
ပတ်ဝန်းကျင်မှာ အစိုဓာတ်ပေါပေါများများရှိနေတဲ့ အရှေ့တောင်အာရှရဲ့ ရာသီဥတုကြောင့် သစ်ပင်၊ ပန်းပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ လန်းလန်းဆန်းဆန်း ရှိနေကြတာ စိတ်ကျေနပ်စရာပါပဲ။ ဒါပေမယ့် ဒီစိုထိုင်းဆများမှုရဲ့ နောက်ကွယ်မှာတော့ အားလုံးရဲ့ နေထိုင်ရာအိမ်ဂေဟာအတွင်းမှာ အခန့်မသင့်တဲ့အခါ မှိုပေါက်ဖွားရာ အဓိကဌာနေကြီး ဖြစ်နေတတ်ပါတယ်။ ဒီလို မှိုတွေက ဘယ်ကနေ စဖြစ်လဲဆို လေထုစိုထိုင်းဆများတာ၊ မိုးခဏခဏရွာတာ၊ ရာသီဥတုပူတာတွေကနေ စတင်လာပြီး အိမ်တွင်းမှာဆို လေဝင်လေထွက်မကောင်းတာ၊ မိုးရေယိုတာ၊ ရေချိုးခန်း၊အိမ်သာတွေမှာ အခန်းတစ်ခုလုံး စိုစိုထိုင်းထိုင်းဖြစ်နေတာ၊ အိမ်ထဲမှာပစ္စည်းတွေ၊ အမှိုက်တွေ ရှုပ်ပွနေတာကနေ မှိုပေါက်ဖွားရာ နေရာကြီး ဖြစ်စေနိုင်တာပါ။
ဒါတွေက ရုပ်ပိုင်းဆိုင်ရာ အိမ်အပြင်အဆင်ကို ထိခိုက်ပျက်စီးရုံတင် မဟုတ်ဘဲ ဓာတ်မတည့်၊ ယားယံတာတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေပါ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ ရှိနေတဲ့ အန္တရာယ်ဖြစ်ဖွယ် မှိုတွေကို ဘယ်လိုဖယ်ရှားကြမလဲဆိုတာနဲ့ နောက်ထပ် မှိုမစွဲအောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲဆိုတာ ဖတ်ရှုထားလိုက်ရအောင်။

အိမ်မှာ မှိုပြဿနာတွေစလာပြီဆို
- အခန်းတွင်းလေထုနဲ့ ပရိဘောဂတွေမှာ အနံ့အသက်ဆိုးတွေ ထွက်နေတာ၊
- နံရံ၊ မျက်နှာကျက်နဲ့ အိမ်တိုင်တွေမှာ အနက်ရောင် သို့ အစိမ်းရောင် အကွက်တွေ ရှိနေတာ၊ သစ်သားနဲ့လုပ်ထားတဲ့ ပရိဘောဂတွေမှာဆို အရောင်တွေမညီတော့တာ၊
- ပြတင်းပေါက်နဲ့ နံရံတွေမှာ စိုစိုစွတ်စွတ်ညီတော့တာ၊ ပြတင်းပေါက်နဲ့ နံရံတွေမှာ စိုစိုစွတ်စွတ်နဲ့ ငွေ့ရည်ဖွဲ့နေတာတို့တွေ ဖြစ်နေတတ်ပါတယ်။
ဒါတွေတင်မကဘဲ မှိုတက်နေတဲ့ပတ်ဝန်းကျင်နားမှာ အမြဲရှိနေတာ၊ မှိုနဲ့ထိတွေ့နေတဲ့ပစ္စည်းတွေ သတိမထားမိဘဲ အသုံးပြုပါများတယ်ဆို
- အရင်ဆုံး အသားရည်ပြဿနာတွေအနေနဲ့ အရေပြား ခြောက်သွေ့ယားယံတာ၊ အနီကွက်တွေ၊ အနီစက်တွေ ဖြစ်တာအပါအဝင် မျက်လုံးယားယံတာ၊ နှာချေ၊ချောင်းဆိုးတာ စသဖြင့် အစောပိုင်းလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- ဒီကနေ ကိုယ်ခန္ဓာကိုက်ခဲနာကျင်တာ၊ ဖျားတာ၊ ကိုယ်ပူတာ၊ အသက်ရှုကြပ်တာ စတဲ့ ပြင်းထန်လက္ခဏာတွေကနေ ကိုယ်ခံအားစနစ်နဲ့ အာရုံကြောစနစ်တွေပါ ထိခိုက်လာနိုင်တာပါ။
