
ကလေးငယ်တစ်ဦး လူ့ဘဝထဲ စရောက်လာတာကနေ လူလားမြောက်တဲ့အထိ ပြုစုပျိုးထောင်ရတဲ့ မိဘတွေရဲ့ အခန်းကဏ္ဍဟာ ထင်သလောက် မရိုးရှင်းလှပါဘူး။ ခေတ်ကာလရဲ့ လူမှုရေး၊ စီးပွားရေး စတဲ့ အဘက်ဘက်က ဖိအားတွေနဲ့အတူ ကိုယ်ကနေ ဆင့်ပွားတည်ရှိလာတဲ့ သားသမီးလေးတွေကို ထိန်းကျောင်းသွန်သင်ရာမှာ ကိုယ်ပိုင်တစ်ဖက်သတ် အတွေးအမြင်တွေ၊ ငယ်ဘဝ ဖြတ်သန်းခဲ့မှုတွေအတိုင်း သွန်သင်တာမျိုး မဟုတ်ဘဲ ကလေးနဲ့ သင့်တော်လိုက်ဖက်ပြီး မှန်ကန်တဲ့ ထိန်းကျောင်းသွန်သင်မှုတွေ ရှိကိုရှိသင့်တာပါ။ ဒီလိုမှမဟုတ်ဘဲ ကလေးငယ်ငယ်တည်းက မိဘရဲ့ နွေးထွေးတဲ့ လမ်းပြအုပ်ထိန်းမှုကောင်းကောင်းမရခဲ့ဘူးဆို ဖြစ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေက ကလေးဘဝတစ်လျှောက်လုံး ထင်ဟပ်နိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ကလေးတွေကို ဆုံးမသွန်သင်တဲ့အခါမှာ အုပ်ထိန်းသူတို့ မရည်ရွယ်ဘဲ လုပ်မိနေတဲ့ မကောင်းတဲ့ ဆက်ဆံရေးတွေ၊ သွန်သင်လမ်းပြမှုအမှားတွေကို ရှောင်ကြဥ်ပြီး နည်းမှန်လမ်းမှန်နဲ့ ညွှန်ပြစောင့်ရှောက်နိုင်မဲ့ နည်းလမ်းကောင်းတစ်ချို့ကို မျှဝေချင်ပါတယ်။
ပထမဆုံးအနေနဲ့ လွဲမှားနေတဲ့ ထိန်းကျောင်းသွန်သင်နည်းတွေဆိုတာ မိဘ သို့ အုပ်ထိန်းသူတွေက ကလေးအပေါ်မှာ စိတ်မရှည်တာ၊ စိတ်တိုလွယ်တာ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မပေးတာ ကနေ အစပြုတတ်ပါတယ်။ ပုံမှန်စကားပြောတဲ့အခါမှာတောင် အသံမာမာနဲ့ မြန်မြန် ပြောမိနေတာတွေ၊ ကလေးက အမှားလုပ်မိရင် သည်းမခံနိုင်တာ၊ ကလေးရှေ့မှာ စိတ်မရှည်သလို သက်ပြင်းချတာ စသဖြင့် ဒီလိုအပြုအမူနဲ့ တုံ့ပြန်မှုတွေက ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားရစေတာပါ။

ဒေါသနဲ့ ဆူပူကြိမ်းမောင်းတာ
ကလေးအများစု စိတ်ဒဏ်ရာရစေတဲ့ အကြောင်းအရင်းတွေထဲမှာ သူတို့လေးတွေ မရည်ရွယ်လုပ်လိုက်မိတဲ့ အမှားသေးသေးလေးတွေအပေါ် ဆူပူကြိမ်းမောင်းတာ၊ အခန့်မသင့်ရင် လက်ပါတာတွေ၊ ကလေးကို တိုက်ရိုက်မဟုတ်တောင် မိဘ သို့ ပတ်ဝန်းကျင်ရဲ့ ရန်ဖြစ်ဆူညံမှုတွေကနေ အများစု ဖြစ်တတ်တာပါ။ ဒီကနေ ဖြစ်လာတဲ့ ထိတ်လန့်ကြောက်ရွံ့မှုနဲ့အတူ ဘာလုပ်လုပ် အမှားလုပ်မိမှာ စိုးရိမ်လာတာ၊ လူတောမတိုးတာတွေ စသဖြင့် ဆိုးကျိုးတွေလည်း များလှပါတယ်။
ဒီလိုမဖြစ်ရအောင် ကလေးကို သွန်သင်ဆုံးမနေရင်း ကိုယ့်ကို စိတ်ပျက်စေတဲ့ အမှားတစ်ခုခု လုပ်မိတယ်ဆို ချက်ချင်းဖြစ်ပေါ်လာတဲ့ ဒေါသနဲ့ မတုံ့ပြန်ဖို့ အရေးကြီးဆုံးပါ။ ကျိုးကြောင်း ဆင်ခြင်သုံးသပ်နိုင်ဖို့ ၃စက္ကန့်လောက် ခဏရပ်ကာ စိတ်ရှည်ဖို့ နည်းလမ်းကို ရွေးချယ်ဖို့လိုပါတယ်။

ကိုယ်တိုင်အကုန် လိုက်လုပ်ပေးတာ
