
အခုတလော လူမှုပတ်ဝန်းကျင်မှာ အဖြစ်များနေတဲ့ တီဘီရောဂါ (Tuberculosis - TB) ဟာ ကူးစက်လွယ်ပြီး စိုးရိမ်စရာလည်း ကောင်းနေပေမဲ့လည်း မြန်မြန်သိပြီး မှန်မှန်ကန်ကန်ကုသရင် ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်မျိုးပါ။ ဒီ အဆုတ်တီဘီရောဂါက အဆုတ်ကို ထိခိုက်စေတဲ့ ဘတ်တီးရီယား (Mycobacterium tuberculosis) ပိုးဝင်ခြင်းတစ်မျိုး ဖြစ်ပြီး ဒီရောဂါပိုးရှိသူတစ်ယောက်က ချောင်းဆိုးတာ၊ နှာချေတာ၊ စကားပြောတာကနေ သူ့ရဲ့ အဆုတ်နဲ့ လေပြွန်မှာ ရှိတဲ့ ပိုးတွေက လေထဲကို ပျံ့နှံ့စေတာပါ။ ဘယ်သူမဆို ကူးစက်ခံရနိုင်ပေမယ့် ကိုယ်ခံအားနည်းတဲ့သူတွေ ပိုပြီး ကူးစက်နိုင်ရခြေများတာမို့လို့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုအတွက် တီဘီရောဂါအကြောင်းကို အရင်ထက်ပိုပြီး လေ့လာ၊ ရှောင်ကြဥ်၊ ကုသနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်ပါ။

ဂရုပြုသင့်တဲ့လက္ခဏာတွေ
တီဘီရောဂါမှာ Latent TB လို့ ခေါ်တဲ့ တီဘီရှိနေပေမဲ့ ခုခံအားက တီဘီပိုးကို တိုက်ထုတ်နိုင်တဲ့အတွက် လက္ခဏာမပြဘဲ ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျသွားမှ ဖြစ်လာတဲ့ တီဘီအမျိုးအစားရယ်၊ Active TB လို့ ခေါ်တဲ့ ပိုးဝင်ပြီး ရက်ပိုင်းလောက် သို့ အတော်အတန်ကြာမှ လက္ခဏာပြပြီး သူများကိုလည်း ကူးစက်နိုင်တဲ့ တီဘီအမျိုးအစားရယ်ဆိုပြီး ၂မျိုးရှိပါတယ်။ ၂မျိုးစလုံးကတော့ ကူးစက်နိုင်တာချည်းပဲမို့ ကိုယ်တိုင်ကူးစက်လာတာဖြစ်ဖြစ်၊ ပတ်ဝန်းကျင်က တစ်ယောက်ယောက် ကူးစက်ထားဟန်ရှိမရှိကို ချောင်း၂ပတ်ကျော်ထိ ဆိုးနေမယ်၊ အဖျားရှိမယ်၊ ကိုယ်အလေးချိန်ကျလာမယ် စသဖြင့် လေ့လာနိုင်ပြီး အောက်မှာ ပြောပြထားတဲ့ အချက်တွေနဲ့ ဆန်းစစ်သင့်ပါတယ်။
- ကာလအတော်အတန်ကြာ ချောင်းဆိုးနေပြီး သလိပ် သို့မဟုတ် တစ်ခါတစ်ရံ သွေးပါလာတတ်တာ၊
- ညနေပိုင်းတွေမှာ အဖျားတတ်လာတတ်ပြီး ချွေးထွက်များတာ၊
- အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် သိသိသာသာကျလာတာ၊
- အမြဲတမ်း ပင်ပန်းနွမ်းနွယ်လွယ်ပြီး အားနည်းနေတာ
- အသက်ရှူမဝဘဲ ရင်ဘတ်နဲ့ကျောတွေ အောင့်တာ စသဖြင့်
၂ပတ်ထက်ပိုပြီး ဒီလိုလက္ခဏာတွေ ဆက်ဖြစ်နေသေးတယ်ဆို ကျွမ်းကျင်ရာဆရာဝန်နဲ့ စမ်းသပ်ကုသသင့်ပါတယ်။ နောက်ပြီး ဒီလိုအဆုတ်တီဘီဖြစ်လာစေတဲ့ ရောဂါလက္ခဏာတွေကို စောစီးစွာသိရှိထားမယ်ဆို အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့နဲ့ တခြားသူတွေကို ရောဂါမကူးစက်စေဖို့ အတတ်နိုင်ဆုံးကာကွယ်နိုင်တာပေါ့။

