
ကိုယ့်ဆံပင်က ဘယ်လောက်ပဲ ပေါင်းတင်တင်၊ ပုံသွင်းသွင်း ခြောက်သွေ့နေတာ၊ ဒါမှမဟုတ် ခေါင်းလျှော်ပြီးရင် ဆံပင်ခြောက်ဖို့ အရမ်းကြာနေတာမျိုးတွေ ဖြစ်ဖူးကြလား။ ဒါက အခုနောက်ပိုင်း တော်တော်များများ ကြားဖူးနေကြဖြစ်မဲ့ Hair Porosity လို့ခေါ်တဲ့ ဆံသားရဲ့ အစိုဓာတ် စုပ်ယူထိန်းသိမ်းနိုင်စွမ်း လျော့နည်းနေတာကြောင့်ပါ။ ဒီလို ဆံသားတစ်ပင်ချင်းစီရဲ့ အပြင်ဘက်ဆုံးအလွှာ (Cuticles) တွေက ရေနဲ့ အဆီကို ဘယ်လောက်အထိ လက်ခံသလဲဆိုတာကို သိထားမယ်ဆို ကိုယ်ရေရှည်သုံးစွဲမဲ့ Shampoo နဲ့ ပေါင်းဆေးတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆံသားထိန်းသိမ်းရာမှာ အရင်ကထက် ထိရောက်စေဖို့နဲ့ ကိုယ့်ဆံပင်ရဲ့ Hair Porosity Level အမျိုးမျိုးပေါ်မူတည်ပြီး ဆံပင်ကို ဘယ်လိုဂရုစိုက်ပေးကြမလဲဆိုတာ အဆုံးထိဖတ်ကြည့်ကြည့်နော်။

Porosity အမျိုးအစား ၃ မျိုး
၁။ Low Porosity (စုပ်ယူမှုနည်းခြင်း)
ဒီဆံသားအမျိုးအစားမှာဆိုရင် ဆံသားအလွှာလေးတွေက အိမ်ခေါင်မိုးပေါ်က အုတ်ကြွပ်ပြားတွေလို အရမ်းစိပ်နေတတ်လို့ ရေနဲ့ ဆီတွေ ဝင်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါက များသောအားဖြင့် မျိုးရိုးဗီဇကြောင့် ဖြစ်တတ်ပြီး ဆံပင်က ကျန်းမာပုံပေါ်ပေမဲ့ ပစ္စည်းတွေလိမ်းရင် စိမ့်မဝင်ဘဲ အပေါ်ယံမှာတင် တင်နေတတ်တာပါ။
၂။ Medium Porosity (ပုံမှန်)
ဒါကတော့ အကောင်းဆုံးဆံသားအမျိုးအစားဖြစ်ပြီး ပြုပြင်ထိန်းသိမ်းရတာ အလွယ်ဆုံး ဖြစ်ပါတယ်။ သူ့ဆံသားအလွှာလေးတွေက အနေတော်ပဲ ရှိနေပြီး ခုနက Low Porosity ဆံသားလို အရမ်းဟမနေပါဘူး။ ဒါကြောင့် အစိုဓာတ်ကို ကောင်းကောင်းစုပ်ယူပြီး ဆံသားအတွင်းမှာ ကြာကြာထိန်းထားနိုင်ပါတယ်။
၃။ High Porosity (စုပ်ယူမှုများလွန်းခြင်း)
ဒီမှာကတော့ ဆံသားအလွှာလေးတွေက ဟနေတာ ဒါမှမဟုတ် ပျက်စီးနေတာမျိုးပါ။ ဒါကြောင့် အစိုဓာတ်ကိုလည်း စုပ်ယူရလွယ်ပြီး ပြန်ထွက်ဖို့လည်း အရမ်းလွယ်ပါတယ်။ ဆံပင်အရောင်ချွတ်တာ၊ အပူနဲ့ ပုံသွင်းတာနဲ့ နေပူထဲ အကြာကြီးနေတာတွေကြောင့် ဆံသားအလွှာတွေ ပျက်စီးပြီး ဒီလိုမျိုး ဖြစ်တတ်ပါတယ်။

