
လူတိုင်းရဲ့ ကလေးဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက သိစိတ်မှာရော မသိစိတ်မှာပါ အမြဲတမ်းနေရာယူတတ်ပြီး ပြန်ပြောပြချင်စရာ အခိုက်အတံ့ကောင်းလေးတွေ ရှိကြသလို၊ ထပ်မတွေးမိချင်လောက်အောင် ဆိုးရွားတဲ့အတွေ့အကြုံတွေလည်း ခံစားဖူးကြမှာပါ။ ဒီလို မကောင်းတဲ့အမှတ်တရတွေကို နုနယ်တဲ့အရွယ်မှာ သေချာမကုသခဲ့ရဘူးဆို တွေ့ကြုံခဲ့ရတဲ့ ထိတ်လန့်စရာအဖြစ်အပျက်နဲ့ ခံနိုင်ရည်အားပေါ်မူတည်ပြီး တချို့တွေမှာ အသက်အရွယ်တစ်ခုရောက်တဲ့အထိ လူမှုဘဝမှာ အခက်အခဲတွေ ရှိနိုင်တာပါ။ ဒီလိုမကောင်းတဲ့ အမှတ်တရတွေ ကြုံတွေ့ခဲ့ရတဲ့ အစောပိုင်းကာလတွေဟာ ကိုယ့်အပြစ်ကြောင့် ဖြစ်လာတာမဟုတ်တဲ့အပြင် ဘဝတစ်လျှောက်ကို ထိန်းချုပ်နေမဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်တစ်ခုလည်း မမှတ်ယူသင့်ပါဘူး။ အခုအခြေအနေကနေ ကျော်လွှားနိုင်ပြီး ကျန်နေတဲ့ ဘဝတစ်လျှောက်မှာ စိတ်ရောကိုယ်ပါကျန်းမာနေစေဖို့ လျစ်လျူမရှုသင့်တဲ့ ငယ်ဘဝနဲ့ ပတ်သတ်နေနိုင်တဲ့ အကြောင်းအချင်းအရာတွေကို ဒီဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ရအောင်။

ထိတ်လန့်စရာ ငယ်ဘဝအခိုက်အတံ့တွေဆိုတာ
ရုတ်တရတ် စိတ်လုံခြုံမှုပျောက်ဆုံးသွားတဲ့ အခြေအနေတွေ ဥပမာ - မိဘ သို့ ပတ်ဝန်းကျင်ရဲ့ ပြင်းပြင်းထန်ထန် ငြင်းခုံရန်ဖြစ်သံ၊ မတော်တဆမှု၊ ထိတ်လန့်စရာမြင်ကွင်း၊ အကူအညီကင်းမဲ့တာတွေက မေ့မရနိုင်တဲ့ အမှတ်တရဆိုးတွေအဖြစ် ကျန်ရစ်နိုင်ပါတယ်။ ဒါတွေက အတိတ်မှာမကျန်ခဲ့ဘဲ စိတ်ကို အမြဲဖိစီးနေပြီး လက်ရှိ အခြေအနေသစ်တစ်ခုမှာတောင် ကြောက်စရာအခိုက်အတန့်တွေ ဖြစ်သလို ကိုယ်ခန္ဓာက တုံ့ပြန်နိုင်တာပါ။ အများအားဖြင့် ထိတ်လန့်စရာ အခြေအနေတွေဆိုတာ
- အော်ဟစ်ငြင်းခုံသံတွေ၊ ရုတ်တရတ် ဆူညံသံတွေ သို့ စိတ်ထိခိုက်ခံစားသွားရနိုင်တဲ့ ကြောက်စရာအခြေအနေတွေ၊
- တစ်ခုခုဆို လူကြီးမိဘတွေရဲ့ ကာကွယ်စောင့်ရှောက်မှု မရရှိတာကြောင့် စိတ်သက်တောင့်သက်သာမရှိဘဲ အထီးကျန်ခံစားရတဲ့အခါ၊
- ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် ရုတ်တရက် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာကို မြင်တွေ့ရပြီး ကိုယ်ကိုယ်တိုင်ပါ ကြောက်ရွံ့တုန်လှုပ်လာတာ စသဖြင့် နုနယ်တဲ့ စိတ်ခံစားမှုတွေကို ထိခိုက်နိုင်တဲ့ အခိုက်အတံ့တွေက လျော့မတွက်မထားသင့်တဲ့ စိတ်ထိခိုက်ခံစားရမှုတွေ ဖြစ်နိုင်တာပါ။

