ကိုယ်တိုင်အစားစားတတ်အောင် သင်ပေးတော့မယ်ဆိုရင်

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်အာဟာရ


ကလေးတွေကို ငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုးတတ်စေဖို့ သင်ကြားပေးရင်းနဲ့ သူတို့လေးတွေ ကိုယ်တိုင်အစားစားတတ်သွားတာကလည်း အောင်မြင်မှုတစ်ခုရယ်လို့ ဆိုရမှာပါ။ ဒါဟာ အစားစားခြင်းနဲ့ ပတ်သတ်တဲ့ ကောင်းမွန်တဲ့ဆက်နွယ်မှု၊ ကျန်းကျန်းမာမာ စားသောက်တတ်မှုအပြင် လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပေးခြင်း အစလည်း ဖြစ်ပါတယ်။ ဇွန်းနဲ့ ခွံ့ကျွေးတာမျိုး မဟုတ်ဘဲ ဒီလို ကလေးကိုယ်တိုင် အစားစားတတ်စေခြင်း (Baby-Led Weaning - BLW) နည်းလမ်းနဲ့ဆို သူတို့တွေရဲ့ လက်ကလေးတွေနဲ့ အစားအစာတွေရဲ့ ပုံစံနဲ့ အရောင်တွေကို စူးစမ်းလေ့လာနိုင်မှာပါ။ ဒါကြောင့် ဖေဖေမေမေတို့ အနေနဲ့ ကိုယ့်ရဲ့ဘေဘီလေးတွေကို ကိုယ်တိုင်အစားစားတတ်အောင် သင်ပေးတော့မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်နဲ့ သိထားတဲ့အကြောင်းအရာလေးတွေကို ဒီဆောင်းပါးကနေ တစ်ဆင့် မျှဝေပေးလိုက်ပါတယ်။ 

မိဘတွေ တော်တော်များများမေးလေ့ရှိကြတဲ့ ဘယ်အရွယ်မှာ စသင်ပေးသင့်လဲဆိုရင်တော့ ကလေး ကိုယ့်ဘာသာထိုင်နိုင်ပြီး အစားအသောက်တွေအပေါ် စိတ်ဝင်စားမှုပြလာတဲ့ အရွယ် ၆လ ဝန်းကျင်မှာ စတင်လေ့ကျင့်ပေးနိုင်တာပါ။ 

ဘယ်လို အစားအစာတွေ ကျွေးသင့်လဲဆို အစာ ပျော့ပျော့အိအိနဲ့ လက်ချောင်းအရွယ်အစားရှိတဲ့ အစားအစာတွေကို အာရုံစိုက်ကျွေးသင့်ပါတယ်။ အသေးစိတ်ကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ဘယ်အချိန်မှာ ကလေးကိုယ်တိုင် စားတတ်နေပြီလဲ

ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ကလေးက ကိုယ်တိုင်အစားစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီလားဆိုတာ သိဖို့လိုပါတယ်။ အချိန်မတိုင်ခင် အတင်းအကျပ်သင်ပေးမိမယ်ဆို ကလေးအတွက် အန္တရာယ်ရှိနိုင်တာပါ။ ဒီအတွက်

  • အစာကို ကောင်းကောင်းမျိုချတတ်အောင်နဲ့ အစာမနင်နေအောင်အတွက် အစား စစားတဲ့အခါ အရင်ဆုံး အကူအညီမပါဘဲ ထိုင်နိုင်ဖို့ လိုပါတယ်။
  • ငယ်ရွယ်သေးတဲ့အချိန်မှာ စားလိုက်တဲ့ အစာတွေကို လျှာနဲ့အလိုအလျောက်တွန်းထုတ်တတ်တဲ့ အမူအရာလေး ရှိနေနိုင်သေးလို့ ဒီအမူအကျင့်ပျောက်သွားမှ အစာမျိုချနိုင်မှာပါ။
  • ပတ်ဝန်းကျင်က ဖေဖေ၊မေမေတို့ တစ်ခုခုစားတဲ့အခါ သူလည်း အရှေ့သို့ ယိုင်လာပြီး ပါးစပ်လေးဟပြလာတယ်ဆို အစားစားဖို့ စိတ်ဝင်စားမှုပြလာပါပြီ။
  • တွေ့ရာပစ္စည်းတွေကို လက်နဲ့ကိုင်ပြီး ပါးစပ်ထဲ ကောက်ထည့်လာနိုင်တာကလည်း သူတို့လေးတွေကိုယ်တိုင် အစားကို လက်နဲ့ကိုင်စားနိုင်တဲ့ လှုပ်ရှားနိုင်မှုစွမ်းရည်ကို ပြသနေတာလည်း ဖြစ်ပါတယ်။

စတင်လေ့ကျင့်ပေးဖို့ ဘာတွေ လိုအပ်မလဲ

ဒီအပေါ်က အချက်တွေ သေချာပြီဆိုမှ အစားအစာတွေကို တစ်နေ့ကို တစ်နပ်ပဲ စကျွေးကြည့်ပြီး ကလေး ကျင့်သားရလာတာနဲ့အမျှ တဖြည်းဖြည်း တိုးမြှင့်သွားနိုင်ပါတယ်။

