
အောက်တိုဘာလထဲ ဝင်ပြီဆို မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်တွေထဲက အထူးတလှယ် တန်ဖိုးထားကာ ပါဝင်ဆင်နွှဲကြတဲ့ပွဲတော်တစ်ခုဖြစ်တဲ့ သီတင်းကျွတ်ပွဲတော်လည်း ရောက်ရှိလာပါတော့မယ်။ ဒီလို ပျော်စရာ သီတင်းကျွတ်ကာလ မရောက်ခင်မှာတင် လူကြီးလူငယ်တိုင်းက ကိုယ့်နေရပ်ဒေသကို ပြန်ပြီး ချစ်ခင်မြတ်နိုးရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံဂါရဝပြုဖို့၊ လက်ဆောင်ကောင်းလေးတွေ ဖလှယ်ကြဖို့၊ လှလှပပနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် မီးထွန်းညှိပူဇော်ကြဖို့နဲ့ မွန်မြတ်တဲ့ အလှူအတန်းတွေ ပြုလုပ်ကြဖို့အတွက် စိတ်အားထက်သန်နေကြပြီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သီတင်းကျွတ်ပွဲတော်တွေကို နှစ်တိုင်းဆင်နွှဲလာလိုက်တာ ဘာကြောင့် ဒီပွဲတော်ဖြစ်လာတာလဲနဲ့ ရည်ရွယ်ချက်ကိုတော့ ဂရုမပြုမိသူတစ်ချို့လည်း ရှိကြမှာပါ။ အခုဆောင်းပါးထဲမှာတော့ ဒီလိုသီတင်းကျွတ်မှာ ဘာကြောင့်မီးထွန်းပူဇော်ကြတာလဲ၊ ဘယ်လိုယဥ်ကျေးမှုနဲ့ သမိုင်းတွေ ရှိနေခဲ့တာလဲဆိုတာ တူတူလေ့လာနိုင်ဖို့ ဆက်ဖတ်ကြည့်ကြရအောင်ပါ။

ဝါလကင်းလွတ် သီတင်းကျွတ်
ဝါတွင်းကာလပြီးဆုံးချိန်ဖြစ်တဲ့ မြန်မာ့ပြက္ခဒိန်ရဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရားဟာ ဝါတွင်း ၃လ အဘိဓမ္မာတရားဟောကြားပြီးလို့ လူ့ပြည်သို့ ဆင်းသက်လာချိန် လူနတ်ဗြဟ္မာတို့က ဆီမီးအလင်းရောင်တို့နဲ့ ကြိုဆိုပူဇော်ကြရာကနေ သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်ပေါ်လာပါတယ်။ ဒီလို ဗုဒ္ဓဘာသာသမိုင်းကြောင်းအရတင် မဟုတ်ဘဲ ကိုယ့်ကိုဆင်ခြင်သုံးသပ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ကျေးဇူးတရားသိတတ်ခြင်းတို့ ပြသဖော်ကျူးရာ အချိန်ကာလကောင်းလည်း ဖြစ်နေပြန်ပါသေးတယ်။ ဒါကြောင့် ဒီလိုသီတင်းကျွတ်ကာလမှာ ရဟန်းသံဃာတွေ၊ လူကြီးမိဘတွေ၊ ဆရာ၊ဆရာမတွေနဲ့ ကိုယ့်ထက် အသက်အရွယ်ကြီးသူတွေကို လေးစားချစ်ခင်သောအားဖြင့်လည်းကောင်း၊ အပြစ်တွေရှိရင် ဝန်ချတောင်းပန်သောအားဖြင့်လည်းကောင်း သွားရောက်ကန်တော့ကြကာ ခွင့်လွှတ်ဆုတောင်းတွေကို တမြတ်တနိုးတောင်းခံကြတာလည်း ဖြစ်ပါတယ်။

