နေအပူဒဏ်အတွက် Sunscreen ကောင်းကောင်း ရွေးချယ်နိုင်ဖို့ဆို

Posted in ကျန်းမာရေး


တစ်နှစ်ထက်တစ်နှစ် မြှင့်တက်လာတဲ့အပူချိန်တွေက မထင်မှတ်ထားလောက်အောင် ပြင်းထန်လာတာ အားလုံး သတိထားမိကြမှာပါ။ ပူပြင်းတဲ့ နေရောင်နဲ့အတူ လွန်ကဲတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ပေါများလာတဲ့ လေထု စိုထိုင်းဆတွေက အသားရည်ကို ပျက်စီးစေပြီး ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေ ရှိလို့နေပါတယ်။ ကိုယ်တိုင်က အပူပိုင်း‌ဒေသတွေမှာ နေထိုင်တယ်၊ အမြဲ အပြင်ထွက် အလုပ်လုပ်ရတယ်ဆို အသားရည်ကို နေဒဏ်ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်ပြီး အရိပ်အာဝါသအောက် နေထိုင်အလုပ်လုပ်ရရင်တောင် ပြတင်းပေါက်တွေ မျက်နှာကျက်တွေကနေ ပြင်းထန်တဲ့ နေရောင်ထိုးဖောက်နိုင်တာမို့ လူကြီးလူငယ်မ‌ရွေး Sunscreen လိမ်းထားပေးဖို့ လိုအပ်သေးတာပါ။ ဒီတော့ လာမယ့်နွေရာသီမှာ ကိုယ့်အသားရည် မပျက်စီးအောင် ကြိုတင်ကာကွယ်ထားဖို့အပြင် မရှိမဖြစ် Sunscreen ကောင်းတစ်ခုကို ရှာဖွေရွေးချယ်နိုင်ဖို့ အချက်လေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ်။ 

UV rays တွေအကြောင်း

နွေရာသီမှ မဟုတ်ဘဲ တစ်နှစ်ပတ်လုံးနီးပါး ပူပြင်းနေတတ်တဲ့ မြန်မာနိုင်ငံရဲ့ နေ‌ရောင်ခြည်မှာ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ အနည်းအများရှိနေပါတယ်။ နွေမှာဆို ပိုမိုပူပြင်းလာတာမို့ ကြိုတင်ကာကွယ်မှုတွေ မရှိထားဘူးဆို ဆိုးကျိုးအနေနဲ့ အသားလောင်တာ၊ တင်းတိတ်ဖြစ်တာ၊ အရွယ်မတိုင်ခင် အ‌ရေးအကြောင်းနဲ့ အမည်းစက်တွေ ပေါ်တာနဲ့ အရည်ပြားကင်ဆာတွေအထိ ဖြစ်နိုင်ပါတယ်။ ကိုယ့်အသားရည်နဲ့ လိုက်ဖက်တဲ့ Sunscreen ရွေးချယ်အသုံးပြုနိုင်ဖို့ဆို ဘယ်လို Sunscreen အမျိုးအစားတွေ ရှိမလဲဆိုတာ သိရှိထားသင့်ပါတယ်နော်။ 

UVA နဲ့ UVB ဆိုပြီး ခရမ်းလွန်ရောင်ခြည် (UV rays) နှစ်မျိုးရှိပါတယ်။ 

UVA ရောင်ခြည်က အသားရည်ထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်နိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ အမည်းစက်တွေ ဖြစ်စေတာပါ။ ဒီလို UVA ရောင်ခြည်တွေကို ကာကွယ်ပေးမယ့် PA+ သို့မဟုတ် PA+++ (UVA Protection Rate) အဆင့်များများပါဝင်လေ ပိုကာကွယ်နိုင်တဲ့ sunscreens ကိုရွေးချယ်သင့်ပါတယ်။ နေလောင်စေတဲ့ UVBရောင်ခြည်ကလည်း တိုက်ရိုက် ထိတွေ့မိရင် အသားရည်ကို ပျက်စီးစေနိုင်ပြီး SPF (Sun Protection Factor) လို့သိကြတဲ့ နေရောင်ကာကွယ်နိုင်တဲ့ အဆင့်အနည်းဆုံး SPF 30+ ရှိတဲ့ sunscreensကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

သိထားသင့်တဲ့ Sunscreen အမျိုးအစားများ

ဒီလို UVA, UVB ရောင်ခြည်တွေ ကာကွယ်နိုင်တဲ့ နေလောင်ကာခရင်မ်ကိုမှ ကိုယ့်အသားရည်နဲ့ လိုက်ဖက်တဲ့ ခရင်မ်အမျိုးအစား ‌ရွေးချယ်နိုင်ဖို့ လိုသေးတာပါ။

