ကလေးငယ်နှင့် ဆီးပူလောင်ခြင်း

Posted in မိဘအုပ်ထိန်းခြင်း


နုနုနယ်နယ်အရွယ်လေးတွေမှာ နေထိုင်မကောင်းဖြစ်ပြီဆို နှုတ်ကနေ မဖော်ပြနိုင်ကြသေးတဲ့အတွက် ဘာမဆို အရိပ်တကြည့်ကြည့်နဲ့ ဂရုပြုနေရစမြဲပါပဲ။ ဒီလိုအချိန်မှာ သူတို့လေးတွေရဲ့ သန့်ရှင်းကျန်းမာရေးက အရေးကြီးဆုံးဖြစ်တာမို့ နေ့စဥ်အသုံးပြုတဲ့ အသုံးအဆောင်တွေက စလို့ နေထိုင်ကစားရာ အိမ်ခန်းပတ်ဝန်းကျင်အထိ အမြဲ ပိုးမွှားကင်းစင်ပြီး ကျန်းမာရေးနဲ့သင့်တော်နေဖို့ လိုအပ်ပါတယ်။ နေ့တိုင်း အသုံးပြုဝတ်ဆင်ပေးနေရတဲ့ ကလေးသေးခံ (Diaper) မှာလည်း အရည်အသွေးကောင်းမွန်နေဖို့အပြင် ကလေးအရွယ်အစား ကိုက်ညီပြီး သက်တောင့်သက်သာဖြစ်နေဖို့က ပထမဦးစားပေး ဂရုပြုပေးရမဲ့အထဲ ပါဝင်တာပါ။ ဒီလိုကနေတောင် ကလေးအသားရည်နဲ့ ဓာတ်မတည့်တာ၊ အပူဖုလေးတွေ ပေါက်တာ၊ ဆီးပူလောင်တာ (Diaper rash)တွေက မြန်မာနိုင်ငံရဲ့ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုအရ ဖြစ်နိုင်ခြေအရမ်းများတာကြောင့် ဘယ်ဂရုစိုက်ပေးရလဲနဲ့ ဖြစ်လာရင် ဘယ်လိုအမြန်ဆုံး ကုသရမလဲဆိုတာ သိထားဖို့ အရေးကြီးတယ်နော် ဖေဖေမေမေတို့ရေ။ 

ဘယ်လိုအခြေအနေတွေမှာ Diaper လောင်တတ်လဲ

  • စိုစွတ်ပြီး အညစ်အကြေးတွေ ရှိနေတဲ့ Diaperကို အကြာကြီးဝတ်ဆင်ပေးထားမိတာကြောင့် ကလေးရဲ့ ဆီးနဲ့ ဝမ်းတွေက အသားရည်ကို လောင်ပြီး ပျက်စီးစေတာ
  • တင်းကျပ်နေတဲ့ Diaper သို့ အဝတ်အစားတွေ ဝတ်ဆင်ပေးထားရင်း အတွင်းမှာ ပွတ်တိုက်မှုတွေကြောင့် အသားလောင်တာကို ပိုဆိုးစေပါတယ်။
  • Diaper ကြောင့်တင်မဟုတ်ဘဲ အရည်ပြားပါးပြီး အထိခိုက်မခံတဲ့ အသားရည်မျိုးရှိတဲ့ ကလေးတွေမှာဆို Wet Tissue၊ အဝတ်တွေကို လျှော်ထားတဲ့ ဆပ်ပြာမှုန့်၊ Fabric Softeners တို့နဲ့ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်တတ်သေးတာပါ။

နောက်ပြီး ရာသီဥတုကြောင့်လည်း Diaper လောင်ရနိုင်ခြေရှိပါတယ်။  

  • စိုထိုင်းဆများမှုကြောင့် Diaper ထဲမှာရှိတဲ့ အစိုဓာတ်တွေက ကလေးအသားရည်ကို ထိခိုက်စေတာ၊
  • မိုးတွင်းမှာဆို အဝတ်အစားတွေ သေချာမခြောက်တဲ့အတွက် ဖြစ်လာတတ်တဲ့ မှိုအန္တရာယ်ကြောင့်လည်း အသားရည်ကို ထိခိုက်နိုင်ပါတယ်။
  • နောက်ပြီး အပူဒဏ်ကြောင့် ချွေးထွက်လွန်ရာကနေ Diaperနဲ့ပေါင်းပြီး အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။ ရာသီဥတုအေးတဲ့အခါမှာလည်း အဝတ်အစားအထပ်ထပ် ဝတ်ရတဲ့အတွက် လေဝင်လေထွက် မကောင်းတာအပြင် အိမ်တွင်းမှာပဲ အနေများတဲ့အတွက် Diaperမလဲပေးမိတာကြောင့် ဆီးပူလောင်တာတွေ ဖြစ်တတ်တာပါ။