ကိုယ့်ဆံပင်ရဲ့ Hair Porosity Level ဘယ်လိုရှိမလဲ စမ်းသပ်ချင်တယ်ဆိုရင် အများစုသုံးနေကြ လွယ်ကူတဲ့နည်းလမ်းကတော့ ...
ခေါင်းလျှော်ပြီးသား၊ ဘာအဆီမှ မလိမ်းထားတဲ့ သန့်ရှင်းတဲ့ ဆံပင်တစ်ပင်ကို ရေခွက်ထဲ ထည့်လိုက်ပြီး ၅ မိနစ်လောက် စောင့်ကြည့်လိုက်ပါ
အပေါ်မှာ ပေါ်နေရင်: Low Porosity (ဆံသားအလွှာတွေ ပိတ်နေလို့ ရေမဝင်နိုင်တာပါ)
အလယ်မှာ ရှိနေရင်: Medium Porosity (ပုံမှန်)
အောက်ကို နစ်သွားရင်: High Porosity (စုပ်ယူမှုများပြီး ပျက်စီးနေတဲ့ဆံသားဖြစ်တာကြောင့် ရေကို ချက်ချင်းစုပ်ပြီး လေးလံသွားလို့ နစ်သွားတာပါ) ဖြစ်ပါတယ်။

ဆံသားအမျိုးအစားအလိုက် ဂရုစိုက်ထိန်းသိမ်းနည်း
မြန်မာနိုင်ငံရဲ့ စိုထိုင်းဆများတဲ့ ရာသီဥတုက ဆံသားအမျိုးအစားအလိုက် မတူညီတဲ့ ဒုက္ခတွေ ပေးတတ်တာပါ။
- Low Porosity သမားများတွေဆို ပူအိုက်တဲ့အခါ ချွေးနဲ့ အဆီတွေက ဆံပင်အပေါ်မှာပဲ တင်နေတတ်လို့ ဆံပင်ကပ်သွားတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ ခေါင်းလျှော်ရင် ရေနွေးနွေးလေး နဲ့ အရင်လျှော်ပါ။ ရေနွေးက ဆံသားအလွှာလေးတွေကို ပွင့်စေပြီး ပေါင်းဆေးဝင်အောင် ကူညီပေးပါတယ်။ ပြီးရင် ပေါ့ပေါ့ပါးပါးရှိတဲ့ Hair Serum တွေ၊ ရေဓာတ်ကို အခြေခံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ဦးစားပေး သုံးပေးရမှာပါ။
- High Porosity သမားတွေကတော့ စိုထိုင်းဆများတဲ့အခါ လေထဲက အစိုဓာတ်တွေကို ဆံပင်က လှမ်းစုပ်ယူလိုက်လို့ ဆံပင်တွေ ဖွာလန်ကြဲကုန်တာပါ။ ဒါကို ထိန်းသိမ်းဖို့ ဆံသားကို ရေဓာတ်ပိတ်ဆို့ပေးနိုင်တဲ့ အုန်းဆီ သို့မဟုတ် Argan Oil လိုမျိုး ခပ်ပျစ်ပျစ်အဆီတွေကို သုံးပေးရပါမယ်။ ခေါင်းလျှော်ပြီးရင် ရေအေးလေး နဲ့ နောက်ဆုံးတစ်ခေါက် ပြန်လောင်းပေးတာက ဟနေတဲ့ ဆံသားအလွှာတွေကို ပြန်ပိတ်သွားစေပါတယ်။ UV raysတွေကလည်း ဆံပင်အရောင်တွေကို မှေးမှိန်စေတဲ့အတွက် UV filter ပါတဲ့ Hair Serum လိမ်းပေးတာ၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပေးရမှာပါ။
ဒီလို ဆံသားအစိုဓာတ်ထိန်းသိမ်းနိုင်တဲ့ Hair Porosity Levelတွေဆိုတာက မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပေမဲ့ ရေ၊ လေ၊ အပူဒဏ်နဲ့ Chemical ပစ္စည်းတွေကြောင့်လည်း အမြဲတမ်းပြောင်းလဲနိုင်ပါသေးတယ်။ ဘယ်လိုဆံသားအမျိုးအစားပဲ ဖြစ်ဖြစ် ကျန်းမာသန်စွမ်း တောက်ပြောင်တဲ့ ဆံသားတွေ ပိုင်ဆိုင်ဖို့ဆို မှန်ကန်တဲ့ နေထိုင်စားသောက်မှုအပြင် ကိုယ့်ဆံသားနဲ့ လိုက်ဖက်တဲ့ ပစ္စည်းတွေကို ဒီဆောင်းပါးလေးကတစ်ဆင့် ရွေးချယ်နိုင်ကြပါစေနော်။
Comments