
အချစ်ရေးမှာဖြစ်စေ၊ မိသားစုတွင်းမှာဖြစ်စေ ချစ်ခြင်းမေတ္တာကို ဗဟိုပြုပြီး တစ်ဦးနဲ့ တစ်ဦး ဖော်ပြကြတဲ့ အချစ်ဘာသာစကား “Love Language” အမျိုးမျိုးရှိတတ်ကြပါတယ်။ တစ်ယောက်မှာ Love Language တစ်မျိုးထဲ ရှိနိုင်သလို နှစ်မျိုး၊ သုံးမျိုးလည်း ရှိနိုင်လို့ ချစ်ပုံချစ်နည်းတွေကို ဖော်ပြကြတဲ့ ဘာသာစကားတွေကို အချစ်ပေးသူနဲ့ အချစ်ခံရသူကြား နားလည်နိုင်ဖို့ကလည်း အရေးကြီးတာပါ။ အထူးသဖြင့် ချစ်သူရည်းစား ဆက်ဆံရေးတွေမှာ “ငါကတော့ သူ့ကို အရမ်းချစ်တာပဲ၊ သူကတော့ ငါ့အချစ်ကို မသိပါဘူးလေ” ဆိုပြီး ခံစားတတ်ကြပါတယ်။ ဒါက နှစ်ဦးကြား ချစ်ခြင်းမေတ္တာမရှိလို့ မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် အသုံးပြုတဲ့ Love Languages မတူညီလို့ အဖြစ်များကြတဲ့ အချစ်လွန်ဆွဲပွဲ တစ်ခုပါ။
ဒီလိုပြောလို့ နှစ်ယောက်က ချစ်ပုံချစ်နည်း မတူကြလို့ ရှေ့လျှောက် ဘယ်လိုစခန်းသွားကြမလဲ၊ လမ်းခွဲရတော့မှာလား စတာတွေက ပြဿနာ မဟုတ်ဘဲ တစ်ယောက်ဘာသာစကားကို တစ်ယောက်က လေ့လာပြီး ဖြည့်ဆည်းပေးဖို့ ငြင်းဆန်တာကမှ ပြဿနာဖြစ်တာပါ။ ဒါကြောင့် တစ်ယောက်အလိုကို တစ်ယောက်သိပြီး ချစ်ခြင်းတွေ ပိုမိုခိုင်မြဲလာအောင် ဒီချစ်ခြင်း ၅ မျိုးနဲ့ ဘယ်လိုညှိနှိုင်းမလဲဆိုတာ ဖတ်ကြည့်ရအောင်။

ကမ္ဘာကျော် စိတ်ပညာရှင် Dr. Gary Chapman ရဲ့ အဆိုအရ လူတစ်ယောက်ချင်းစီမှာ အချစ်ကို ဖော်ပြတဲ့၊ လက်ခံယူတဲ့ ဘာသာစကား ၅ မျိုး ရှိပါတယ်။ ဒီတော့ အချစ်ဘာသာစကား ၅ မျိုးဆိုတာ ဘာလဲ တစ်ခုချင်းလေ့လာကြည့်ပြီး ကိုယ်နဲ့ ကိုယ်ချစ်မြတ်နိုးရသူက ဘယ်လိုအမျိုးအစားတွေထဲ ပါနေမလဲ ဆန်းစစ်ကြည့်လိုက်နော်။
၁။ ချီးမွမ်းစကားပြောခြင်း (Words of Affirmation)
စကားလုံးတွေက အသက်သွေးကြောဖြစ်တဲ့ ဒီ Language မှာက "ချစ်တယ်"၊ “ဒီနေ့အရမ်းလှနေတယ်” စသဖြင့် သေးငယ်တဲ့အရာလေးတွေကနေ တန်ဖိုးထားမှုနဲ့ လုံခြုံမှုကို ခံစားရစေပါတယ်။ ဒီလို ချီးမွမ်းစကားလေးတွေ ကြားရမှ အချစ်ကို ခံစားတတ်သူလေးတွေအတွက်ဆို စာလေးတွေပို့တာ၊ ဖုန်းဆက် စကားပြောတာမျိုးတွေ မကြာခဏလုပ်ပေးတာမျိုးက အသင့်တော်ဆုံးဖြစ်ပြီး