သိထားသင့်တဲ့ ဆက်စပ်လက္ခဏာတွေ
ငယ်ရွယ်တဲ့ကာလမှာ ဒီလိုမကောင်းတဲ့ အတွေ့အကြုံတွေရှိထားပြီဆို အရွယ်ရောက်တဲ့အခါမှာလည်း နောက်ဆက်တွဲအနေနဲ့ အဖြစ်များတဲ့ လက္ခဏာတွေကိုလည်း သတိထားမိအောင် ဖော်ပြပေးချင်ပါတယ်။ ဒီလက္ခဏာတွေကို သတိပြုမိမှသာ လိုအပ်တဲ့ ကုသနည်းတွေကို အဖြေရှာနိုင်မှာပါ။
လူမှုဆက်ဆံရေးတွေမှာ ဘယ်သူနဲ့မဆို အချင်းချင်းယုံကြည်စိတ်ချမှု မထားနိုင်တာ၊ လူတွေ ကိုယ့်အနားက ထွက်သွားမှာကို ကြောက်လန့်တာ ဒါမှမဟုတ် ကိုယ်ပိုင်အချိန်နဲ့ တစ်သီးတစ်သန့် နေချင်လိုစိတ်များတာ စသဖြင့် စိတ်မတည်ငြိမ် ဖြစ်တာမျိုးတွေ၊
ဖြေရှင်းရမဲ့ ပြဿနာအသေးစားလေးတွေအပေါ် လိုတာထက်ပိုပြီး ကြောက်လန့်တာ၊ ရှက်ရွံ့တာ၊ စိတ်ရှုပ်ထွေးတာ စသဖြင့် တုံ့ပြန်မှုပြင်းထန်တာက အခြေအနေအသစ်မှာ ကိုယ့်ခန္ဓာကိုယ်က အတိတ်က ခံစားချက်ဟောင်းတစ်ခုကို တုံ့ပြန်နေတာလည်း ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အားမရဘဲ အမြဲဝေဖန်ပြီး သံသယဝင်နေတာ၊ ကိစ္စတိုင်းကို အဆိုးမြင်စိတ်နဲ့ပဲ အရင်တွေးပြီး မိမိကိုယ်ကိုယ် ယုံကြည်ချက်မရှိကာ အောင်မြင်မှုမရနိုင်တာမျိုးတွေ ဖြစ်တတ်တာပါ။
“No” ပြောဖို့ ခက်ခဲပြီး ကိုယ့်အချိန်နဲ့ အားအင်ကို မထိန်းချုပ်နိုင်ဘဲ သူများတွေအတွက်ပဲ အသုံးပြုနေမိတာ ဒါမှမဟုတ်ရင် တခြားသူတွေနဲ့ အဆက်အသွယ်မလုပ်ဘဲ သီးခြားဖြစ်နေတာမျိုး စသဖြင့် အစွန်းနှစ်ဖက်မှာ ရှိနေတတ်ပါတယ်။

အတိတ်ဆိုးတွေကနေ ကျော်လွှားသက်သာနိုင်ဖို့
ငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လုံးဝသက်သာပျောက်ကင်းနိုင်ဖို့ မလွယ်ကူနိုင်ပေမဲ့ လုံခြုံနွေးထွေးမှု ပြန်လည်တည်ဆောက်နိုင်ဖို့ ညင်သာတဲ့နည်းလမ်းတွေနဲ့ စိတ်ကို အတတ်နိုင်ဆုံး ပြန်ကုစားနိုင်ပါသေးတယ်။
အသိအမှတ်ပြုပါ - အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်မိဖို့ အရေးကြီးပါတယ်။ နောက်ပြီး ဒါတွေကိုပဲ တွေးမိနေတဲ့အခါ “ကြောက်တယ်”၊ “စိတ်မလုံခြုံဘူး” ဆိုတဲ့ ခံစားရတဲ့အတိုင်း အသိအမှတ်ပြုပေးဖို့လိုပါတယ်။ ပြီးရင် “ဒီခံစားချက်တွေက မှန်တယ်၊ အခုတော့ ငါ စိတ်လုံခြုံနေပြီ” စသဖြင့် မိမိကိုယ်ကိုယ် သနားကြင်နာပေးတဲ့ အလေ့အကျင့်လေး လုပ်ပေးမယ်ဆို ငယ်ရွယ်တဲ့ကာလက အခြေအနေတွေကို စာနာနားလည်ပေးပြီး ကိုယ့်ကိုကုစားနေခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။
