ခရီးသွားတဲ့အခါ နားအူတာ၊ နားပိတ်တာကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့

Posted in ကျန်းမာရေး


ကားနဲ့ဖြစ်ဖြစ်၊ လေယာဥ်နဲ့ဖြစ်ဖြစ် ခရီးသွားကြတဲ့အခါ နားအူတာ၊ နားပိတ်တာ စသဖြင့် နေရထိုင်ရခက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ဖူးကြမှာပါ။ ခရီးသွားမှ မဟုတ်ဘဲ တစ်မြို့ထဲ တစ်နေရာကနေ တစ်နေရာ သွားတဲ့အခါ ကားတို့၊ အများသုံးဘတ်စ်ကားတို့နဲ့ သွားလာကြရင်တောင် အခန့်မသင့်ရင် နားပိတ်တာ၊ ကားမူးတာတို့ ဖြစ်တတ်ကြသေးတာမို့လို့ လျော့တွက်သင့်တဲ့ ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ တောင်ပေါ်‌‌ ‌ဒေသတွေနဲ့ မြေပြန့်‌ဒေသတွေကို ကား သို့ လေယာဥ် တို့နဲ့ ကူးချည်သန်းချည် သွားနေကြသူအတွက် အထွေအထူးမဟုတ်ပေမယ့် တစ်ခါတစ်လေ သွားလာကြတဲ့ ခရီးသွားတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပဲပေါ့။  ဒီလို နားပိတ်တာမျိုးက ပြင်ပ လေထုဖိအားနဲ့ နားအတွင်းက လေထုဖိအားတို့ မတူညီတာကြောင့် အဓိကဖြစ်တတ်ပြီး ပူနွေးစိုစွတ်တဲ့ ရာသီဥတုနဲ့ လေထုညစ်ညမ်းတာတွေကြောင့်လည်း နားဖိအားပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဆိုတော့…အကြောင်းအမျိုးမျိုးကြောင့် သွားရင်းလာရင်း နားပိတ်တာ၊ နားအူတာမျိုး ဖြစ်လာရင် ဘယ်လိုသက်သာပျောက်ကင်းအောင် လုပ်ကြမလဲဆိုတာ ဒီဆောင်းပါးကနေ အဖြေရှာကြည့်ရအောင်။ 

ဖြစ်တတ်တဲ့ အကြောင်းရင်း

နားအူတယ်၊ နားပိတ်တယ်ဆိုတာဟာ လေယာဥ်စီးတဲ့အခါ၊ တောင်ပေါ်ဒေသတွေ ကားနဲ့ ခရီးသွားတဲ့အခါ လေထုဖိအား ရုတ်တရက်ပြောင်းလဲမှုကြောင့် နားအတွင်း (middle ear)မှာ ဖြစ်လာတတ်တဲ့ Ear barotrauma (ခေါ်)  နားဖိအားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် နားအတွင်းနောက်ဘက်နဲ့ လည်ချောင်းအနောက်ဘက်ကို ဆက်သွယ်ထားတဲ့ Eustachian Tubes လို့ခေါ်တဲ့ လမ်းကြောင်းလေးမှာ ဖိအားဖြစ်လာလို့ သူပုံမှန်လုပ်ဆောင်နေကြဖြစ်တဲ့ အပြင်က လေကို နားအတွင်း (middle ear)ကို ပို့ပေးနိုင်ဖို့ နားနှစ်ဖက်လုံးရဲ့ လေဖိအားကို ထိန်းညှိမပေးနိုင်တော့ပါဘူး။

တစ်ခါတလေ အထပ်မြင့်ကနေ ဓာတ်လှေကားစီးတဲ့အခါမှာလည်း အခန့်မသင့်ရင် ဖြစ်တတ်သလို ရေကူးကန် သို့ ပင်လယ်နက်နက်ကို ဆင်းကြတဲ့အခါမှာလည်း ရေထုဖိအားကြောင့်လည်း နားဖိအားပြဿနာတွေ ဖြစ်တတ်သေးတာပါ။ ဒါပေမယ့် ဒီလိုဖြစ်တာဟာ ယာယီမျှသာ ဖြစ်ပြီး ဖိအားအပြောင်းအလဲတွေ ရပ်သွားတာနဲ့အတူ နားအူတာ၊ နားပိတ်တာတွေလည်း သက်သာသွားနိုင်ပါတယ်။ လက္ခဏာတွေကတော့ သိသိသာသာ ခံစားရတဲ့ နားမှာ တစ်ခုခုပိတ်နေသလို နေရထိုင်ရခက်နေတာအပြင် မူးဝေတာ၊ နားအတွင်း နာကျင်တာအထိကို ဖြစ်စေတတ်တာပါ။Image credit to Mungfali.com

