မီးပိုးကောင် အဆိပ်သင့်ပြီဆို အမြန်ဆုံးကုသနိုင်ဖို့

Posted in ကျန်းမာရေး


ရာသီအပြောင်းအလဲတွေဖြစ်တဲ့ နွေအကုန် မိုးအကူးနဲ့ မိုးအကုန် ဆောင်းအကူးတွေမှာ အင်းဆက်ပိုးမွှားတွေ ပေါပေါများများရှိနိုင်ပြီး တစ်ချို့က အဆိပ်သင့်နိုင်ခြေများတာမို့ လူကြီးလူငယ်မရွေးအတွက် သတိပြုစရာကာလတွေပါ။ အခုတလောမှာ အဖြစ်များတတ်တဲ့ မီးပိုးကောင်မှာလည်း သူ့အဆိပ်က အပေါ်ယံအရည်ပြားနဲ့ အတွင်းထဲက အာရုံကြောတွေအထိ ထိခိုက်ပျက်စီးနိုင်တဲ့အတွက် အန္တရာယ်ကြီးလှပါတယ်။ မီးပိုးကောင် အဆိပ်သင့်တာဟာ ရုတ်တရက်ဖြစ်တတ်တာမလို့ ဘယ်လိုအင်းဆက်ကိုက်သွားတာလဲ ဘယ်လိုထိခိုက်လာနိုင်လဲ ချက်ချင်းမသိနိုင်တာမို့ ကုသရာမှာ အနာမှား ဆေးမှားဖြစ်နိုင်တဲ့အတွက် အခြေအနေပိုဆိုးနိုင်တာပါ။ ဒါကြောင့် တွေ့ကြုံရနိုင်တဲ့ မီးပိုးကောင်ရဲ့ အန္တရာယ်နဲ့ ကုသကာကွယ်နည်းတွေကို ဒီဆောင်းပါးထဲမှာ တစ်စုတစည်းဖတ်ရှုထားပြီး ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ထားလိုက်ပါ။

လူတွေကြားထဲ ဘယ်လိုရောက်လာနိုင်လဲ

မီးပိုးကောင်ဟာ Paederus လို့ခေါ်တဲ့ Rove Beetle အမျိုးအစား ပိုးကောင်တစ်မျိုးဖြစ်ပြီး သာမာန်ပိုးဖလံတို့နဲ့တူတူ မီးအလင်းရောင်ကို နှစ်သက်တာမလို့ အိမ်တွင်းမှာရှိတဲ့ မီးလုံး၊ မီးချောင်းတွေမှာ ရှိနေနိုင်ပါတယ်။ 

အရွယ်သေးငယ်ကာ အမြီးကော့ကော့ပုံစံနဲ့ သွားတတ်ပြီး လိမ္မော်နဲ့အနက်ကြား အစင်းရှိကာ ပုရွတ်ဆိတ်နဲ့ ဆင်တူတတ်ပါတယ်။ 

သူ့သဘာဝအရ လူ့အသားကို ကိုက်လေ့ကိုက်ထ မရှိပေမဲ့ လာထိမိတာကို လက်နဲ့ ဖယ်လိုက်တာ၊ ခြေလိုက်တာကနေ အဆိပ် ပန်းခံရတာဖြစ်စေ၊ အဝတ်အစားတွေ၊ ပစ္စည်းတွေပေါ်ကို သူ့ဆီက Pederin လို့ခေါ်တဲ့ အဆိပ်အတောက် ပြင်းထန်တဲ့ ဓာတုပစ္စည်းတစ်မျိုး ချန်ခဲ့တာကနေ လူ့အရည်ပြားကို ထိခိုက်စေတဲ့ မီးပိုးကောင် ဆိပ်သင့်ခြင်း (Paederus Dermatitis) ဖြစ်လာပြီး အရည်ကြည်ဖုတွေ ထွက်လာကာ နီရဲပူတက်လာတတ်တာပါ။

လက္ခဏာ ဘယ်လိုစပြလဲ

မီးပိုးကောင်ရဲ့ အဆိပ် ထိတွေ့မိတဲ့အခါ ချက်ချင်းသတိမထားမိတတ်ပေမဲ့ နာရီပိုင်းကြာတဲ့အခါ ယားယံတာ၊ စပ်ဖျဥ်းဖျဥ်းဖြစ်နေတာ၊ အနီကွက်တွေ ပေါ်လာတာ စသဖြင့် အဆိပ်ကြောင့် လူ့အရေပြားအလွှာတွေ သေဆုံးပြီး အပူလောင်သလို ဖြစ်လာတတ်ပါတယ်။ မျက်နှာ၊ ကိုယ်၊ လက်စတဲ့ ကိုယ်ခန္ဓာအပြင်ပိုင်းတွေမှာ ဖြစ်တတ်ပြီး အဆိပ်က အရည်ပြားအာရုံကြောတွေပါ ထိခိုက်တာကြောင့် နာပြီး စပ်ကာ နေရထိုင်ရခက်စေပါတယ်။ တစ်ရက်နှစ်ရက်ထက် ပိုကြာလာရင် အနာတွေက နီရာကနေ ညို၊ မဲ၊ ခြောက်လာကာ အနာဖေးကွာကျပြီး အသားနုတက်ရင်း အနာပြန်ကျက်လာမှာပါ။ 

