
အားလပ်ရက်တွေ ပြီးဆုံးပြီး ကျောင်းတွေ ပြန်ဖွင့်တော့မှာဆိုတော့ ကလေးတို့အဖို့ အတန်းသစ်တွေ စတက်ဖို့ စိတ်လှုပ်ရှားနေကြပြီလေ။ မိဘတွေအနေနဲ့ကလည်း ကလေးတွေလိုအပ်မယ့် ကျောင်းသုံးပစ္စည်းတွေ ဝယ်ယူစုဆောင်းထားရင်း အဆင်သင့်ပြင်နေရရောပေါ့။ တစ်နှစ် တစ်တန်းတက်တိုင်း အသစ်အသစ်မှ ဝယ်သုံးချင်တဲ့ ကလေးတို့ကလည်း ဟိုပူဆာ ဒီပူဆာနဲ့မို့ လိုတာတွေရော၊ မလိုတာတွေရော ဝယ်မိတတ်ကြပါသေးတယ်။ ဒီလိုမဖြစ်ရအောင် ကျောင်းတက်အရွယ် ကလေးတွေအတွက် လိုအပ်မယ့် စာရေးကိရိယာ၊ ကျောင်းဝတ်စုံ၊ ထမင်းဗူး စတာတွေကို တစ်နေရာတည်းမှာ Checklist တစ်ခုအနေနဲ့ ကြည့်ရှုရင်း ဝယ်ယူထားရအောင် ဖေဖေမေမေတို့အတွက် စုစည်းဖော်ပြလိုက်ပါတယ်။

အရေးကြီးဆုံး စာရေးကိရိယာတွေ
အရည်အသွေးကောင်းမွန်တဲ့ ကျောင်းသုံးစာရေးကိရိယာတွေကပဲ စာသင်ရာမှာ အထောက်အကူကောင်းဖြစ်မှာမို့ နှစ်စကတည်းက သေချာဝယ်ယူ စုဆောင်းထားသင့်တာပါ။ ခဲတံ၊ ဘောပင်၊ Correction Pen၊ Highlighters၊ ခဲဖျက်၊ ပေတံနဲ့ တခြားဘာသာရပ်တွေမှာ အသုံးပြုတဲ့ ထောက်ချွန်နဲ့ အတိုင်းအတာပစ္စည်း စတာတွေကိုလည်း မမေ့မလျော့ ဝယ်ယူထားသင့်ပါတယ်။ အတန်းအလိုက် လိုအပ်မယ့် ကျောင်းဖတ်စာအုပ်တွေ၊ ဗလာစာအုပ်၊ မှတ်စုစာအုပ်၊ ပုံဆွဲစာအုပ်တွေလည်း အပါအဝင်ဖြစ်ပြီး ဒါတွေကို ထည့်သယ်သွားမယ့် ကလေးတို့အကြိုက် လွယ်အိတ်လှလှလေးတွေကလည်း မပါမဖြစ်ရယ်ပါ။

ကျောင်းဝတ်စုံ သန့်သန့်လှလှတွေ
ကိုယ်ခန္ဗာအလေးချိန်နဲ့ အရပ်အမြင့်တွေ အမြဲတမ်းပြောင်းလဲလာနေတဲ့ ကလေးတွေဟာ အသက်တစ်နှစ်ကြီးလာတာနဲ့ အရင်နှစ်ကဝတ်ခဲ့တဲ့ ကျောင်းဝတ်စုံတွေ၊ ယူနီဖောင်းတွေကလည်း ကလေးတွေနဲ့ တော်ချင်မှ တော်နိုင်တော့မှာပါ။ ကျောင်းတက်ခါနီးမှ ကျောင်းအကျီတွေ ပြန်ရှာ၊ ပြန်ဝတ်ကြည့်နဲ့ဆို ကျောင်းဖွင့်ချိန်မှာ အဆင်သင့်မဖြစ်နိုင်တာမို့ အခုကတည်းက မတော်တော့တဲ့၊ နွမ်းလျနေတဲ့ ကျောင်းဝတ်စုံတွေကို ပြင်သင့်တာပြင်၊ လျှော်သင့်တာလျှော်၊ ပစ်သင့်တာပစ်ပြီး လိုက်ဖက်သင့်တော်တဲ့ ကျောင်းဝတ်စုံ ၃ ၄စုံကို ဝယ်ယူထားသင့်ပါတယ်။ တစ်ချို့ကျောင်းတွေမှာဆို အတန်းအလိုက် ကျောင်းတံဆိပ်အသစ်၊ အတန်းတံဆိပ်အသစ်တွေ ဝတ်စုံမှာ တပ်ဆင်ရတာမို့ ကလေးတွေ ကျောင်းမတတ်ခင် အဆင်သင့်ဖြစ်နေအောင် မေမေတို့ ကြိုတင်ပြင်ဆင်ထားပေးဖို့ လိုပါတယ်။