ပျောက်ကင်းစေတဲ့နည်းတွေ

အဓိကကတော့ လေယာဥ်နဲ့ခရီးသွားကြတဲ့အခါ လေယာဥ်ဆင်းချိန်၊ တက်ချိန်မှာ ရေအနည်းငယ် သောက်တာ၊ သွားရည်မျိုချတာ၊ သန်းဝေတာတို့ကို သတိတရလုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှ အပေါ်မှာ ပြောပြထားတဲ့ Eustachian Tubesလေး ပွင့်နေစေပြီး သူ ကျယ်ကျယ်ပွင့်လေ၊ နားနှစ်ဖက်လုံးမှာ ရှိတဲ့ လေဖိအားကို ပိုမိုထိန်းညှိထားပေးနိုင်ပါတယ်။ ဒါကတော့ အလွယ်ဆုံးနည်းလမ်းဖြစ်ပြီး မသက်သာသေးဘူးဆို ဒီအသက်ရှူနည်းလမ်းတွေဖြစ်တဲ့ 

Valsalva Maneuver - နှာခေါင်းကို လက်ကို ညှစ်ထားပြီး ပါးစပ်ကို ပိတ်ထားကာ လေပူဖောင်းမှုတ်သလို အတွင်းထဲက မှုတ်ထုတ်လိုက်ပါ။ ဒါက နားအတွင်းက Eustachian tubesကို လေပိုရောက်စေပြီး ဖိအားညှိနိုင်ဖို့ အကူအညီဖြစ်စေပါတယ်။

Toynbee Maneuver - နှာခေါင်းပိတ်ထားပြီး မျိုချတာကို တစ်ပြိုင်တည်း လုပ်ဆောင်ကြည့်ပါ။ ဒီနည်းက နားအတွင်းလမ်းကြောင်းတွေကို ပွင့်စေနိုင်ပြီး နေရထိုင်ရခက်နေတာကို လျော့ချပေးနိုင်ပါတယ်။

Earplugs အသုံးပြုတာ၊ ပီကေ ဝါးတာတို့ကလည်း နားအူတာ၊ နားပိတ်တာတို့ကို အထိုက်အလျောက် လျော့ချနိုင်ပြီး ဒါက ကလေးငယ်တွေမှာလည်း ဖြစ်တတ်သေးတာမို့ လူကြီးတွေနည်းတူ အရည်တစ်ခုခု တိုက်ထားပြီး မျိုချတာမျိုး လေ့ကျင့်‌‌ပေးထားမယ်ဆို သူတို့လေးတွေ နားပိတ်တာကို ကာကွယ်နိုင်မှာပါ။ လေထုဖိအား ထိန်းညှိတာနည်းတူ ရေကူးတာ၊ ရေငုပ်တာတို့မှာ ဖြစ်နိုင်တဲ့ ရေထုဖိအားအတက်အကျကိုလည်း ထိန်းညှိနိုင်အောင် ရေထဲမဆင်းခင် လိုအပ်တဲ့ကာကွယ်နည်းတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လုပ်ဆောင်ထားသင့်ပါတယ်။

ဘယ်လိုအကြောင်းကိစ္စကြောင့်ဖြစ်ဖြစ် တစ်နေရာကနေ တစ်နေရာ ခရီးသွားလာကြတဲ့အခါ သက်တောင့်သက်တာရှိစေဖို့နဲ့ ခရီးတွင်ဖို့က အရေးကြီးဆုံးမို့ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေကို ကာကွယ်ထားနိုင်ဖို့လိုပါတယ်။ အခုလို တော်တော်များများဖြစ်တတ်တဲ့ နားဖိအားပြဿနာတွေအတွက် အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေ လိုက်လံလုပ်ဆောင်ကြည့်ပြီး လက္ခဏာတွေက မသက်သာဘူး၊ နားမှာ မကြာခဏ ပြင်းပြင်းထန်ထန် ခံစားလာပြီဆို ကျွမ်းကျင်ရာဆရာဝန်နဲ့ ခရီးထပ်မသွားခင် စစ်ဆေးထားသင့်ပါတယ်။


Share

Comments

Related Posts