- ပန်းနာရင်ကျပ်၊ အဆုတ်ရောင်၊ ဓာတ်မတည့် စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါအခံ ရှိတဲ့သူတွေမှာ မှိုရဲ့ဆိုးကျိုးကို ပိုခံစားရနိုင်တာမလို့ မပေါ့ဆသင့်ပါဘူး။

ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေက
ရှာလကာရည်နဲ့ Baking Soda - သဘာဝအကျဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ ဒီအိမ်သုံးပစ္စည်းတွေပါပဲ။ အဖြူရောင် ရှာလကာရည်က မှိုအမျိုးအစား ၈၂မျိုးကို သေစေနိုင်ပြီး မှိုတွေရှိနေတဲ့ နေရာကို စပရေးဗူးနဲ့ တိုက်ရိုက်ဖြန်းပေးကာ ၁နာရီလောက် ဒီတိုင်းထားပေးပြီး ပွတ်တိုက်ဆေးကြောပေးနိုင်ပါတယ်။ Baking Sodaကိုတော့ ရေနဲ့ ရောဖျော်ပေးပြီး မှိုနေရာတွေ ဖျန်းပေးမယ်ဆို အစိုဓာတ်ကို စုပ်ယူပေးနိုင်တာမို့ မှိုတွေပေါက်ဖွားလာမှုကို လျော့ချပေးနိုင်ပါတယ်။
Dehumidifier - အခန်းပတ်ဝန်းကျင်မှာ စိုထိုင်းဆတွေများတယ်ဆို နေရောင်လည်း ကောင်းကောင်းမရဘဲ မှိုစွဲနိုင်ခြေများတာမို့လို့ အိမ်တွင်းမှာ ဒီအစိုဓာတ်ကို တတ်နိုင်သလောက် လျော့ချနိုင်ဖို့လိုပါတယ်။ မှိုမစွဲဖို့ဆို အခန်းတွင်း စိုထိုင်းဆက ၆၀% အောက် လျော့နည်းနေမှ ရမှာမို့လို့ ရေငွေ့စုပ်ယူပေးတဲ့ Dehumidifier တစ်ခုရှိထားတာက အကျိုးကျေးဇူးများစေမှာပါ။ အထူးသဖြင့် မိုးရာသီမှာ အလိုအပ်ဆုံးဖြစ်မှာမို့လို့ ဆောင်ထားရင် မမှားတဲ့ပစ္စည်းတစ်ခုပါပဲ။
လေဝင်လေထွက်ကောင်းစေမှု - ဖြစ်နိုင်ရင် အိမ်ပြတင်းပေါက်တွေ ဖွင့်ထားတာ အကောင်းဆုံးပါပဲ။ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာတို့မှာ Exhaust Fans (လေစုပ်ပန်ကာ) တွေ တပ်ဆင်ထားသင့်ပြီး Air Con ခဏခဏ ဖွင့်သုံးတတ်တယ်ဆို လေအဝင်အထွက်မှာ အညစ်အကြေးတွေ ကာထားပေးတဲ့ Air Vent (လေစစ်ဇကာ)တွေကို ပစ္စည်းတွေနဲ့ မပိတ်အောင်၊ မညစ်ပေနေအောင် ဂရုပြုပေးရမှာပါ။ တတ်နိုင်သလောက် အခန်းတွင်းမှာရှိတဲ့ နံရံ၊ ကြမ်းခင်းတွေကို ခြောက်သွေ့နေဖို့အတွက် ကောင်းမွန်တဲ့ လေဝင်လေထွက်ရှိဖို့ အရေးကြီးဆုံးပါ။
ယိုစိမ့်မှုမရှိစေဖို့ - အိမ်မှာ ရေပိုက်ပေါက်တာ၊ ပိတ်တာ၊ မျက်နှာကျက်မိုးယိုတာတွေ ဖြစ်တတ်တယ်ဆို ကြိုတင်စစ်ဆေးပြင်ဆင်ထားဖို့ လိုပါတယ်။ ဘာလို့ဆို မှိုပေါက်ဖွားရာအစဖြစ်တဲ့ ရေနဲ့ စိုထိုင်းဆများမှုက ဒီလိုရေစိမ့်တတ်တဲ့ နံရံနဲ့ ကြမ်းခင်းတွေအောက်မှာ မှိုစွဲစေတဲ့ ဖြစ်နိုင်ခြေအများကြီး ရှိပါတယ်။
