
နေ့နဲ့ည အပူချိန် အပြောင်းအလဲများတဲ့ ဆောင်းကာလမှာ ခြောက်သွေ့သွေ့လေအေးတွေနဲ့အတူ နုနယ်တဲ့ ကလေးငယ်တွေမှာလည်း ရာသီအကူးအပြောင်းကြောင့် ပုံမှန်ထက် ကျန်းမာရေးပြဿနာလေးတွေ ပိုဖြစ်စေနိုင်ပါတယ်။ အအေးဓာတ် အရမ်းမလွန်ကဲပေမဲ့လည်း အပြင်က လေအေးနဲ့ ထိတွေ့ပြီး အိမ်ထဲပြန်ရောက်လာတဲ့ အပူချိန်အပြောင်းအလဲကြောင့် ကိုယ်ခံအားစနစ် ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေမှာ အအေးမိတာ၊ ဖျားတာတို့က ခဏခဏဖြစ်စေနိုင်တာပါ။ ဒီလိုဖြစ်လာရင် ဖေဖေ မေမေတို့အနေနဲ့ အရမ်းစိုးရိမ်စရာမလိုဘဲ ကလေးငယ်တို့ ဆောင်းအအေးဒဏ်ကို ခံနိုင်ရည်ရှိအောင် ဘက်ပေါင်းစုံကနေ တတ်နိုင်သလောက် ကာကွယ်ထားနိုင်ဖို့ ဒီဆောင်းပါးလေးက အထောက်အကူပြုမှာပါ။

ကြိုတင်ကာကွယ်ထားနိုင်ဖို့
ရာသီအပြောင်းအလဲတွေ အထူးသဖြင့် မိုးအကုန် ဆောင်းအကူးတွေမှာ ပြင်ပပိုးမွှားတွေကနေ အကောင်းဆုံး ကာကွယ်ထားနိုင်ဖို့ဆို ကိုယ်ခံအားမြင့်တင်ပေးထားနိုင်ဖို့ လိုအပ်ပါတယ်။
ပုံမှန်အိပ်ချိန်အတိုင်း အိပ်စေပါ - ကလေးတွေမှာ အိပ်ချိန်ပြည့်ပြည့်ဝဝရှိခြင်းက အားအင်ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းက သူ့ခန္ဓာကိုယ်လေးမှာ မရှိမဖြစ် Proteinဓာတ်တွေကို ထုတ်လုပ်ပေးကာ ရောင်ရမ်းတာတွေကို ကာကွယ်ပေးပါတယ်။
အာဟာရပြည့်ဝအောင် ကျွေးပါ - ကိုယ်ခံအားကောင်းနေဖို့ဆို အစားအသောက်တွေကလည်း အရေးပါတာမလို့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် ထောပတ်သီးနဲ့ အုန်းဆီတို့က ကောင်းမွန်တဲ့အဆီဓာတ်တွေ၊ မုန်လာဥနီနဲ့ ကန်စွန်းဥတွေရဲ့ Vitamin A နဲ့အတူ ပန်းဂေါ်ဖီစိမ်းနဲ့ ငရုတ်ပွတို့က ရတဲ့ Vitamin C ဓာတ်တွေကို မျှမျှတတရရှိအောင် ဖန်တီးကျွေးသင့်တာပါ။
လက်ခဏခဏဆေးဖို့ သင်ပေးပါ - တစ်ကိုယ်ရည် သန့်ရှင်းမှုရဲ့ အခြေခံဖြစ်တဲ့ လက်ပုံမှန်ဆေးပေးတာကလည်း ပိုးမွှားတွေ မကူးစက်အောင် ကာကွယ်နည်းတစ်မျိုးဖြစ်တာမို့ ကလေးတွေ အိမ်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် တစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ဆေးတဲ့အကျင့်လေး ရနေအောင် လေ့ကျင့်ပေးသင့်ပါတယ်။

ကုသပျောက်ကင်းနိုင်ဖို့
ကလေးငယ်တွေ ဖျားတဲ့အခါ ရုတ်တရက်အကောင်းကြီးကနေ အပူချိန်တွေတတ်နိုင်လာခြေ များကြတာမို့ တကယ်တမ်း ဖျားနာကြပြီဆို ဖေဖေမေမေတို့အနေနဲ့ မှန်ကန်တဲ့ ပြုစုစောင့်ရှောက်နည်းတွေနဲ့အတူ အမြန်ဆုံး ပျောက်ကင်းသက်သာဖို့က အဓိကမို့ အောက်က အချက်လေးတွေ လိုက်လုပ်ကြည့်ပေးပါ။
- ဒီလိုရာသီမှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးဆုံးဖြစ်တာမို့ မကြာခဏ ရေတိုက်ပေးတာ၊ နို့စို့အရွယ် ကလေးတွေအတွက်ဆို နို့ သို့ ဖြည့်စွက်စာကို လုံလုံလောက်လောက် တိုက်ကျွေးပေးသင့်ပါတယ်။ ရေနွေး၊ ဟင်းရည်ကြည်နဲ့ ဆန်ပြုတ်တွေ ကျွေးပေးတာကလည်း ရေဓာတ်ဖြည့်တင်းပေးဖို့ အကောင်းဆုံးဖြစ်ပြီး အအေးမိတာတွေ သက်သာအောင် ကူညီပေးပါသေးတယ်။
- ကလေးက အဖျားရှိနေမယ်ဆို အဝတ်ထူထူ၊ အထပ်ထပ်ဝတ်ထားပေးတာက အပူတွေ၊ ချွေးတွေ ပိတ်မိစေပြီး ကိုယ်အပူချိန် ပိုမြင့်တက်လာနိုင်လို့ အေးတဲ့အချိန် ဖြစ်ပေမဲ့လည်း လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်လေးသာ ဝတ်ဆင်ပေးလိုက်ပါ။
- ကိုယ်ပူကျအောင် ရေနွေးစွတ်ထားတဲ့ အဝတ်လေးနဲ့ ကလေးရဲ့ နဖူး၊ ချိုင်းကြားနဲ့ ပေါင်ခြားနေရာတွေကို ညင်ညင်သာသာ သုတ်ပေးတာက အပူရှိန်လျော့ကျသွားအောင် ကူညီပေးမှာပါ။
- အဖျားက ၃၉.၅°C (၁၀၃°F) ထိ ရှိနေပြီး ၂ရက်ထက် ပိုဖျားနေတာ၊ အားအင်ကုန်ခမ်းပြီး နှုံးချိနေတာ၊ ဂနာမငြိမ်ဖြစ်နေတယ်ဆို ကျွမ်းကျင်ရာ ကလေးအထူးကုဆရာဝန်နဲ့ ဆေးကုသမှု ခံယူသင့်ပါတယ်။
ဘေဘီလေးတို့ ရာသီမရွေးကျန်းမာပျော်ရွှင်နေဖို့ဆို ကာကွယ်ခြင်းတွေက ကုသခြင်းတွေထက် အကောင်းဆုံးဖြစ်တာမို့ ကိုယ်ခံအားကောင်းအောင်နဲ့ ရေဓာတ်ပြည့်ဝနေအောင် အမြဲဂရုစိုက်ပေးမယ်ဆို ခုလို ဆောင်းတွင်းရဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို နွေးထွေးကျန်းမာစွာ ဖြတ်ကျော်နိုင်ကြမှာပါ။
Comments