိုလ် ဥတ္တရဆောင်(ဂျီဆောင်) က ကျောင်းသူလေးတွေရဲ့ ရယ်မောဖွယ်၊ ပျော်ရွှင်ဖွယ် ကျောင်းသူဘဝ၊ ကြည်နူးဖွယ် ချစ်မှုရေးရာတွေအကြောင်း ပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိအောင်  ရေးသားပုံဖော်ထားတာကို ဖတ်ရှုရမှာပါ။ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ ကျောင်းသားဘဝကို ဇာတ်ကောင်တွေနဲ့အတူ လိုက်ပါခံစားနိုင်မယ့် ဒီဝတ္ထုလေးက တိုတောင်းပေမယ့် စိတ်ထဲစွဲနေစေမယ့် အရေးအသားတွေကြောင့် ဆောင်းနေ့တွေမှာ အဖော်မွန်ကောင်းဖြစ်မှာပါ။

(၄) စမ်းရေကြည်နု (လင်းခါး) 

ဒီဝတ္ထုခေါင်းစဥ်လိုပဲ ဇာတ်ကောင်တွေရဲ့ ဘဝကရော ငြိမ်သက် ငြိမ်းအေးနေရဲ့လားဆိုတာ အတွေးများရမယ့် ဝတ္ထုတစ်ပုဒ် ပါ။ “စမ်းရေကြည်နု”ဟာ လက်တွေ့မှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတာကြောင့် ဇာတ်ကောင်တွေရဲ့ ဘဝထဲကို ဝင်ရောက်ပြီး ရင်နဲ့အပြည့် ဝင်ရောက်ခံစားရမယ့် ဘဝသရုပ်ဖော် ဝတ္ထုတစ်ပုဒ်ရယ်လို့ ရည်ညွှန်းချင်ပါတယ်။ မွန်းကြပ်ပေမယ့်၊ စိတ်ပင်ပန်းပေမယ့်၊ ထွက်ပေါက်ပိတ်နေပေမယ့်၊ ဖြစ်တည်မှု တွေ ပျောက်ဆုံးနေပေမယ့် ဒါဟာ တကယ်ဖြစ်နေတဲ့ အခြေခံလူတန်းစားတွေရဲ့ လက်တွေ့ဘဝတွေကို ကိုယ်စားပြုနေပါ တယ်။ ရယ်မောသံတွေ၊ ပန်းရနံ့နဲ့ လေပြေညင်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ “စမ်းရေကြည်နု” က သင့်အတွက် မဟုတ်ပါဘူး။

(၅) ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ (နုနုရည် အင်းဝ) 

ရှည်လျားခိုင်မာတဲ့ ကိုးကွယ်ယုံကြည်မှုကနေတဆင့် ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးပြီး စိတ်ဝင်စားဖွယ် ရိုးရာဓလေ့တွေ အကြောင်း စူးစမ်းချင်သူတွေ ရွေးချယ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။ ဒီဝတ္ထုမှာ ရိုးရာ နတ်ကိုးကွယ်မှုအကြောင်း၊ နတ် လောက ရဲ့ အထှာလေးတွေနဲ့ နတ်ကတော်တို့ရဲ့ ဘဝဇာတ်ခုံအဖုံဖုံကို သေချာလေး မီးမောင်းထိုးပြထားပါတယ်။ တောင် ပြန်းပွဲကို မရောက်ဖူးသေးတဲ့သူတွေတောင် ပွဲတော်အကြောင်း၊ ပွဲတော်ကျင်းပပုံနဲ့ ဒီနတ်ပွဲကို အမှီပြုပြီး တစ်ဝမ်းတစ်ခါး ရှာဖွေစားသောက်ကြသူတွေ၊ ဒေသခံတွေနဲ့ သူတို့ရဲ့ ယုံကြည်မှုတွေကို ကိုယ်တိုင်တွေ့မြင်နေရသလို ခံစားမှုကို ပေး စွမ်း နိုင်ပါတယ်။ ပွေလီလှတဲ့ လူ့ဘဝမှာ နတ်ကတော်ဟာလည်း လူထဲကလူပဲမို့ ချစ်တတ်၊ မုန်းတတ်၊ ဝမ်းနည်းတတ်ဆိုတဲ့ လူ့သဘာဝအကြောင်းကိုလည်း တစေ့တစောင်းဖော်ပြထားလို့ ဖတ်ရတာ လက်ကမချနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ် လို့ ဆိုချင်ပါတယ်။

ရသစာပေတွေဟာ နှလုံးသားကို နူးညံ့စေတယ်၊ ခံစားတတ်စေတယ်၊ စာနာသနားတတ်စေပြီး စိတ်တက်ကြွမှု၊ စိတ်အေး ချမ်းမှု စတဲ့ ရသအစုံအလင်ကို ပေးစွမ်းနိုင်ပါတယ်။ လက်တွေ့ဘဝမှာ ကိုယ်တိုင်မတွေ့ကြုံ၊ မကြားသိရတဲ့ အခြားအခြား သော ဘဝအဖုံဖုံကို ဝတ္ထုတွေကနေတဆင့် သွားရောက်ခံစားနိုင်တာကြောင့် “စာဖတ်တာက ကမ္ဘာပတ်သလိုပဲ”လို့ ပြောကြတာပေါ့။ ကြံ့ခိုင် ပြီး စာနာတတ်တဲ့ နှလုံးသားတစ်စုံဖြစ်စေဖို့ စာပေက ပြုပြင်ပေးတာကြောင့် ဒီဆောင်းမှာလည်း စာဖတ်ကြပါစို့နော်။


Share

Comments

Related Posts