ဒေသအလိုက် မတူညီတဲ့ မြန်မာ့ကော်ဖီအရသာများ

Posted in လူမှုဘဝ


စိမ်းညို့ညို့  ရှမ်းတောင်တန်းတွေကနေ မြင့်မြင့်မားမား ချင်းတောင်တန်းတွေအထိ ကျယ်ပြန့်လှတဲ့ မြန်မာ့မြေပေါ်က ကော်ဖီစိုက်ခင်းတွေဟာ ရနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ကော်ဖီ‌တွေကို ထုတ်လုပ်ပေးနေကြတာပါ။ ကော်ဖီစိုက်ပျိုးရာ ဒေသအလိုက် မြေဆီလွှာ၊ ရာသီဥတုနှင့် စိုက်ပျိုးနည်းစနစ်တွေ ကွဲပြားကြတဲ့အတွက် ဒီလိုထူးခြားတဲ့ ကော်ဖီအရသာတွေကို ခံစားနိုင်ကြတာဖြစ်ပြီး ရာသီမ‌‌ရွေး နေရာမရွေး နှစ်သက်စွဲလမ်းစွာ သောက်သုံးနေကြတာလည်း ဖြစ်ပါတယ်။ မြန်မာ့ကော်ဖီဟာ အရသာ ထူးခြားပြည့်စုံတဲ့ ပြည်တွင်းထုတ်ကုန်တစ်ခုဖြစ်ကာ ကော်ဖီစေ့တွေအကြောင်းကလည်း လေ့လာရင် လေ့လာသလောက် စိတ်ဝင်စားဖွယ်ဖြစ်လို့ ကော်ဖီချစ်သူတွေအတွက် ဒီတစ်ခေါက် ဆောင်းပါးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။

ကော်ဖီစေ့အမျိုးအစားတွေ

အရည်အသွေးကောင်းတဲ့ ကော်ဖီစေ့တွေအတွက် မန္တလေးတိုင်းမှာဆို ပြင်ဦးလွင်၊ ချင်းပြည်နယ်မှာဆို တီးတိန်နဲ့ ရှမ်းပြည်နယ်မှာဆို ရွာငံနဲ့ ဟိုပုံး ဒေသတွေမှာ အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပြီး ပြင်ဦးလွင်နဲ့ ရွာငံတို့က ထွက်ရှိတဲ့ မြန်မာ့အာရေးဗီကား (Arabica) ကော်ဖီကတော့ ပြည်ပအထိပါ တင်ပို့ရောင်းချရတာပါ။ သူ့ရဲ့ အနံ့လေးက မွှေးကြိုင်ကာ အရသာကလည်း ခံတွင်းရှင်းရှင်းနဲ့ အရသာညီမျှပြည့်မှီပြီး ချောကလက်ဆန်ဆန် အရသာလေးနဲ့ လူကြိုက်လည်းများကြတာကြောင့် ကော်ဖီဆိုင်တွေမှာလည်း ရောင်းချကြတဲ့အပြင် ကိုယ်တိုင်ကော်ဖီစေ့ကို အဆင့်ဆင့်လှော်ကာ သောက်တတ်ကြပါသေးတယ်။

နောက်ထပ်စိုက်ပျိုးကြတဲ့ ကော်ဖီစေ့အမျိုးအစားကတော့ ရိုဘတ်စတာ (Robusta) ကော်ဖီစေ့တွေဖြစ်ပြီး စျေးသက်သက်သာသာနဲ့ အများဆုံးသောက်သုံးတတ်ကြတဲ့ အသင့်ဖျော်ကော်ဖီမှုန့်ထုပ်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ တွေ့ရတတ်မှာပါ။ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ စိုက်ပျိုးအောင်မြင်တဲ့ ရိုဘတ်စတာ ကော်ဖီစေ့တွေက အရသာခါးသက်သက်နဲ့ caffeine ဓာတ်ပါဝင်မှုများတာကြောင့် ကော်ဖီပြင်းပြင်း ချစ်သူတွေ အကြိုက်တွေ့တာလည်းဖြစ်ပါတယ်။