မီးထွန်းရတဲ့ အကြောင်းရင်း
သီတင်းကျွတ်ကာလမှာ ဖယောင်းတိုင်၊ ဆီမီးနဲ့ မီးပုံးတွေ ထွန်းညှိဆင်ယင်ကြတာက သီတင်းကျွတ်လရဲ့ ကြည်နူးစရာ မြင်ကွင်းဖြစ်ပြီး လေးနက်တဲ့အဓိပ္ပာယ်တွေလည်း ရှိလို့နေတာပါ။
- အမှောင်ကိုခွင်းကာ ညဏ်ပညာအလင်းကို ကိုယ်စားပြုပြီး၊ ကောင်းသောအတွေးနဲ့ မျှော်လင့်ချက်တွေကို ဖော်ကျူးတဲ့ ဆီမီးကို မြတ်စွာဘုရားရှင်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်တွေ၊ လမ်းတွေ၊ ရပ်ကွက်တွေမှာ ပူဇော်ထွန်းညှိကာ အလှဆင်ကြတဲ့အပြင်
- အလှူအတန်းနဲ့ ကုသိုလ်ကောင်းမှုပြုတဲ့အခါ ဖယောင်းတိုင်နဲ့ ဆီမီးထွန်း ကုသိုလ်ယူကြခြင်းက ကြွယ်ဝချမ်းသာမှုနဲ့ ကံကောင်းမှုတွေကို ယူဆောင်လာပေးတယ်လို့လည်း မှတ်ယူကြပါတယ်။

ပါဝင်ဆင်နွှဲကြပုံတွေ
သီတင်းကျွတ်ကာလကို နေရာဒေသမျိုးစုံမှာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်ဆင်နွှဲလေ့ရှိကြပေမဲ့ အနွေးထွေးဆုံးနဲ့ အကြည်နူးရဆုံး ဆင်နွှဲပုံကတော့ တစ်နှစ်မှာမှ ဒီလိုသီတင်းကျွတ်ကာလမှာပဲ ကိုယ့်နေရပ်ပြန်ကာ မိသားစုဝင်တွေနဲ့ ပျော်စရာအချိန်လေးတွေ ဖြတ်သန်းရတာ ဖြစ်ကြမှာပါ။ ကုသိုလ်ကောင်းမှုယူကြသူများကလည်း ဒီလိုမြင့်မြတ်တဲ့ အခါသာမယမှာ အလှူအတန်းပြုလုပ်နိုင်ဖို့ မနက်စောစောထကာ ဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဆွမ်း၊ ဝတ္ထု၊ သင်္ကန်း ကပ်လှူကြပြီး နွမ်းပါးသူများကိုလည်း ကူညီကာ အလှူအတန်းပြုလုပ်ကြပါသေးတယ်။
နောက်ထပ် ဒီလိုကာလမှာ မပါမဖြစ်ကတော့ မြန်မာအစားအစာကောင်းတွေနဲ့ အချိုပွဲတွေဖြစ်ပြီး သီတင်းကျွတ်ပိတ်ရက်တွေမှာ ကိုယ့်အိမ်မှာပဲ ပျော်ပျော်ပါးပါး မုန့်လုပ်စားကြပြီး ရင်းနှီးရာ မိတ်ဆွေတွေနဲ့ အိမ်နီးနားချင်းတွေကို မျှဝေကြတာပါ။ ဘုရားပွဲတွေ၊ စျေးပွဲတော်တွေ စည်ကားစွာ ကျင်းပတဲ့ကာလလည်း ဖြစ်တာမို့ လူကြီးလူငယ်မရွေး ပျော်ရွှင်ရတဲ့ သီတင်းကျွတ်အချိန်အခါဖြစ်ပြီး ကလေးတွေကလည်း မီးရှူးမီးပန်းပစ်ဖောက်ကစားတာ၊ လူကြီးတွေက မီးပုံးပျံပစ်လွှတ်တာ စသဖြင့် တပျော်တပါးဆင်နွှဲကြပါသေးတယ်။
သီတင်းကျွတ်အခါသမယမှာ ပြုလုပ်ကြတဲ့ ကုသိုလ်ကောင်းမှုတွေက မီးထွန်းညှိပူဇော်ခြင်းသက်သက်မဟုတ်ဘဲ ကျေးဇူးတရားသိတတ်ခြင်းနဲ့ နွေးထွေးတဲ့ လူမှုအသိုင်းအဝိုင်းဆက်ဆံရေးတို့ကို ပေါင်းစပ်ဖော်ကျူးထားတဲ့ အချိန်အခါလေးပါ။ ဒီလိုအစဥ်အလာကို ရှေးနှစ်ပေါင်းများစွာကနေ အခုအချိန်ကာလအထိ လက်ဆင့်ကမ်း ဆင်နွှဲနေကြဆဲပဲမို့ မြန်မာတို့ရဲ့ ယဥ်ကျေးမှုအမွေအနှစ် ပွဲတော်တစ်ခုအဖြစ် မလွှဲဧကန် ဆက်လက်တည်ရှိနေမှာလည်း ဖြစ်ပါတယ်။
Ma Su
Anonymous