"ဒီနေ့ ဟင်းချက်တာ အရမ်းစားကောင်းတယ်”၊ "ငါ မင်းဘေးမှာ ရှိတယ်” စသဖြင့် ခွန်အားဖြစ်စေပြီး စိတ်ကြည်နူးစရာကောင်းတဲ့ စကားလုံးလေးတွေက နှစ်ဥ◌ီးသား ချစ်ခြင်းတွေကို ခိုင်မြဲစေမဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ အပြစ်တင်စကားတွေ၊ ဝေဖန်၊ လှောင်ပြောင်စကားတွေကိုတော့ သူတို့တွေဟာ တခြားသူတွေထက် ပိုမိုခံစားမိစေတတ်လို့ ရှောင်ကြဥ◌်ပေးဖို့ လိုပါမယ်။
၂။ အတူရှိချိန်ပေးခြင်း (Quality Time)
ဒီဘာသာစကားမှာ "အချိန်" ဆိုတာထက် "စိတ်ချင်းနီးစပ်မှု" က ပိုအရေးကြီးပါတယ်။ တစ်နေရာထဲမှာ အတူရှိရင် ပြီးရော၊ ဖုန်းပဲကြည့်နေတာမျိုးမဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် အာရုံစိုက်ပေးပြီး စကားပြောတာ၊ အတူတူ လမ်းလျှောက်တာမျိုးကို ဆိုလိုတာပါ။ အတူတူရှိနေချိန်တွေမှာ အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် ဖုန်းကို ဘေးမှာချထားပေးပြီး သူ့ပြောစကားတွေကို ကြားမဖြတ်ဘဲ စိတ်ဝင်တစား နားထောင်ပေးတာမျိုး လုပ်ပေးသင့်တာ ဖြစ်ပါတယ်။ နောက်ပြီး အတူတူ ချက်ပြုတ်စားတာ၊ ရုပ်ရှင်ကြည့်တာ၊ ဝါသနာပါရာ တစ်ခုခုလုပ်ဆောင်ကြတာတွေကလည်း အချိန်ကို အဓိပ္ပာယ်ရှိရှိ အတူကုန်ဆုံးကြတဲ့ ချစ်နည်းတစ်မျိုးပါပဲ။ ဒါကြောင့် အတူရှိချိန်တွေမှာ တခြားအရာတွေ အာရုံရောက်နေတာ၊ ချိန်းထားတာတွေ ဖျက်တာတွေကိုတော့ အတတ်နိုင်ဆုံးရှောင်ကြဥ◌်ပေးရမှာပါ။

၃။ လက်ဆောင်ပေးခြင်း (Receiving Gifts)
ဒီ Language မှာကတော့ ပစ္စည်းမက်တာမျိုး မဟုတ်ဘဲ လက်ဆောင်တစ်ခုရဲ့ နောက်ကွယ်က ကိုယ့်ကို သတိတရနဲ့ စဉ်းစားပေးမှုကို ချစ်ခြင်းမေတ္တာအဖြစ် လက်ခံယူတာ ဖြစ်ပါတယ်။ ဒါက ဘယ်လိုသေးငယ်တဲ့ လက်ဆောင်လေးဖြစ်ပါစေ၊ သူတို့အတွက်တော့ တန်ဖိုးထားစရာ အမှတ်တရဖြစ်နေတာပါ။ ဒီလိုအဓိပ္ပာယ်ရှိတဲ့ လက်ဆောင်အတွက်ကလည်း စျေးကြီးဖို့ မလိုပါဘဲ သူကြိုက်တတ်တဲ့ မုန့်လေးဝယ်လာတာ၊ သူလိုချင်နေတဲ့ ပစ္စည်းလေးကို မှတ်ထားပြီး ဝယ်ပေးတာမျိုးက ကိုယ့်ကို အမြဲသတိရနေတာပဲ လို့ ခံစားရစေပါတယ်။ ဒါကြောင့် မွေးနေ့တို့ နှစ်ပတ်လည်နေ့တို့မှာ စေတနာအပြည့်နဲ့ ကိုယ်တိုင်လုပ် ပစ္စည်းလေးတွေ၊ အမှတ်တရလက်ဆောင်လေးတွေက တန်ဖိုးဖြတ်မရတဲ့ အချစ်သက်သေဖြစ်စေမှာမို့ မမေ့မလျော့ ပေးစေလိုတာပါ။