ကုသနည်းလမ်းတွေ
တီဘီရောဂါအမျိုးအစားတွေမှာ အဖြစ်များကြတဲ့ အဆုတ်တီဘီရောဂါအပြင် ကိုယ်ခန္ဓာအတွင်းက တခြားအစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်၊ ကျောရိုး၊ အရိုးအဆစ်၊ ကျောက်ကပ်၊ ပြန်ရည်ကျိတ်၊ အဆုတ်အမြှေးပါးနဲ့ ဆီးလမ်းကြောင်းနှင့် မျိုးပွား အင်္ဂါအစိတ်အပိုင်းတွေမှာလည်း တီဘီရောဂါများ ဖြစ်ပွားနိုင်သေးတာပါ။ အဖြစ်များကြတဲ့ အဆုတ်တီဘီရောဂါက ကုသပျောက်ကင်းနိုင်တဲ့အတွက်ကြောင့် သံသယဖြစ်ဖွယ်လက္ခဏာတွေ တွေ့လာပြီဆိုတာနဲ့ အမြန်ဆုံးကုသနိုင်ရင် အကောင်းဆုံးဖြစ်တာပါ။ ကျွမ်းကျင်ရာဆရာဝန်နဲ့ စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ပြီး တံတွေးစစ်ဆေးတာ၊ ရင်ဘတ် ဓာတ်မှန်ရိုက်တာ စသဖြင့် ရောဂါရှာဖွေစမ်းသပ်မှုတွေ လုပ်ဆောင်သင့်ပါတယ်။
WHO ရဲ့ တီဘီကုသနည်းလမ်းစဥ်ဖြစ်တဲ့ အချိန်တိုတိုနဲ့ တိုက်ရိုက်ကြည့်ရှုကုသခြင်း (DOTS) နည်းလမ်းနဲ့ ကုသနိုင်ပြီး ၆လ ကနေ ၉လ အထိ ဆေးပတ်လည်အောင် ဂရုတစိုက်ကုသသင့်တာပါ။ ရောဂါသက်သာလာတယ်လို့ ခံစားရရင်တောင် ဆေးဝါးတွေကို သတ်မှတ်ထားတဲ့အတိုင်း အပြည့်အဝသောက်သုံးဖို့ အရေးကြီးပြီး မှန်မှန်ကန်ကန် ဆေးမသောက်နိုင်ဘူးဆို ဆေးယဉ်ပါးတီဘီအဖြစ် ပြောင်းလဲသွားနိုင်တာကြောင့် ကုသရ ပိုခက်ခဲသွားနိုင်ပါတယ်။

ကာကွယ်နည်းလမ်းများ
ကုသခြင်းထက် ကာကွယ်ခြင်းက အထိရောက်ဆုံးမို့ ကိုယ့်ကိုယ်ကိုနဲ့ ပတ်ဝန်းကျင်ကိုပါ တီဘီရောဂါကနေ ကာကွယ်ထားနိုင်ဖို့အတွက်
- လက်ကို မကြာခဏဆေးကြောပြီး ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်ကို လက်နဲ့အုပ်ထားတာ၊
- ကိုယ့်အိမ်နဲ့ အလုပ်ခွင်မှာ ရောဂါပိုးမွှားတွေ မစုဝေးနေအောင် လေဝင်လေထွက်ကောင်းအောင် လုပ်တာ၊
- မွေးကင်းစ ကလေးငယ်တွေကို ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင်တီဘီ ကာကွယ်နိုင်တဲ့ BCG ကာကွယ်ဆေး ထိုးပေးတာ၊
- ကျန်းမာစေတဲ့ အစားအစာတွေ စားကာ လုံလောက်စွာ အနားယူရင်းနဲ့ ကိုယ်ခံအားကောင်းအောင် ထိန်းသိမ်းနိုင်ဖို့တွေ လုပ်ဆောင်သင့်ပါတယ်။
အခုလို ဆောင်ရန်၊ ရှောင်ရန်တွေ သိရှိသွားပြီဆိုရင်တော့ လတ်တလောမှာ ပြန့်နှံ့ကူးစက်လွယ်လာနေတဲ့ အဆုတ်တီဘီရောဂါကို အတတ်နိုင်ဆုံး ကာကွယ်ထားနိုင်ကြပြီး ရောဂါဖြစ်ပွားလာခဲ့ရင်လည်း ကျွမ်းကျင်ရာ အကူအညီကို အမြန်ဆုံးရယူပြီး ကုသကြဖို့ တိုက်တွန်းလိုက်ပါရစေ။
Comments