ငယ်ရွယ်နုနယ်လွန်းတဲ့ အရွယ်လေးတွေကတော့ ချွင်းချက်ထားပြီး ကလေးတို့ ကိုယ်ပိုင် စဥ်းစားတွေးခေါ် ပြီး ဆုံးဖြတ်ချက်လေးတွေချတတ်ဖို့ စတင်သင်ကြားပေးသင့်တဲ့ အရွယ်မှာဆို သူတို့လေးတွေ အမှားလုပ်မိမှာ စိုးတဲ့စိတ်၊ စိတ်မရှည်တဲ့စိတ်နဲ့ မိဘတွေကိုယ်တိုင် အရာအားလုံးကို ညွှန်ကြား လုပ်ကိုင်ပေးမိကြမှာပါ။ ဒီလို အမြဲတမ်း အချိန်ကြာကြာလုပ်ပေးနေတာက ကလေးအတွက် ရေရှည်မှာ ဆိုးကျိုးတွေရှိနိုင်ပြီး ကိုယ်အားကိုယ်ကိုး လုပ်ကိုင်နိုင်စွမ်းမရှိတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ စသဖြင့် အုပ်ထိန်းသူအပေါ်မှာပဲ အမှီသဟဲပြုသွားတတ်တာပါ။ မိဘတွေဘက်က ကြည့်ရင်လည်း အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးကာ ပင်ပန်းလာတတ်ပြီး ကလေးအပေါ် ဒီဖိစီးမှုတွေ ပုံချလာတတ်ပါတယ်။
ဒီလိုမဖြစ်ရအောင် ကလေးအရွယ်အလိုက် အိမ်မှုကိစ္စအသေးလေးတွေ တာဝန်ခွဲဝေပေးကြည့်ပြီး သူတို့လေးတွေအပေါ်မှာ ယုံကြည်ကာ စိတ်ဓာတ်ခွန်အားပေးရင်း အတူတကွလုပ်ဆောင်ကြရမှာပါ။
ကလေးရဲ့ လိုအပ်ချက်ကို နားမလည်ပေးတာ
ဒီအချက်ကတော့ မိဘတွေ ကိုယ်တိုင်အတွေ့အကြုံနဲ့ ကြီးပြင်းလာခဲ့ရတဲ့ အုပ်ထိန်းမှုပုံစံနဲ့ ပတ်ဝန်းကျင်အပေါ် အများအားဖြင့် မူတည်နေတတ်ပါတယ်။ ကလေးအုပ်ထိန်းတဲ့အခါမှာ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ပုံစံအတိုင်း တစ်ယူသန်ကာ ကိုယ်ပြောတာအမှန်၊ ကိုယ်လုပ်ခိုင်းတာ အမှန်ဖြစ်နေပြီး ကလေးနဲ့ သင့်တော်လိုက်ဖက်တဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မတွေးမိတော့တာပါ။
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ ကလေးတွေရဲ့ ဘဝလမ်းကြောင်းက လူကြီးမိဘတွေရဲ့ ငယ်စဥ်ကာလက ဘဝလမ်းကြောင်းအတိုင်း ထပ်တူမကျနိုင်တော့တဲ့အတွက် သူတို့လေးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ လိုအပ်ချက်ကိုလည်း ထည့်သွင်းဖြည့်ဆည်းပေးဖို့ လိုအပ်ပါသေးတယ်။ ဒါကြောင့် မိဘနဲ့ သားသမီးကြား ပြောဆိုဆက်ဆံရေးပြေလည်နေဖို့ မိဘတွေဘက်က နည်းမှန်လမ်းမှန်နဲ့ နားလည်မှုရယူကာ ဖြေရှင်းလို့လိုပါတယ်။
ကလေးတွေက ပြုစုပျိုးထောင်တဲ့နေရာမှာ မိဘ သို့ အုပ်ထိန်းသူရဲ့ စိတ်ခံစားမှုနဲ့ ထိန်းကျောင်းသွန်သင်မှုပုံစံတွေက ကလေးရဲ့ အနာဂတ်အပေါ် သက်ရောက်မှုအများကြီး ရှိပါတယ်။ အပေါ်မှာ ပြောပြထားတဲ့ ဆုံးမသွန်သင်မှုနည်းလမ်းအမှားတွေကို ရှောင်ကြဥ်ပြီး ကိုယ့်ရဲ့ ရင်နှစ်သည်းချာ ကလေးငယ်တွေရဲ့ ဘဝတိုးတက်အောင်မြင်ဖို့နဲ့ စိတ်လုံခြုံပျော်ရွှင်ဖို့ ဦးစားပေးရင်း လှပနွေးထွေးတဲ့ ဘဝလေးတွေကို ဖန်တီးကြပါစို့နော်။
Comments