ရင်သွေးလေးရဲ့ တိုးတက်လုံခြုံမှုအတွက် အသိုက်အမြုံလေးတစ်ခု

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်ပညာရေး


ဖေဖေမေမေတို့ကတော့ လူ့လောကထဲ ရောက်ရှိလာတဲ့ ချစ်ခင်မြတ်နိုးစရာ ဘေဘီလေးတို့အတွက် ဘာမဆို ဖန်တီးပေးကာ မြေတောင်မြှောက်ပေးဖို့ အမြဲတမ်း အဆင်သင့်ဖြစ်ကြရောပေါ့။ ကိုယ့်ရဲ့ ကလေးငယ် ကျန်းမာဖွံ့ဖြိုးတိုးတက်ဖို့အပြင် နေထိုင်၊ သင်ယူ၊ ကစားရာ သန့်ရှင်းသပ်ရပ်တဲ့ ရပ်ဝန်းလေးအတွက် အိမ်မှာပဲ နေရာကောင်းလေးတစ်ခုကို ရှိထားနိုင်ဖို့ကလည်း အဓိကကျတဲ့ မိဘအုပ်ထိန်းနည်းတွေထဲက တစ်ခုပါ။ အာရှနိုင်ငံအများစုမှာတော့ နေထိုင်ရာ အိမ်ကျဥ်းတာ‌၊ ဒါမှမဟုတ် ကိုယ့်ကလေးကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ချင်တာ၊ ဒါမှမဟုတ် ကလေးက ငယ်ရွယ်သေးလို့ စသဖြင့် ဒီလိုနေရာသပ်သပ် မထားတတ်ကြပေမယ့် ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားရာ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာတော့  သီးသန့်အခန်းလေး သို့ တစ်ထောင့်တစ်နေရာလေး ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီဆောင်းပါးထဲမှာ ကိုယ့်ရင်သွေးလေးအတွက် နွေးထွေးလုံခြုံပြီး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ ပတ်ဝန်းကျင်နေရာကောင်းလေး ဖန်တီးနိုင်ဖို့ရာ နည်းလမ်းတွေကို ဖေဖေမေမေတို့ အထောက်အကူဖြစ်စေဖို့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

သတိမထားမိတဲ့ အကျိုးကျေးဇူးတွေ

မိဘအများစုကတော့ လူ့လောကထဲ ရောက်ရှိလာတဲ့ နုနုနယ်နယ် ကလေးငယ်လေးကို စိတ်ပိုင်းရော၊ ရုပ်ပိုင်းကိုပါ အချိန်ပြည့် ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ချင်စိတ် ရှိကြမှာပါ။ သူတို့တွေ အသက်အရွယ်လေး ရလာတဲ့အခါမှာတေ့ မျက်စိဒေါက်ထောက် အသေးစိတ်လိုက် ကြည့်ရှုနေတာထက်စာရင် လွတ်လပ်ပြီး သီးသန့်ဆန်တဲ့ ပတ်ဝန်းကျင်လေးက သူတို့ရဲ့ စူးစမ်းလေ့လာမှုနဲ့ လွတ်လပ်မှုကို စတင်ရရှိနိုင်ဖို့ အထောက်အကူပြုစေတာပါ။ တစ်ခုအရေးကြီးတာကတော့ သူတို့လေးတွေပဲ သီးသန့်ရှိနေမယ့်နေရာလေး ဖြစ်တာမို့ သူတို့ကို ထိခိုက်ဒဏ်ရာရစေပြီး အန္တရာယ်ရှိစေနိုင်တဲ့ ပစ္စည်းနဲ့ အသုံးအဆောင်တွေကို အနားမှာမရှိနေအောင် အထူးဂရုပြုပေးဖို့ လိုတယ်နော်။ ဒီပတ်ဝန်းကျင် သို့ အခန်းလေးထဲမှာပဲ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေတဲ့ သီးသန့်ကစားစရာတွေရှိနေတာမို့ ကလေးအတွက် အကျိုးကျေးဇူးတွေ များနိုင်ပြီး မိဘတွေအတွက်လည်း တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အချိန်တစ်ခုထိ အာရုံစိုက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုဖန်တီးပေးကြမလဲ

ဘေဘီလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ အာရုံစူးစိုက်မှုကောင်းစေဖို့နဲ့ ထီထွင်ကြံဆနိုင်စွမ်းတို့အတွက် သင်ကြားပေးကြရာမှာ နွေးထွေးငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်လေးတစ်ခုက လိုကိုလိုအပ်ပါတယ်။ အများစုက နေရာကျဥ်းတတ်တဲ့ မြို့နေတိုက်ခန်းတွေမှာ အနေများကြတဲ့အတွက် ကိုယ့်အိမ်မှာပဲ ကလေးအတွက် နေရာလေး ရှာဖွေဖန်တီးနိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။ သီးသန့်အခန်းရယ်လို့မှမဟုတ်ဘဲ ဧည့်ခန်းရဲ့ ထောင့်တစ်နေရာ ဒါမှမဟုတ် အကာအရံတွေနဲ့ လုံခြုံစိတ်ချရပြီး လေကောင်းလေသန့်ရတဲ့ ဝရံတာလိုမျိုးတွေမှာလည်း ကလေးရဲ့ ဆော့ကစား၊ နေထိုင်ရာ နေရာလေး ဖန်တီးကြည့်လို့ရပါတယ်။ သူတို့ နေထိုင်နိုင်၊ သွားလာဆော့ကစားနိုင်တဲ့ နေရာတွေမှာ လျှပ်စစ်ပစ္စည်းတွေ၊ မီးပလပ်တွေ၊ ထိုင်ခုံ၊စားပွဲခုံစောင်းတွေ၊ ချွန်ထက်တဲ့အရာတွေကို အကာအကွယ်တွေနဲ့ ထားတာ၊ အဝေးရွေ့ပေးထားတာ စသဖြင့် အန္တရယ်ဖြစ်လာနိုင်သမျှ အရာမှန်သမျှ ဖယ်ရှားပေးဖို့ အရေးကြီးပါတယ်။ နွေးထွေးပြီး ချစ်စဖွယ်ကောင်းတဲ့ နေရာလေးဖြစ်စေဖို့အတွက် နူးညံ့တဲ့ အဝတ်စလေးတွေ၊ သစ်သားရုပ်လေးတွေ၊ မိသားစုဓာတ်ပုံလေးတွေ၊ ဂီတပစ္စည်းလေးတွေနဲ့ ညဏ်ရည်တိုးတက်စေတဲ့ ပဟေဌိဆက်ကစားစရာလေးတွေ စသဖြင့် ထားရှိကာ ကလေးရဲ့ နှစ်သက်ရာကို လိုက်ပြီး အလှဆင်နိုင်ပါသေးတယ်။ အရေးကြီးဆုံးကတော့ သန့်သန့်ရှင်းရှင်းနဲ့ အန္တရာယ်ကင်းတဲ့နေရာလေး ဖြစ်စေဖို့ ကလေးအသုံးအဆောင်လေးတွေကို မကြာခဏ ပိုးသန့်စင်ကာ ကျန်းမာတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ ဖန်တီးပေးနိုင်ဖို့ပါပဲ။ 

ရှိထားသင့်တဲ့ Montessori ပတ်ဝန်းကျင်

အခုခေတ်မှာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ့်အိမ်မှာပဲ မေမေတို့ကိုယ်တိုင် တစ်နိုင်တစ်ပိုင် ‌လေ့ကျင့်သင်ကြားပေးနေကြတဲ့ Montessori နည်းလမ်းအတွက်လည်း ဒီလိုပတ်ဝန်းကျင်လေးက လိုအပ်ပြန်ပါတယ်။ Montessori နည်းလမ်းဆိုတာကတော့ ကလေးတွေရဲ့ ကိုယ်ပိုင်စူးစမ်းလေ့လာမှုအပေါ် အခြေခံပြီး သူတို့ရဲ့သင်ယူနိုင်စွမ်းအလိုက် သင်ကြားပေးတဲ့နည်းစနစ်တစ်ခုပါ။ ဒီ့အတွက် ပြင်ဆင်သင်ကြားကြရာမှာ ကလေးငယ်အတွက် သင့်တော်တဲ့ ကစားစရာလေးတွေအပြင် အာရုံစူးစမ်းမှုကောင်းစေမယ့် သဘာဝနဲ့ဆက်စပ်တဲ့ သစ်သား၊ ချည်သား၊ ပိုးသားစတဲ့ ပုံသဏ္ဌာန် နဲ့ အသားမျိုးစုံရှိတဲ့ အရာလေးတွေကို ဆော့ကစားစေနိုင်ပါတယ်။ သူတို့စွမ်းရည်အလိုက် ပစ္စည်းစီတာ၊ ပစ္စည်းအသယ်အပိုး ပြုစေတာ၊ မိဘကူညီပေးတာမျိုးတွေကလည်း တာဝန်သိတတ်စေမှုကို သင်ကြားပေးရာရောက်ပြီး တတ်မြောက်ထားသင့်တဲ့ ဘဝစွမ်းရည်တွေကိုလည်း သိရှိပြီးရာ ရောက်စေပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုယ့်ဘေဘီလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်တိုးတက်မှုကို အထိုက်အလျောက် ပံ့ပိုးကူညီနိုင်တဲ့ ပတ်ဝန်းကျင်လေး ဖန်တီးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီကနေ ကလေးတွေရဲ့ စူးစမ်းလေ့လာချင်စိတ်နဲ့ သင်ယူလိုစိတ်တွေကို တိုးပွားလာပြီး ထက်မြက်ကျန်းမာတဲ့ အနာဂတ်ကြယ်ပွင့်လေးတွေ ဖြစ်လာစေဖို့ အထောက်အကူကောင်းတစ်ခုဖြစ်မှာပါ။


Share

Comments

Related Posts