ဆီးပူလောင်နေပြီဆို ဘယ်လိုသိနိုင်မလဲ

ဒီလိုဖြစ်ပြီဆို သိသာထင်ရှားစွာပဲ ကလေးရဲ့ တင်ပါး၊ ပေါင်၊ ပေါင်ကြား သို့မဟုတ် လိင်အင်္ဂါတစ်ဝိုက်မှာ ပန်းရောင်ဖျော့ဖျော့ သို့ အနီရောင်အကွက်တွေ စဖြစ်လာတတ်ပါတယ်။ 

  • ကလေးလည်း သက်တောင့်သက်သာမရှိဘဲ Diaper လဲလှယ်ချိန်၊ ရေချိုးချိန်တွေမှာ ငိုတာ၊ ဂနာမငြိမ်ဖြစ်တာအပြင် 
  • ဆီး သို့ ဝမ်းနဲ့ ထိတွေ့တဲ့အခါ အာရုံခံစားမိတဲ့အတွက် နာကျင်မှုပြသတာ၊ ငိုတာ၊ ဂျီကျတာတွေ ဖြစ်လာနိုင်လို့ Diaper Area ကို အမြဲစစ်ဆေးပေးသင့်ပါတယ်။

ဘယ်လိုကုသကာကွယ်ပေးနိုင်မလဲ

👶အသက်ရှူချောင်စေတဲ့ အဝတ်အစားလေးတွေ ဝတ်ဆင်ပေးပြီး Diaper မကြာခဏလဲလှယ်ပေးပြီး ဆေးကြောပေးရန်၊

👕ဆီးပူမလောင်စေဖို့ Diaper ကျပ်ကျပ်ကြီးတွေ မဝတ်ပေးဘဲ အသားရည် လေဝင်လေထွက်ရှိစေဖို့ Diaperကို အမြဲတမ်းမဝတ်ထားပေးပါနဲ့၊

💧သန့်ရှင်းရေးလုပ်ပေးတဲ့အခါမှာလည်း လက်ကို ရေနဲ့သေချာဆေးကာ ကလေးကိုလည်း သန့်ရှင်းတဲ့ရေနဲ့ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေ မပါဝင်စေတဲ့‌ ဆပ်ပြာကိုသာ အသုံးပြုပေးပါ၊

🧴 Diaper လဲလှယ်တဲ့အခါ zinc oxide၊ petroleum jelly တို့ပါဝင်တဲ့ ခရင်မ်တွေကို နူးနူးညံ့ညံ့လေး လိမ်းပေးပြီး အနံ့မပါဝင်တဲ့ hypoallergenicဖြစ်တဲ့ Diaper သို့ Wipes တို့ကို ရွေးချယ်ပေးပါ၊

🌿 ကလေးအသားရည်နဲ့ ဓာတ်မတည့်တဲ့ နေ့စဥ်အသုံးပြုဖြစ်နေတဲ့ အရာတွေလည်း ရှိနိုင်တာမို့ အစားအစာတစ်ခုခု သို့ ဆပ်ပြာတစ်မျိုးမျိုး ရှိနိုင်မလား အမြဲလေ့လာစောင့်ကြည့်ပြီး၊

အကယ်၍ အသားလောင်တာ၊ အဖုအပိန့်တွေထွက်တာ မသက်သာတာ၊ ပိုးဝင်လာတာဆို ကျွမ်းကျင်ရာ ကလေးအထူးကုဆရာဝန်နဲ့ စမ်းသပ်ပြသဖို့ လိုအပ်ပါတယ်။

ကလေးသေးခံလောင်တတ်တာက ဖြစ်နေကျပြဿနာတစ်ခုပေမဲ့ အရမ်းစိုးရိမ်စရာ မလိုဘဲ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို နားလည်ထားကာ သန့်ရှင်းရေးကို အဓိကကထားလုပ်ဆောင်နိုင်မယ်ဆို မှန်ကန်တဲ့ဆေးဝါးအကူအညီနဲ့ ၄ ၅ ရက်အတွင်း သက်သာနိုင်တာပါ။ ဒါပေမဲ့ အခြေအနေဆိုးလာတယ်ဆို နီးစပ်ရာ ဆေးဝါးတွေနဲ့ ကုသမနေဘဲ ကျွမ်းကျင်ရာ ပြသတိုင်ပင်ဖို့ အကြံပြုရင်း ကျန်းမာသန့်ရှင်းကာ ပျော်ရွှင်စရာနေ့ရက်လေးတွေကို ပိုင်ဆိုင်ကြပါစေနော်။ 


Share

Comments

Related Posts