Chemical Sunscreens - ဒီ နေလောင်ကာခရင်မ်အမျိုးအစားက နေ့တိုင်းအတွက် ပေါ့ပေါ့ပါးပါးလိမ်းနိုင်ပြီး UV raysတွေကို စုပ်ယူကာ အပူအဖြစ် ဓာတုပြိုကွဲပေးနိုင်တာပါ။ ပူပြင်းစိုစွတ်တဲ့နိုင်ငံမှာ နေထိုင်သူတွေအတွက် အသင့်တော်ဆုံး Sunscreen တစ်မျိုးဖြစ်ကာ လိမ်းရင်လည်း အဆီမပြန်စေပါဘူး။ ဒီ Chemical Sunscreen ဝယ်မယ်ဆို avobenzone၊ oxybenzone သို့မဟုတ် octinoxate ပါဝင်တဲ့ နေလောင်ကာ ခရင်မ်အမျိုးအစားတွေ ဝယ်ယူနိုင်ပါတယ်။

Physical Sunscreens - Physical Sunscreensတွေကတော့ အရည်ပြားပေါ်မှာ ရောက်လာတဲ့ UV raysတွေကို ရောင်ပြန်ကာကွယ်ပေးနိုင်ပြီး ချွေးပေါက်လည်း မပိတ်စေတာမို့ ဓာတ်မတည့်တတ်တဲ့ အသားရည်ပိုင်ရှင်တို့အတွက် ပိုမိုသင့်တော်ပါတယ်။ ရွေးချယ်ရာမှာ Zinc oxide သို့မဟုတ် titanium dioxide ပါဝင်တဲ့ နေလောင်ကာ ခရင်မ်အမျိုးအစားတွေဟာ Physical Sunscreens တွေ ဖြစ်ပါတယ်။

Hybrid Sunscreens - သူကတော့ အပေါ်က Chemicalနဲ့ Physical နှစ်မျိုးလုံးရဲ့ အာနိသင်တွေ ပါဝင်တာမို့ နေရောင်ဒဏ်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကာကွယ်နိုင်တာပါ။ အစိုဓာတ်လည်း ထိန်းထားနိုင်ပြီး လိမ်းထားရင်လည်း ပေါ့ပေါ့ပါးပါးရှိတာမို့ ရွေးချယ်သင့်တဲ့ Sunscreens အမျိုးအစားတွေထဲ အပါအဝင်ဖြစ်ပါတယ်။

Water Resistance Sunscreens - ဒီနိုင်ငံမှာတော့ သိပ်အသုံးမများကြပေမယ့် ရေစို၊ ချွေးစိုခံနိုင်တဲ့ ဒီနေလောင်ကာခရင်မ်ဟာ ဆိုရင် ရေနဲ့ထိတွေ့တာများတဲ့သူ၊ ကမ်းခြေခရီးသွားသူတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး လေထုစိုထိုင်းဆ များချိန်မှာ အသုံးပြုနိုင်တဲ့ နေလောင်ကာခရင်မ်ဖြစ်ပါတယ်။

ဘယ်လိုလိမ်းရမလဲ

ကိုယ့်အသားရည်နဲ့ လိုက်ဖက်ပြီး SPF 30+ နဲ့ PA+++ ပါဝင်တဲ့ နေလောင်ကာခရင်မ်တွေ ရွေးချယ်ဝယ်ယူပြီးပြီဆို နေ့တိုင်း လိမ်းနေဖို့က အရေးကြီးဆုံးပါပဲ။ အပြင်ထွက်တာများတယ်ဆို စိုထိုင်းဆနဲ့ ချွေးတွေကြောင့် လိမ်းထားတဲ့ sunscreen ပျက်သွားစေတတ်လို့ ၂နာရီ သို့ ၃နာရီခြား တစ်ခါ ပြန်လိမ်းပေးနေသင့်တာပါ။ နွေရာသီမှာဆို မနက် ၁၀နာရီကနေ ညနေ ၄နာရီအထိက UV raysတွေ အများဆုံးရှိနေနိုင်တာမို့ အတတ်နိုင်ဆုံး အရိပ်အတွင်းမှာ နေဖို့လည်း အကြုံပြုလိုပါတယ်။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆို မျက်နှာ၊ လည်ပင်း၊ လက်နဲ့ ခြေထောက်တွေမှာ sunscreenအနှံ့ လိမ်းပေးထားရင် အကောင်းဆုံးဖြစ်ပြီး အပူဒဏ်ကာကွယ်နိုင်တဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစား၊ ဦးထုပ်နဲ့ မျက်မှန်တွေကလည်း နွေအတွက် အရေးပါတဲ့ အသုံးအဆောင်တွေဖြစ်ပါတယ်။

ကလေး လူကြီးမရွေး နွေရာသီရောက်ပြီဆို ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပြီး အသားရည်ကိုလည်း ပုံမှန်ရာသီတွေထက် ပိုဂရုစိုက်သင့်တာပါ။ အပေါ်မှာ ပြောပြထားတဲ့ UV rays တွေအကြောင်းနဲ့ sunscreen ရွေးချယ်နည်းတွေကို ကြိုတင်သိထားတော့ လာမယ့်နွေရာသီမှာရော တစ်နှစ်ပတ်လုံးမှာပါ အသားရည်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ထားနိုင်တာပေါ့။ 


Share

Comments

Related Posts