
ခြေသလုံးကြွက်သားဆိုတာ ကိုယ်ခန္ဓာရဲ့ ဒုတိယမြောက်နှလုံး ဆိုတာ ဂရုပြုမိကြပါလား။ ကိုယ်တွင်းက သွေးလည်ပတ်မှုတစ်ခုလုံး အဆင်ပြေချောမွေ့အောင် နှလုံးအပြင် ခြေသလုံးကြွက်သားက ထောက်ပံ့လုပ်ဆောင်ပေးနေတယ်ဆိုတာကတော့ တော်တော်များများ မထင်ထားကြတဲ့ ကျန်းမာရေးအချက်အလက်တစ်ခုပါပဲ။ အားကစားလုပ်ကြတဲ့အခါမှာလည်း ခန္ဓာကိုယ်အောက်ပိုင်းက ခြေထောက်အားတွေ သန်မာအောင် ပေါင်နဲ့ တင်ပါးကြွက်သားတွေကိုပဲ အဓိကလေ့ကျင့်ကြပြီး အရေးကြီးတဲ့ ခြေသလုံးရဲ့ကြွက်သားတွေကိုတော့ နောက်ထားထားမိတတ်ပါတယ်။ ဒီလို လျစ်လျူရှုထားတာက ရေရှည်ကျန်းမာရေးကို ထိခိုက်လာနိုင်ခြေ များတာမလို့ နှလုံးလိုမျိုး အရေးပါတဲ့ ခြေသလုံးကြွက်သားရဲ့ အလုပ်လုပ်ပုံနဲ့ ဘယ်လိုဂရုစိုက်လေ့ကျင့်ပေးသင့်လဲဆိုတာ အဆုံးထိ ဖတ်ကြည့်လိုက်ပါ။

သူ့ရဲ့ အလုပ်လုပ်ပုံ
အသက်ရှင်နေထိုင်ဖို့အတွက် ဇီဝကမ္မဖြစ်စဥ်ကို လေ့လာကြည့်မယ်ဆိုရင် အောက်ဆီဂျင်ပါဝင်တဲ့ သွေးတွေ ခန္ဓာကိုယ်အနှံ့ ထုတ်လွှတ်လည်ပတ်ပေးဖို့ နှလုံးက အဓိကထားလုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အောက်ပိုင်းက သွေးတွေက ကမ္ဘာဆွဲငင်အားကို တွန်းလှန်ပြီး နှလုံးနဲ့ အဆုတ်ဆီ ရောက်ဖို့ဆိုတာ ခြေထောက်အောက်ပိုင်းမှာ ရှိတဲ့ Venous Muscle Pump လို့ခေါ်တဲ့ စုပ်စက်လိုမျိုး ကြွက်သားရဲ့ သွေးလည်ပတ်မှုကနေ လုပ်ဆောင်ပေးမှ ဖြစ်တာပါ။ ဒီတော့ ခြေသလုံးမှာရှိတဲ့ အဓိက ကြွက်သားနှစ်ခုဖြစ်တဲ့ Gastrocnemius (အပေါ်ကြွက်သား)နဲ့ Soleus (အောက်ကြွက်သား) တို့က Pump လိုမျိုး အလုပ်လုပ်ပေးပြီး သွေးလည်ပတ်မှုကို အထောက်အကူပြုနေတာ ဖြစ်ပါတယ်။ ဒီခြေသလုံးကြွက်သားရဲ့ လုပ်ငန်းဆောင်တာတွေက
- လမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အခါတွေမှာ ခြေထောက်တွေ ကွေးနိုင်၊ ဆန့်နိုင် လှုပ်ရှားနိုင်အောင် ကြွက်သားတွေကို ကျုံ့ပေးထားတယ်၊
- ဒီကျုံ့အားက ခြေသလုံးအတွင်းက သွေးပြန်ကြောတွေကို ဖိအားပေးပြီး၊
- အဲဒီ့ဖိအားက အောက်ဆီဂျင်မပါတဲ့ သွေးတွေကို အပေါ်ကို တွန်းပို့ကာ နှလုံးဆီကို ပြန်ပို့ပေးပါတယ်။