ပုံမှန်သန့်ရှင်းမှု - သန့်ရှင်းရေးပစ္စည်းတွေ၊ အထူးသဖြင့် ကြမ်းတိုက်တဲ့အဝတ်တွေကို ဒီတိုင်းပုံထားတာမျိုး မလုပ်ဘဲ အကုန်လုံးကိုပါ သန့်သန့်ရှင်းရှင်းလျှော်ဖွတ်ပြီး အခြောက်လှန်းပေးဖို့ လိုပါတယ်။ ရေချိုးခန်း၊ အိမ်သာ စတဲ့ အမြဲတမ်းစိုစွတ်နေနိုင်တဲ့ နေရာတွေကို မှိုမစွဲအောင် ဂရုတစိုက်နဲ့ ပုံမှန်သန့်ရှင်းနိုင်ဖို့ကလည်း အရေးကြီးပြန်ပါတယ်။
တစ်ခုရှိတာက အိမ်တွင်းမှာ ဒီလိုပုံမှန်သန့်ရှင်းမှုတွေ ရှိပေမယ့်လည်း မှိုအကွက်တွေက ပြန်ပေါ်လာတယ်၊ ပိုကြီးကြီးလာတယ်၊ အနံ့အသက်တွေဆိုးလာပြီး ကျန်းမာရေးထိခိုက်လာတယ်ဆို မှိုတွေကို အမြစ်ပြတ် ဖယ်ရှားဖို့၊ ပြန်လည်ပြုပြင်ဖို့နဲ့ အိမ်တွင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်နိုင်ဖို့ရာအတွက် ကျွမ်းကျင်ရာ သန့်ရှင်းမှုအကူအညီကို ရယူသင့်ပါပြီ။

နောက်ထပ်မဖြစ်အောင်ဆိုရင်
မှိုကြောင့် မျက်နှာကြက်တွေ၊ နံရံတွေ၊ အိမ်သုံးပစ္စည်းတွေ ပျက်စီးသွားလို့ ပြန်လည်ပြင်ဆင်ကြပြီဆို ပြင်ရခက်ပြီး ကုန်ကျစရိတ်လည်း မနည်းလှပါဘူး။ ဒါကြောင့် မိုးမကျခင်ဖြစ်ဖြစ် ကြိုတင်ပြင်ဆင်နိုင်ဖို့ အရေးကြီးပြီး ဒီလိုပြင်ဆင်ထားတာတောင်မှ မိုးတွင်းမှာ အခက်မသင့်ရင် အိမ်ထဲမှာရှိတဲ့ အသေးအမွှားအမှုန်လေးတွေကနေတောင် မှိုဖြစ်စေနိုင်တာပါ။
- ဒါကြောင့် မှိုတွေကို ဖိတ်ခေါ််နိုင်တဲ့ စာအုပ်ပုံတွေ၊ အဝတ်အထည်ဟောင်းတွေ၊ ဖိနပ်ဟောင်းတွေ၊ ပရိဘောဂတွေကို ရှင်းသင့်တာ ရှင်း၊ ပစ်သင့်တာ ပစ်ဖို့ အကြံပြုလိုပါတယ်။ ပြီးတော့ ပရိဘောဂတွေကိုလည်း ပူးပူးကပ်ကပ်ထားတာ၊ နံရံနဲ့ ကပ်ထားတာမျိုး မပြုလုပ်သင့်ပါဘူး။
- ဟင်းချက်တဲ့အခါ၊ ပန်းကန်ဆေးတဲ့အခါ၊ သန့်ရှင်းရေးလုပ်တဲ့ အခါတွေမှာလည်း ပြတင်းပေါက်တွေ ဖွင့်ထားဖို့ လိုပြီး ရေချိုးခန်း၊ အိမ်သာတို့ အသုံးပြုပြီးတဲ့အခါတိုင်း ခြောက်ခြောက်သွေ့သွေ့ရှိနေစေဖို့ လိုပါတယ်။
- အထူးသဖြင့် မိုးတွင်းမှာဆို အဝတ်တွေအများကြီး တခါတည်းလျှော်ပြီး အိမ်ထဲမှာ ဟိုဟိုဒီဒီလှမ်းတာမျိုး တွေကြောင့် အဝတ်တွေလည်း မခြောက်၊ အိမ်ထဲမှာလည်း စိုထိုင်းဆတွေ အောင်းနေနိုင်တာကြောင့် ရှောင်ကြဥ်သင့်ပါတယ်နော်။
ဒီလောက်ဆိုရင်တော့ အိမ်မှာ မှိုစွဲတာတွေဖြစ်လာပြီဆို အပေါ်မှာပြောပြထားတဲ့ ပုံမှန်အိမ်တွင်းသန့်ရှင်းရေးတွေ လုပ်မယ်၊ စိုထိုင်းဆကို တတ်နိုင်သလောက် လျော့ချမယ်၊ လေဝင်လေထွက်ကောင်းအောင် လုပ်ထားမယ်ဆို ကိုယ့်အိမ်နဲ့ တစ်မိသားစုလုံးအတွက် ဖြစ်လာနိုင်တဲ့ မှိုအန္တရာယ်ကို လျော့ချထားနိုင်မှာပါ။
Comments