
အစားအစာတွေကို သေချာ သန့်သန့်ရှင်းရှင်းနဲ့ ကြေကြေညက်ညက် ဝါးစားပေမဲ့လည်း မအီမသာနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်နေတာ၊ ဗိုက်အောင့်ဗိုက်နာ ဖြစ်တာတို့ ကြုံဖူးကြမှာပါ။ ဒီလို အစာအိမ်မှာ မကျန်းမမာနဲ့ နေလို့ထိုင်လို့ မကောင်းတာမျိုးတွေ အချိန်အခါမရွေးဖြစ်တတ်ပြီး ရာသီအပြောင်းအလဲရဲ့ ပူလွန်း၊ အေးလွန်းတာတွေကြောင့်လည်း ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု ဖြစ်စေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားကြတဲ့အခါမှာတောင် အခုလို မိုးအကုန် ဆောင်းအကူး ရာသီဥတုနဲ့ လိုက်ဖက်သင့်တော်နေဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ဝမ်းဗိုက်ပြဿနာတွေကလည်း အကြောင်းရင်းအမျိုးမျိုးကြောင့် အဖြစ်များကြတာမို့ ဒီတစ်ခေါက်ဆောင်းပါးမှာတော့ ရာသီဥတုအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ အစာအိမ်ကျန်းမာရေးအကြောင်းကို ဆောင်ရန်၊ ရှောင်ရန်လေးတွေနဲ့အတူ ပြောပြပေးသွားပါမယ်။

အကြောင်းရင်းနဲ့ လက္ခဏာတွေ
ရာသီဥတုအနည်းငယ် အေးလာတဲ့အချိန် အထူးသဖြင့် မိုးအကုန်၊ ဆောင်းအကူးတွေမှာ ပြင်ပအပူချိန်ကျသွားတတ်ပါတယ်။ ဒီ့အတွက် ခန္ဓာကိုယ်တွင်း အပူချိန်ထိန်းညှိဖို့ သွေးတွေကို အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီ အဓိကဦးတည်ပို့လွှတ်တာမို့လို့ အစာခြေလမ်းကြောင်းမှာ သွေးစီးဆင်းမှုလျော့ကျပြီး အစာခြေစနစ် နှေးကွေးစေတာပါ။
နောက်ပြီး အာရုံကြောပိုင်းဆိုင်ရာမှာလည်း ဦးနှောက်နဲ့ အူလမ်းကြောင်းကို ဆက်သွယ်ထားတဲ့ Vagus အာရုံကြော ဆိုတာက ရုတ်တရက် အပူချိန်ပြောင်းလဲတဲ့အခါ ခန္ဓာကိုယ်က ဖိအားပေးခံရတာကြောင့် အဲ့အာရုံကြောက ပုံမှန်ထက်ပိုအလုပ်လုပ်ရပါတယ်။
ဒါကြောင့် ဝမ်းဗိုက်ကြွက်တက်တာ၊ အစာအိမ်နာတာတွေ အပြင် လေပွ၊ လေထိုးတာ၊ ရင်ပူတာ၊ ဝမ်းပုံမှန်မဟုတ်တာ၊ အော့အန်ချင်တာတွေက ရာသီဥတုအေးလာတဲ့အခါ ဖြစ်တတ်တဲ့ ဝမ်းဗိုက်ပြဿနာတွေ ဖြစ်ပါတယ်။

ကာကွယ်ကုသနည်းတွေ
ဒီလို ရာသီဥတုအေးတာကြောင့် အစာခြေစနစ်အားနည်းလာတာကြောင့် ဖြစ်လာတဲ့ ဝမ်းဗိုက်ပြဿနာတွေအတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်တွင်းအပူချိန်ကို ထိန်းညှိထားနိုင်ဖို့ စားသောက်မှုပုံစံနဲ့ အလေ့အကျင့်တွေကို ဥတုရာသီနဲ့ လိုက်ဖက်ညီအောင် ချိန်ညှိထားနိုင်ဖို့ပါ။
ကိုယ်ခန္ဓာတွင်းကို နွေးထွေးသွားစေမဲ့ ရေနွေး သို့ ဂျင်းလက်ဖက်ရည်ကို ပုံမှန်သောက်ပေးပြီး ရေခဲရေသောက်တာ ရှောင်သင့်ပါတယ်။ ပူပူနွေးနွေးရေတွေကသာ အစာအိမ်ဆီကို သွေးလည်ပတ်စီးဆင်းဖို့ လှုံ့ဆော်ပေးပြီး အစာကြေလွယ်စေပါတယ်။
အစာအိမ်ရဲ့ သဘာဝအားဖြည့်ဆေးဖြစ်တဲ့ ဂျင်းကိုလည်း သေးသေးလေး စိတ်စားတာဖြစ်စေ၊ အစားစားပြီးတိုင်း ပြုတ်သောက်တာဖြစ်စေ အစာအိမ် မအီမသာဖြစ်တာကို လျော့ချပေးနိုင်ပါတယ်။

မှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ
ဝမ်းဗိုက်မအီမသာဖြစ်ပြီဆို အသုပ်တွေ၊ သားစိမ်းငါးစိမ်းတွေနဲ့ အဆီများလွန်းတဲ့ အစားအစာတွေ ရှောင်သင့်ပါတယ်။ ဘာကြောင့်ဆို ရာသီဥတုအေးချိန်မှာ အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးတာမို့ ဒီအစားအစာတွေက အစာကြေဖို့ ပိုခက်ခဲတတ်လို့ပါ။
အစာခြေစနစ်ကို ဖိအားမဖြစ်အောင် တခါစားရင် နည်းနည်းပဲစားပြီး မကြာခဏစားပေးပါ။ တခါတည်းနဲ့ အများကြီးစားမိမယ်ဆို သွေးလည်ပတ်ဖို့ လိုအပ်လေဖြစ်တာမို့ အစာမကြေဖြစ်စေဖို့ အလားအလာများပါတယ်။
အစာခြေဖျက်မှုအားကောင်းအောင် အထိုင်များတာ၊ အမြဲငြိမ်နေတာ မလုပ်သင့်ဘဲ ကိုယ်လက်လှုပ်ရှားဖြစ်အောင် လမ်းလျှောက်တာ၊ အကြောအချင်ဆန့်တာတို့ကို ပုံမှန်လေးလုပ်ဆောင်ပေးသင့်ပါသေးတယ်။
အေးတဲ့နေ့တွေမှာ အပြင်ထွက်တဲ့အခါ သို့ ညအိပ်တဲ့အခါ ဗိုက်ပေါ်မှာ အပိုအဝတ်တခုခုနဲ့ ပတ်ထားတာ၊ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေတာကလည်း အအေးမိပြီး ဝမ်းဗိုက်ကို လေအေးတွေ မထိအောင် ကာကွယ်ထားသင့်ပါတယ်။

သတိထားသင့်တဲ့ လက္ခဏာတွေ
ရာသီဥတုအေးတာကြောင့် အစာခြေစနစ်အားနည်းလာတဲ့အတွက် ဝမ်းဗိုက်ပြဿနာတွေ အဖြစ်များကြတာမို့ ပြင်းထန်လက္ခဏာတွေ ကြုံလာရပြီဆို ကျွမ်းကျင်ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
- ပြင်းပြင်းထန်ထန်နဲ့ အချိန်တော်တော်ကြာ နာကျင်နေတာ၊
- ဝမ်းမည်းသွားတာ၊ သွေးပါတာ၊ သွေးအန်တာ၊
- ဝမ်းဗိုက်ပြဿနာတွေနဲ့ ဆက်စပ်ပြီး အဖျားဝင်တာ၊
- ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာပြီဆို မပေါ့ဆဘဲ ဆေးရုံဆေးခန်းတွေမှာ ကုသဖို့ ခံယူသင့်ပါပြီ။
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေ လျော့ကျလာနိုင်တဲ့ ရာသီဥတုအေးချိန်တွေမှာ ဖြစ်တတ်တဲ့အစာအိမ်ကျန်းမာရေးပြဿနာတွေကို အပေါ်မှာ ပြောပြထားတဲ့ အစားအသောက်၊ အနေအထိုင်ဆင်ခြင်ရင်း ကြိုတင်ဂရုပြုထားသင့်ပါတယ်။ ဒါမှသာ မကြာခင် ရောက်ရှိလာတော့မဲ့ ဆောင်းမှာ ချစ်ခင်ရသူနဲ့အတူ ကျန်းမာတက်ကြွစွာနဲ့ အချိန်ကောင်းလေးတွေဖြတ်သန်းနိုင်ကြစေဖို့ ဒီဆောင်းပါးလေးကို ဗဟုသုတရဖွယ်ရာ ဖော်ပြပေးလိုက်ရပါတယ်။
Comments