လက်ရှိကာလမှာ စိတ်ငြိမ်းချမ်းမှုရအောင်လုပ်ပါ - ငယ်ကတည်းက ခုအချိန်ထိ စိတ်ကိုဖိစီးနေတဲ့ ခံစားချက်တွေကို ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲ အမြဲပိတ်လှောင်ထားတတ်မိကြပါတယ်။ ဒီကနေ စိတ်သက်သာရာရဖို့အတွက် ကြောက်လန့်စရာအခြေအနေတွေက ကျော်လွှားသွားနိုင်ပြီလို့ မှတ်ယူထားပြီး လက်ရှိကာလကို ဒီလေ့ကျင့်ခန်းနဲ့ စိတ်ကို ပြန်လည်တည်ဆောက်ပါ။ ၅-၄-၃-၂-၁ နည်းလမ်းဖြစ်တဲ့ ကိုယ်မြင်ရတဲ့ အရာ ၅ခု၊ ထိတွေ့ကိုင်တွယ်နိုင်တဲ့ အရာ ၄ခု၊ ကြားရတဲ့ အသံ ၃မျိုး၊ ရှူနေတဲ့ အနံ့ ၂မျိုး နဲ့ ခံစားနေရတဲ့ အရသာ ၁မျိုး ကို ခံစားကြည့်စေနိုင်ပါတယ်။ နောက်ပြီး ဖြည်းဖြည်းချင်းနဲ့ အသက်ရှုသွင်း ရှုထုတ်တာကလည်း အာရုံကြောစနစ်ကို တည်ငြိမ်စေတဲ့နည်းလမ်းတစ်မျိုးရယ်ပါ။
ကိုယ့်ကိုယ်ကိုယ် ချစ်ခင်လေးစားပါ - စိတ်ထိခိုက်ခံစားရတာတွေကနေ ကျော်လွှားပြီး ပြန်လည်အားဖြည့်နိုင်ဖို့ ကန့်သတ်ချက်လေးတွေ ထားသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားချစ်ခင်ခြင်းရဲ့ အစဖြစ်တဲ့ ကိုယ်မတတ်သာတဲ့အခြေအနေတွေမှာ ယဥ်ယဥ်ကျေးကျေး “No” လို့ ပြောဖို့ လေ့ကျင့်သင့်ပါတယ်။ ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားပြီး စိတ်အားအင်ဖြည့်တင်းနိုင်ဖို့အတွက် တာဝန်ယူနိုင်စွမ်းရှိပြီလို့ အတွင်းစိတ်က သတ်မှတ်ထားလို့ရတာပါ။
မှန်ကန်တဲ့ ကူညီထောက်ပံ့မှု ရယူပါ - အပေါ်မှာ ပြောပြသွားတဲ့ စိတ်သက်သာရာရစေမဲ့ နည်းလမ်းတွေကို တစ်ယောက်တည်းလုပ်ဆောင်နိုင်တာ မှန်ပေမဲ့လည်း အထောက်အပံ့ကောင်းပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်း လိုအပ်ပါသေးတယ်။ ဒီအတွက် စိတ်ကုထုံး ကျွမ်းကျင်ရာ ဆရာဝန် သို့ အတိုင်ပင်ခံ တို့နဲ့ ရင်ဖွင့်ဆွေးနွေးပြီး နေရာထိုင်ခင်းနဲ့ ဆေး၊ ကိရိယာအစုံအလင်နဲ့အတူ အကူအညီကောင်းတွေ ရယူသင့်ပါတယ်။
ဒီလို ဂရုပြုသင့်တဲ့ လက္ခဏာတွေ၊ ကျော်လွှားသက်သာနိုင်မဲ့ နည်းလမ်းကောင်းတွေကနေ အကျိုးပြုစရာတစ်ခုခု ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်နော်။ ငယ်ဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အခိုက်အတံ့ဆိုးတွေကနေ ကျော်လွှားကာ ချစ်ရသူတွေနဲ့အတူ ကျန်းမာပျော်ရွှင်တဲ့ အခိုက်အတံ့တွေသာ ဖန်တီးနိုင်ဖို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ။
Comments