- ဒီလို လုပ်ဆောင်မှုတွေမရှိဘူးဆို သွေးတွေက ခြေဖဝါးနဲ့ ခြေကျင်းဝတ်တွေမှာ စုပုံနေပြီး ရောင်ရမ်းတာ၊ မောပန်းနွမ်းနယ်တာနဲ့ အဆုတ်ထဲသွေးခဲခြင်း (DVT) လိုမျိုး ပြင်းထန်အခြေအနေအထိ ဖြစ်နိုင်တာပါ။

ဂရုပြုပေးသင့်ပုံ
ခြေသလုံးကြွက်သားဟာ ခြေထောက်အစိတ်အပိုင်းတွေ အားလုံးနီးပါးကို သန်မာအောင်၊ နေ့ဒဓူဝ သွားလာလှုပ်ရှားနိုင်ဖို့ အားအင်ဖြစ်အောင်နဲ့ ဒဏ်ရာအနာတရတွေက အမြန်သက်သာအောင် လုပ်ဆောင်ပေးပါသေးတယ်။ ဒီလိုအကျိုးကျေးဇူးတွေ အများကြီးပေးတဲ့ ခြေသလုံးကြွက်သားတွေ အားနည်းပြီဆို သွေးလည်ပတ်မှုတွေပါ အားနည်းစေနိုင်တာဖြစ်လို့ နေ့စဥ်ဘဝအတွက် အရေးပါတဲ့ ကြွက်သားတွေကို ဒီလိုလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ ဂရုပြုပေးနိုင်ပါတယ်။
- လွယ်ကူရိုးရှင်းတဲ့ ခြေဖျားထောက် လေ့ကျင့်ခန်းကတေ့ မတ်တပ်ရပ်ပြီး ခြေဖနောင့်ကို ခြေဖျားပေါ်သို့ ဖြည်းဖြည်းချင်း တင်ပါ၊ ပြန်ချပါ။ ပိုဆန့်ထုတ်နိုင်ဖို့အတွက် လှေကား သို့ အဆင့်တစ်ခုပေါ်မှာ ပြုလုပ်နိုင်ပါတယ်။
- ပုံမှန်ဖြေးဖြေးမှန်မှန် လမ်းလျှောက်တာ၊ ပြေးတာအပြင် ကုန်းတက်တစ်ခုပေါ် လမ်းလျှောက်တာမျိုးက ကြွက်သားကျန်းမာရေးအတွက် ကောင်းမွန်တာပါ။
- ကြိုးခုန်တာကလည်း ခြေသလုံးကြွက်သားတွေအတွက် ထိရောက်တဲ့ လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းတွေထဲက တစ်ခုပါပဲ။
- အားကစားလုပ်ပြီးတိုင်း၊ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာလည်း အကြောဆန့်ပေးသင့်တာမလို့ ခြေသလုံးကြွက်သားတွေ တောင့်တင်းမနေဘဲ ပျော့ပျော့ပျောင်းပျောင်းနဲ့ ကျန်းမာနေဖို့ အထောက်အကူကောင်း ဖြစ်မှာပါ။
အခုလို ကိုယ်ခန္ဓာကျန်းမာရေးအတွက် နှလုံးလိုမျိုး သွေးလည်ပတ်မှုလုပ်ဆောင်ပေးနေတဲ့ ခြေသလုံးကြွက်သားတွေရဲ့ အရေးပါပုံတွေကို တော်တော်များများ သိရှိသွားလောက်မယ်ထင်တယ်နော်။ ဒါကြောင့် အရင်ကထက် ခြေထောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ သန်စွမ်းကျန်းမာမှုကို အလေးပေးရင်း ရေရှည်ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုမှန်မှန် လုပ်နိုင်ကြစေဖို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ်။
Comments