ကော်ဖီစိုက်ပျိုးရာ‌‌‌ဒေသတွေ

ရှမ်းပြည်နယ်၊ ရွာငံဒေသဟာ မြန်မာတို့ရဲ့ အရည်အသွေးကောင်း ကော်ဖီထွက်ရှိရာ ဂုဏ်ယူစရာနေရာလေးဖြစ်လို့နေပါတယ်။ ဘာလို့ဆို ဓနု၊ ပအိုဝ်း ဒေသခံ စိုက်ပျိုးသူတွေရဲ့ ဦးဆောင်မှုနဲ့ ကော်ဖီပင်တွေကနေ ကော်ဖီစေ့တွေကို စနစ်တကျနေလှန်းခြောက်သွေ့စေကာ ဂရုတစိုက်ပြင်ဆင်ထုတ်လုပ်မှုတွေကြောင့် နာမည်ကျော်အောင်မြင်နေရတာပါ။

ကော်ဖီစိုက်ခင်းတွေနဲ့ စိမ်းစိုနေတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ မှာလည်း ထွက်ရှိရာ ကော်ဖီစေ့တွေဟာ အရသာမျှတပြီး လူကြိုက်များကာ အရည်အသွေးလည်း ပြည့်မှီလှပါတယ်။ နေချင့်စဖွယ် ရာသီဥတုအေးအေးနဲ့ ကော်ဖီထွက်ရှိမှုများတာကြောင့်လည်း ကော်ဖီဆိုင်လေးတွေပြည့်နှက်နေတာမို့ ကော်ဖီချစ်သူတို့အတွက်လည်း နိဗ္ဗာန်ဘုံတစ်မျှရယ်ပါ။

လူသိနည်းပေမယ့် တိုးတက်မှုနှုန်းမြန်ဆန်နေတဲ့ ရှမ်းပြည်နယ်၊ ဟိုပုံးဒေသက ကော်ဖီခြံတွေကလည်း မြင့်မားတဲ့တောင်တန်းဒေသတွေမှာ တည်ရှိပြီး အရသာပြည့်စုံတဲ့ ကော်ဖီစေ့တွေထွက်ရှိပါတယ်။ ပအိုဝ်းဒေသခံတို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ဒေသတွင်း ပြည်တွင်းထုတ်ကုန်အနေနဲ့ နေရာယူလျက် တည်ရှိနေတာပါ။

ကော်ဖီစိုက်ပျိုးရာနေရာတွေထဲ ထပ်တိုးလာတဲ့ ချင်းပြည်နယ် တောင်တန်းဒေသက ကော်ဖီခြံတွေဟာလည်း အာရေးဗီကား (Arabica) ကော်ဖီစေ့တွေ ထွက်ရှိအောင်မြင်ဖို့ အလားအလာအရှိဆုံးပါ။ ရာသီဥတုအေးမြပြီး တောင်ကုန်းတောင်တန်းတွေမှာ တည်ရှိနေတဲ့ အဲ့က ကော်ဖီအရသာတွေကလည်း တမူထူးခြားတာမို့ စောင့်မျှော်ကြည့်သင့်စရာ ဒေသတစ်ခုပါပဲ။ 

အခုလို ဒေသအသီးသီးက ထွက်ရှိနေတဲ့ မြန်မာ့ကော်ဖီတွေက တစ်ခါသောက်လိုက်တိုင်းမှာ ကော်ဖီထွက်ရှိရာဒေသတွေရဲ့ ယဥ်ကျေးမှုနဲ့ ဒေသခံတွေရဲ့ နည်းစနစ်ကျကျ ပြင်ဆင်ထုတ်လုပ်မှုတွေကို ထူးခြားပြည့်စုံတဲ့အရသာတွေနဲ့ ပေါင်းစပ်ခံစားရစေတာပါ။ ကော်ဖီချစ်သူတွေအတွက်လည်း အရသာရှိတဲ့ကော်ဖီစေ့တွေ၊ ကော်ဖီထုပ်တွေ ဝယ်ယူအားပေးတိုင်းမှာ ဒေသခံစီးပွားရေးလုပ်ငန်းတွေကိုလည်း အားပေးရာလည်း ရောက်ပြီး မြန်မာ့ကော်ဖီကို ကမ္ဘာအထိ ဆက်လက်ဖြန့်ကျက်နိုင်စေဖို့ ကူညီရာလည်း ရောက်စေပါတယ်။ 


Share

Comments

Related Posts