၄။ ကူညီဖြည့်ဆည်းပေးခြင်း (Acts of Service)
စကားထက် အလုပ်နဲ့ သက်သေပြရတာ ကြိုက်တဲ့ Language တစ်ခုပါ။ ကိုယ့်အတွက် တစ်ခုခုလုပ်ပေးတာကို မြင်ရမှ၊ သူလုပ်ရမယ့် အလုပ်တစ်ခုကို ကူညီပေးတာကမှ အချစ်ခံရတယ်လို့ ခံစားရတာမျိုး ဖြစ်ပါတယ်။ သူအရမ်းပင်ပန်းနေချိန်မှာ အိမ်မှုကိစ္စ ကူလုပ်ပေးတာ၊ "ဘာကူပေးရမလဲ" လို့ မေးနေမယ့်အစား လိုအပ်နေတာကို ကြိုမြင်ပြီး "ကိုယ် ဒါလေး လုပ်ပေးထားတယ်" ဆိုတာမျိုးက သူတို့ကို အရမ်းပျော်ရွှင်စေတာမျိုးပါ။ ဒါကြောင့် အသေးအမွှားကိစ္စလေးတွေ ဖြစ်တဲ့ စျေးဝယ်ကူတာ၊ ကလေးထိန်းပေးတာ၊ ကားမောင်းပေးတာ စသဖြင့် အပြုအမူလေးတွေက သူတို့အတွက် အချစ်စစ် သဘောပါပဲ။ တစ်ခုရှိတာကတော့ သူ့ကို ကတိပေးပြီး မလုပ်ပေးတာ၊ ပျင်းရိနေတာမျိုးတွေကို ရှောင်ကြဥ◌်ပေးဖို့ လိုပါတယ်။

၅။ ထိတွေ့မှု (Physical Touch)
စကားလုံးတွေထက် နွေးထွေးတဲ့ ထိတွေ့မှုဖြစ်တဲ့ လက်ကိုင်တာ၊ ဖက်ထားတာ၊ ပခုံးလေးပုတ်ပေးတာမျိုးက သူတို့ကို လုံခြုံမှု၊ နီးစပ်မှုနဲ့ ချစ်ခြင်းမေတ္တာကို ခံစားရစေပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တဲ့အခါဖြစ်ဖြစ် အနားမှာ ကပ်ထိုင်ပေးတာ၊ အလုပ်မသွားခင်နဲ့ အလုပ်ကပြန်လာချိန်မှာ နွေးနွေးထွေးထွေး ဖက်ထားပေးခြင်းက သူတို့ရဲ့ တစ်နေ့တာ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဒါတွေဟာ သူတို့အတွက် လေးနက်တဲ့ အချစ်ဘာသာစကားလေး ဖြစ်တာပါ။ ဒီလိုသူမျိုးတွေအတွက် အကြာကြီး ခွဲခွာနေတာ၊ ထိတွေ့တာကို ငြင်းဆန်တာ စတဲ့ အေးစက်တဲ့ ဆက်ဆံရေးတွေက မကောင်းစေနိုင်တာမလို့ သေချာပေါက်ရှောင်သင့်တဲ့ အချက်တွေပါပဲ။
လူတွေအားလုံးဟာ အချစ်ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ဖော်ပြကြပါတယ်။ တကယ်တော့ ကိုယ်က တစ်မျိုး ပေးနေပေမဲ့ သူက တစ်မျိုး လိုချင်နေတာမျိုးလည်း ဖြစ်နိုင်တာပါ။ ဒါကြောင့် အချစ်ရေးမှာ နားလည်မှုလွဲတာတွေ မဖြစ်စေဖို့ အချင်းချင်းရဲ့ Love Language ကို သိအောင်လုပ်ပြီး လိုချင်တဲ့ ဘာသာစကားနဲ့ ညှိနှိုင်းတုံ့ပြန်ပေးတာကသာ သာယာတဲ့ အချစ်ရေးကို တည်ဆောက်နိုင်မဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။