ဒီကြားထဲမှာတော့ နေရထိုင်ရခက်လောက်‌အောင် အသားရည်က နီပြီး စပ်ကာ အရည်ကြည်ဖုလေးတွေ ဖြစ်နေတဲ့အတွက် ရေယုန်နဲ့ အထင်မှားနိုင်တာမို့ ကျွမ်းကျင်ရာဆရာဝန်နဲ့ သေချာစစ်ဆေး ကုသသင့်ဖို့ လိုပါသေးတယ်။ အဆိပ်များများထိရင် အနာပိုကြီးပြီး ပိုနက်ဝင်သွားနိုင်တာကြောင့် ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံးသွား‌ရောက်ကုသပြီး ပြင်းထန်အခြေအနေတွေဖြစ်တဲ့ အဖျားတက်တာ၊ အာရုံကြောရောင်တာ၊ မျက်စိအမြှေးပါးရောင်တာ၊ အရိုးအဆစ်နာတာ၊ အော့အန်တာတွေအထိ မဖြစ်စေရအောင် အထူးဂရုပြုဖို့လိုပါတယ်။

အထိရောက်နိုင်ဆုံး ကုသနည်း

မီးပိုးကောင် ဆိပ်သင့်လို့ ကုသတဲ့နေရာမှာ မလိမ်းသင့်တဲ့ ဆေးတွေ လိမ်းမိရင် ပိုးဝင်ပြီး အခြေအနေပိုဆိုးနိုင်ပါတယ်။ 

  • သူ့အဆိပ်ကို ကြာကြာထိထားမိလေ အဆိပ်ပြင်းထန်လေ ဖြစ်တာမို့ ထိမိတဲ့ အင်းဆက်ပိုးအဆိပ်ကို အရင်ဆုံး ရေနိုင်နိုင် ဆေးချပါ။ 
  • အရေးကြီးတာတစ်ခုက အရက်ပျံ လုံးဝမသုံးသင့်တာပါ။ ဘာကြောင့်ဆို အနာကို ပိုရင်းပြီး ပိုဆိုးသွားစေပြီး အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။ 
  • အိုင်အိုဒင်းပါတဲ့ ဆေးရည် လိမ်းပေးသင့်ပြီး ပိုးမဝင်နိုင်အောင် ပဋိဇီဝ ပိုးသတ်ဆေးလိမ်းဆေး၊ အရောင်ကျသက်သာအောင် Steroids လိမ်းဆေး စသဖြင့် လိမ်းကာ စနစ်တကျကုသရင် အနာမြန်မြန်ကျက်ပြီး ၁ပတ်/ ၁၀ရက်အတွင်း သက်သာလာနိုင်ပါတယ်။

စောင့်ကြည့် ကာကွယ်နိုင်နည်း

မီးပိုးကောင် ကိုယ့်ကိုယ်ပေါ်တွေ့ပြီဆို လက်နဲ့မထိပါနဲ့၊ မပွတ်ပါနဲ့။ မဟုတ်ရင် သူ့အဆိပ်ရည်တွေ ထွက်လာပြီး အရေပြားကို လောင်စေနိုင်တာပါ။ ဒါကြောင့် ခပ်ဝေးဝေးရှိတဲ့ အိမ်ပြင်တစ်နေရာရာ သွားပြီး လေမှုတ်ချလိုက်ပါ။ ပွတ်မိသွားရင် ရေနဲ့ ဆပ်ပြာနဲ့ ဆေးပါ။

  • ညဘက်မှာ အိမ်ပြတင်းပေါက်တွေ၊ တံခါးတွေ ပိတ်ပြီး ပိုးကောင်မဝင်အောင် ဂရုပြုပါ၊ ခြင်လုံဇကာ တပ်ဆင်ပါ၊ ခြင်ထောင် ထောင်အိပ်ပါ။
  • အင်းဆက်သတ်ဆေး ဖြန်းတာ၊ အင်းဆက်ပိုး ခိုအောင်းနေနိုင်တဲ့ နေရာတွေကို ရှင်းလင်းပါ။ 
  • အင်းဆက် မလာစေတဲ့ အရည်အသွေးကောင်း ဆေးရည်တွေ လိမ်းတာအပြင် 
  • ဒီလို အန္တရာယ်ရှိနိုင်တဲ့ ပိုးကောင်တွေ တွေ့ရင် လက်နဲ့ မခြေမိဖို့ အရေးကြီးဆုံးပါပဲ။

မီးပိုးကောင်နှင့် ထိတွေ့မိရင် အပေါ်မှာပြောပြထားတဲ့အချက်လေးတွေနဲ့အတူ ချက်ချင်းရေနဲ့ ဆေးကြောတာက အရေးကြီးတဲ့ ကုသနည်းပါပဲ။ နောက်ပြီး အရည်ပြားပေါ်မှာ အနီကွက်နဲ့ အရည်ကြည်‌ဖုတွေ ‌ပေါက်တိုင်း မီးပိုးကောင်လို့ မသတ်မှတ်သင့်ဘဲ လိုအပ်ရင် ကျွမ်းကျင်ရာဆရာဝန်နဲ့ ပြသကာ အနာနဲ့ဆေး အမြန်ဆုံးတွေ့နိုင်ဖို့ အကြံပြုမျှဝေလိုက်ရပါတယ်။


Share

Comments

Related Posts