နွေရာသီမှာ သတိပြုစရာ ကျန်းမာရေးပြဿနာများ

Posted in ကျန်းမာရေး


ပူပြင်းခြောက်သွေ့တဲ့ နွေ‌ရောက်လာပြီဆိုတာနဲ့ ရာသီပြင်းပြင်းနဲ့အတူ ကပ်ပါလာတတ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း အမျိုးမျိုးရှိလာပါတယ်။ အပူချိန် မြင့်တက်လာတာနဲ့အမျှ ‌နွေရာသီကို ပျော်ပျော်ကြီးဖြတ်သန်းဖို့ ကိုယ့်ကျန်းမာရေးအတွက် သတိထားရမယ့် အချက်လေးတွေကို ကြိုတင်ဂရုစိုက်ဖို့လည်း တကယ်ကို လိုအပ်ပါတယ်။ ဒါကြောင့် နွေမှာအဖြစ်များတဲ့ ရောဂါလေးတွေနဲ့ ဘယ်လိုဂရုစိုက်ကာကွယ်ရမယ် ဆိုတာကို အားလုံးသိရှိအောင် ဖော်ပြပေးလိုက်ပါတယ်နော်။ 

ရေဓာတ်ခန်းခြောက်ခြင်း 

အားလုံးသိပြီးသားပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ နွေအပူချိန်က တကယ်ကို မြင့်မားလာတာကြောင့် ချွေးထွက်လွန်ပြီး ကိုယ်ခန္ဓာကဆုံးရှုူံးသွားတဲ့ ‌ရေဓာတ်ကို အချိန်မီ ပြန်လည်မဖြည့်တင်းနိုင်ပဲ ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။ ရေဓာတ်အကြာကြီး ခန်းခြောက်တဲ့အခါ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းမူးတာနဲ့ အပူလျှပ်တာထိတောင် ဖြစ်နိုင်ပါတယ်။ ဒီလို ရေဓာတ်ခန်းခြောက်တာမျိုး မဖြစ်ရအောင် တစ်နေ့တာလုံး လိုအပ်တဲ့ရေပမာဏကို အချိန်နဲ့တစ်ပြေးညီ လုံလုံလောက်လောက် သောက်သုံးပြီး ရေဓာတ်ကို လုံလောက်စွာ ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ အပြင်ထွက်တိုင်း ရေဘူးယူသွားပါ။ အခုလိုရာသီမှာ ကဖိန်းနဲ့ အယ်ကိုဟောလ် အလွန်အကျွံ သောက်သုံးတာကို ရှောင်ပေးဖို့ လိုပါတယ်နော်။ 

အပူလွန်၍ နွမ်းလျခြင်းနှင့် အပူလျှပ်ခြင်း

ပြင်းထန်လွန်းတဲ့အပူချိန်ကြောင့် အပူနဲ့သက်ဆိုင်တဲ့ ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အပူလွန်ကဲပြီး ပင်ပန်းနွမ်းလျလာခြင်းနဲ့ အပူလျှပ်ခြင်းတို့လိုမျိုးပေါ့။ အတွေ့ရများတဲ့ လက္ခဏာတွေကို ပြောပြရရင် ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန်မြန်လာခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်းတွေဖြစ်တတ်ပါတယ်။ အပူလွန်ပြီး ပင်ပန်းတာထက် အပူလျှပ်ခြင်းက အန္တရာယ်ပိုများပါတယ်။ ဒီလိုအခြေအနေတွေ မဖြစ်အောင် မွန်းတည့်ချိန်လို အပူချိန်အမြင့်ဆုံး အချိန်တွေမှာ မလိုအပ်ပဲ အပြင်ထွက်တာမျိုး မလုပ်ပါနဲ့နော်။ ချောင်ချောင်ချိချိ ဖြစ်တဲ့ အဝတ်မျိုးတွေကို ရွေးချယ် ဝတ်ဆင်သင့်ပြီး နေရိပ်ထဲမှာ အနားယူပေးပါ။ လေဝင်လေထွက်လည်း ကောင်းပါစေနော်။ ဖြစ်နိုင်ရင်တော့ အဲယားကွန်းတို့ ပန်ကာတို့ဖွင့်ထားပြီး အပူချိန်ကိုလျှော့ချနိုင်ပါတယ်။ 

အစားအသောက်မှတစ်ဆင့် ကူးစက်ရောဂါများ

နွေရာသီမှာ ကျန်းမာနေစေဖို့ အစားအသောက်ကလည်း အရေးကြီးလှပါတယ်။ ရာသီဥတုပူနွေးလာတဲ့အခါ ဘက်တီးရီးယား ပြန့်ပွားနှုန်းကို ပိုမိုမြန်ဆန်လာစေတယ်လေ။ ဒီကတဆင့် အစာအဆိပ်သင့်တာ၊ ရေကတစ်ဆင့် ကူးစက်ရောဂါတွေလည်း ဖြစ်လာနိုင်တာပေါ့။ ဒါကြောင့် ကျန်းမာရေးအတွက် အစာမစားခင်နဲ့ စားပြီးအချိန်တွေမှာ လက်ကို လက်ဆေးဆပ်ပြာရည်နဲ့ အသေအချာ သန့်စင်ဆေးကြောသင့်ပါတယ်။ ဒါ့အပြင် ကျက်အောင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားသုံးသင့်ပြီး လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့ အစားအသောက်များကိုပဲ ပြင်ဆင်ချက်ပြုတ်သင့်ပါတယ်နော်။ ကူးစက်ရောဂါတွေ မဖြစ်ရလေအောင် ရေကိုလည်း ရေသန့် ဒါမှမဟုတ် ကျိုချက်ထားတဲ့ရေကိုပဲ သောက်သုံးဖို့ အကြံပေးပါရစေနော်။ 

အရေပြားရောဂါများ

နေရောင်ခြည်နဲ့ အကြာကြီး တိုက်ရိုက်ထိတွေ့ခံရတဲ့အခါ နေလောင်တာ၊ အင်ပြင်ထွက်တာတွေနဲ့ တခြားအရေပြား ပြဿနာတွေ ကြုံတွေ့ရနိုင်တာပေါ့။ ဒါကြောင့် အက်စ်ပီအက်ဖ် ပါဝင်တဲ့ ဆမ်းခရင်တွေ၊ လိုအပ်ရင် နေကာမျက်မှန်ပါ တပ်ပြီး နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေကို ရှောင်ရှားသင့်ပါတယ်။ အပူကြောင့်ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေ မဖြစ်ရအောင် ကိုယ့်အသားအရေကို သန့်သန့်ရှင်းရှင်းနဲ့ ခြောက်သွေ့အောင်ထားဖို့လည်း လိုပါတယ်နော်။

ဒီလိုရာသီမှာအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို နားလည်သိရှိပြီး ဒီအကျိုးဆက်တွေကို  မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းအားဖြင့် ပိုမိုကျန်းမာပျော်ရွှင်ပြီး အမှတ်တရလေးတွေနဲ့ ပြည့်စုံတဲ့ နွေရာသီလေးတစ်ခုကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ရေကို ဝဝသောက်ပါ။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ။ သန့်ရှင်းကျန်းမာတဲ့ အလေ့အထကောင်းတွေကိုမွေးမြူပါ။ ဒီလိုအခြေခံလေးတွေကို လိုက်နာပြီး ဒီနှစ်နွေရာသီရဲ့ အပူဒဏ်ကို အတတ်နိုင်ဆုံး လျော့ချ၊ ကျော်ဖြတ်ကြရအောင်ပါ။ 


Share

Comments

Related Posts