  • ကိုယ်နေဟန်ထားမှန်ကန်စေတဲ့ ကလေးထိုင်ခုံမြင့်မြင့်မှာ အစားစားစေပါ။
  • သူတို့ရဲ့ သွားနဲ့ သွားဖုံးလေးတွေ ဝါးနိုင်စေဖို့ နူးညံ့တဲ့အစာ၊ လက်နဲ့ ကိုင်တွယ်နိုင်ဖို့ သင့်တော်တဲ့ အရွယ်အစားကို ဖန်တီးပေးပါ။
  • ကလေးရှေ့မှာလည်း အတူတူစားပြပြီး မိသားစုလိုက်တူတူစားစေမယ်ဆို အစားစားအချိန်နဲ့ နည်းလမ်းလည်း မှန်လာစေမှာပါ။
  • အစားစကျွေးတဲ့အခါ အစားအစာတမျိုးတည်းသာ စတင်ကျွေးသင့်ပြီး ဓာတ်မတည့်မှုရှိမရှိပါ လေ့လာစောင့်ကြည့်သင့်ပါတယ်။

ဘယ်လိုအစားအစာလေးတွေ စကျွေးသင့်လဲ

ပထမဆုံး စားမဲ့အစားအစာတွေအတွက်ဆို အာဟာရဖြစ်ပြီး ကိုင်တွယ်၊ ဝါးစားရ နူးနူးညံ့ညံ့ရှိကာ သူ့အသက်အရွယ်လေးနဲ့ လိုက်ဖက်တဲ့အစားအစာတွေ ဖြစ်သင့်ပါတယ်။

အသီးအနှံတွေ - ငှက်ပျောသီးမှည့်၊ သစ်တော်သီးမှည့်၊  သင်္ဘောသီးမှည့်၊ ပန်းသီး သေးသေးလေးတွေ စိတ်ထားတာတွေနဲ့ ထောပတ်သီးလေးတွေကို အရွယ်တော် အချပ်လေးတွေ လှီးကာ စားစေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်တွေ - မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ ရွှေဖရုံသီး တို့ကို ပျော့အိနေအောင် ချက်ပြုတ်ပါ။ ဒါမှမဟုတ် လူကြီး လက်ချောင်းတစ်ချောင်းအရွယ်ခန့် ထူတဲ့ အတုံးလေးတွေ တုံးပြီး ကျွေးနိုင်ပါတယ်။

အသားဓာတ်တွေ - နူးညံ့တဲ့ ကြက်ဥအနှစ်နဲ့ ကြက်သားအမျှင်လေးတွေ၊ အရိုးမပါတဲ့ ငါးအသားတွေနဲ့ သေချာချက်ပြုတ်ထားတဲ့ ပဲအမျိုးမျိုး (ပဲပြုတ်) တို့ကို ထည့်သွင်းကျွေးနိုင်ပါတယ်။ 

ကစီဓာတ်တွေ - ခပ်ပျော့ပျော့ချက်ထားတဲ့ ထမင်းကို အလုံးလေးတွေ လုံးပြီး ကျွေးလို့ရသလို ပါးလျနူးညံ့တဲ့ ပေါင်မုန့်၊ ဆန်မုန့်ချပ်နဲ့ ခေါက်ဆွဲမျှင်လေးတွေကိုလည်း စားစေနိုင်ပါတယ်။

ချက်ပြုတ်တဲ့အခါမှာလည်း အစားအစာတွေကို ကိုယ့်လက်နဲ့ အလွယ်တကူ ချေမွလို့ရတဲ့အထိ ပျော့အိနေအောင် ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ အသက် ၁နှစ်မတိုင်ခင်ကတော့ သကြား၊ ဆားနဲ့ ပျားရည်တို့ ထည့်မချက်ဘဲ သဘာဝအရသာတွေကိုပဲ စားစေတာ အကောင်းဆုံးဖြစ်မှာပါ။

ကလေးငယ်တွေကို ကိုယ်တိုင်အစားစားတတ်စေဖို့ဆို အပေါ်ကအချက်လေးတွေအပြင် အစာမနင်စေဖို့ အစာစားချိန်တိုင်း ဘေးကနေ ကြီးကြပ်နေဖို့ အရေးကြီးဆုံးပါ။ စားရခက်ခဲနိုင်တဲ့၊ မျိုချရအခက်တွေ့စေနိုင်တဲ့၊ မာကျောတဲ့ အစားအစာတွေ မပေးဖို့လိုပြီး စိတ်ချလုံခြုံရအောင် ကလေးအတွက်အရေးပေါ် ရှေးဦးသူနာပြုစုနည်းများ လေ့လာထားနိုင်ပါတယ်။ အရေးကြီးတာက ပြီးပြည့်စုံနေဖို့ မဟုတ်ဘဲ သူတို့လေးတွေ အစားအစာကို စူးစမ်းလေ့လာနိုင်ပြီး စတင် ကိုယ့်အားကိုယ်ကိုးနိုင်စေဖို့အတွက်သာ အာရုံစိုက်စေလိုကြောင်း တိုက်တွန်းရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်နော်။


Share

Comments

Related Posts