ခိုင်ခိုင်ခံ့ခံ့ ဖိနပ်တစ်ရံ
ကျောင်းပြန်တက်ကြတဲ့အခါ ကလေးတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူရင်း အရေးကြီးဆုံး ဖိနပ်ကိုတော့ ချန်ခဲ့လို့မဖြစ်ပါဘူး။ ဘာကြောင့်ဆို ကျောင်းတွေပြန်ဖွင့်ကြချိန်ဟာ မိုးရာသီဖြစ်ပြီး ပြေးလွှားဆော့ကစားတတ်ကြတဲ့ ကလေးတွေအတွက် ဖိနပ်ကောင်းကောင်းတစ်ရံကတော့ မိုးတွင်းအတွက် ရှိထားတာပါ။ ဒါကြောင့် အရည်အသွေးကောင်းပြီး သက်တောင့်သက်သာရှိကာ ကလေးခြေထောက်ဆိုဒ်နဲ့ သင့်တော်တဲ့ ဖိနပ်တွေကို ကျောင်းမဖွင့်ခင် ရွေးချယ်ဝယ်ယူပေးသင့်ပါတယ်။ ထီးနဲ့ မိုးကာတွေလည်း မရှိမဖြစ် လိုအပ်သေးတာမို့ တခါတည်း ဝယ်ယူထားဖို့ လိုတယ်နော်။

ကျန်းမာရေးနဲ့ သန့်ရှင်းရေး
ကလေးတွေအတွက် သန့်ရှင်းကျန်းမာရေးက အရေးကြီးဆုံးမို့လို့ ကျောင်းပြန်တက်ကြတဲ့အခါ လိုအပ်မယ့် လက်ဆေးဆပ်ပြာရည် (Hand Sanitizer)တို့ကို ဝယ်ယူပေးပြီး အသုံးမပြုတတ်သေးရင် သင်ကြားပေးဖို့နဲ့ လက်သေချာဆေးဖို့ရာ ဂရုပြုပေးဖို့ အရေးကြီးပါတယ်။ သန့်ရှင်းဖို့လွယ်ကူပြီး အသုံးဝင်တဲ့ ရေသန့်ဗူး၊ ထမင်းဗူးတို့ကိုလည်း အားအင်ပြည့်စေဖို့ အာဟာရညီညွှတ်စွာ ပြင်ဆင်ပေးပြီး ကျန်းမာရေးနဲ့ မသင့်တော်တဲ့ သွားရည်စာမုန့်တွေ၊ အအေးတွေ မစားသောက်ဖို့ကိုလည်း မှာထားသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ ကျောင်းပြန်တက်ကြတော့မယ့် သားသားမီးမီးတွေနဲ့ ပြင်ဆင်ပေးကြမယ့် ဖေဖေမေမေတို့အတွက် စာသင်နှစ်တစ်ခုလုံးစာ အထောက်အကူကောင်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီးသွားသူတို့ကလည်း ကလေးတွေ ကျောင်းဖွင့်ချိန်အတွက် ကြိုတင်ပြင်ဆင်နေတဲ့ တခြားမိဘတွေ သိရအောင် မျှဝေပေးလိုက်ဦးနော်။
sakuya