ကူးစက်တတ်တဲ့ အသည်းရောင်အသားဝါ Aပိုးကနေ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ

Posted in ကျန်းမာရေး


မုန့်ပဲသရေစာနဲ့ လမ်းဘေးအစားအစာတွေ ပေါပေါများများ ရောင်းချစားသောက်တတ်ကြတဲ့ မြန်မာနိုင်ငံမှာ အဓိက သန့်ရှင်းသပ်ရပ်မှုအားနည်းတာအပါအဝင် အသည်းရောင် အသားဝါပိုးတွေ ကူးစက်ဖြစ်ပွားနိုင်တဲ့ အကြောင်းအချင်းအရာတွေ များစွာရှိလို့နေပါတယ်။ အခုလတ်တလောမှာလည်း Hepatitis A virus (HAV) ကနေ ဖြစ်ပွားနေတဲ့ အသည်းရောင်အသားဝါ Aပိုးဟာ လူကြီး လူငယ်မရွေး အသည်းကို ထိခိုက်စေတာကြောင့် မပေါ့ဆသင့်တဲ့ ကူးစက်ရောဂါဖြစ်လာနေပါပြီ။ ဒီလိုအခြေအနေမှာ ရောဂါဖြစ်ပွားနိုင်တဲ့အကြောင်းနဲ့ ကာကွယ်နည်းတွေကို ကြိုတင်သိထားနိုင်ဖို့ အရေးကြီးဆုံးဖြစ်လို့ ကိုယ်နဲ့ ကိုယ့်မိသားစုကျန်းမာရေးအတွက် ဂရုပြုနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။ 

ဘယ်လိုကူးစက်နိုင်လဲ

အသည်းရောင်အသားဝါပိုးဆိုတာဟာ မသန့်ရှင်းတဲ့အစားအစာတွေ စားမိခြင်း၊ မသန့်ရှင်းတဲ့ပစ္စည်းတွေ သုံးမိခြင်း၊ ရောဂါပိုးရှိသူရဲ့ သွေး၊ လိင် ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တွေဖြစ်ကာ အသည်းကို ထိခိုက်စေတာမျိုးပါ။ ပိုးအမျိုးအစားတွေဖြစ်တဲ့ A, B, C, D, E တွေထဲကမှ လတ်တလောဖြစ်ပွားနေတဲ့ Aဟာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာ စားမိရင်း အသည်းရောင်လာစေနိုင်တဲ့ အသည်းရောင်အသားဝါ ပိုး အမျိုးအစားဖြစ်ပါတယ်။ ဒီပိုးကြောင့် အသက်သေဆုံးနိုင်တယ်ထိ မဟုတ်ပေမယ့် ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ခြေများတာကြောင့် မပေါ့ဆသင့်တာပါ။ ကိုယ်ခံအားနည်းသူတွေ၊ ဆီးချို၊ ကင်ဆာနဲ့ HIV ရောဂါရှိသူတွေက Aပိုး ကူးစက်နိုင်ခြေများပြီး ကိုယ်ဝန်ဆောင်တွေမှာဆို Fulminant Hepatitis E (ပြင်းထန်အသည်းရောင်) ထိဖြစ်စေနိုင်တာမို့ ကိုယ်ဝန်၄လကနေ မွေးဖွားချိန်ထိ အထူးဂရုပြုပေးရမှာပါ။ 

ရောဂါလက္ခဏာတွေက

အသည်းရောင်အသားဝါ Aပိုး ကူးစက်ခံရပြီဆိုရင် တစ်ချို့က ရောဂါလက္ခဏာမပြကြပေမယ့် ‌ရောဂါခံစားရပြီဆို အဖျားရှိခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အသားရည် နဲ့ မျက်သား ဝါလာခြင်း၊ ဆီးအရောင်ရင့်ခြင်းနဲ့ ဝမ်းလျောတာတို့ ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေက ၂ပတ်ကနေ ၆ပတ်အထိ ကြာနိုင်ပြီး အများဆုံး ၂လအထိ ကြာရှည်သွားတတ်လို့ ဖြစ်ပွားပြီဆိုတာနဲ့ ဆေးရုံ၊ ဆေးခန်းတွေ သွားရောက်ပြသသင့်တာပါ။ 

ကာကွယ်နည်းများ

ရောဂါကာကွယ်ဖို့ ကျွမ်းကျင်ရာဆရာဝန်နဲ့ ဆေးစစ်ကုသကာ ကာကွယ်ဆေးထိုးနှံနိုင်တဲ့အပြင် နေ့စဥ်နေထိုင်စားသောက်မှုတွေမှာ သတိဝီရိယနဲ့ နေထိုင်နေဖို့လည်း အရေးကြီးတာပါ။ 

  • အစားအစာ မပြင်ဆင်ခင်၊ အစားမစားခင်နဲ့ အိမ်သာသွားပြီးချိန်မှာ လက်ကို ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးကြောခြင်း
  • သန့်သန့်ရှင်းရှင်းနဲ့ ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ အစားအစာ၊ သန့်စင် စိတ်ချရတဲ့ ရေ ကိုသာ စားသောက်ခြင်း
  • တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိအောင် လုပ်ဆောင်ရင်း အလေးထားကာကွယ်သင့်ပါတယ်နော်။

ရောဂါပျောက်ကင်းဖို့ တိကျတဲ့ကုသနည်းရယ်လို့ မရှိသေးတဲ့အတွက် ကျွမ်းကျင်ဆရာဝန်တွေနဲ့ ပြသကာ ဆေးဝါးမှီဝဲခြင်းအပြင် ကိုယ်ခံအားပြန်ကောင်းအောင် အနားယူတာ၊ အာဟာရပြည့်ဝစွာ စားသောက်တာ၊ ရေ/ အရည်များများသောက်တာ၊ အသည်းကို ထိခိုက်စေတဲ့ ဆေးတွေ ရှောင်ကြဥ်တာတို့ကို လုပ်ဆောင်နိုင်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ‌အကောင်းဆုံးဖြစ်လို့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရတဲ့သူတွေအတွက် ပတ်ဝန်းကျင်မှာ အသည်းရောင်အသားဝါပိုး မကူးစက်အောင် သတိပြုနေထိုင်နိုင်မယ့် နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးကနေ အခုလို မျှဝေလိုက်ရပါတယ်။ 


Share

Comments

Related Posts