
ရာသီအလိုက် အဖြစ်များကြတဲ့ ဓာတ်မတည့်မှုမျိုးစုံထဲကမှ ဝတ်မှုန် ဓာတ်မတည့်တာက အသက်အန္တရာယ် မရှိပေမဲ့လည်း နေ့စဥ်သွားလာလှုပ်ရှားမှုတွေမှာတော့ တော်တော်လေး ကသိကအောက်ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဒီလိုဖြစ်တာက ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က အန္တရာယ်မရှိတဲ့ အမှုန်အမွှားတွေ၊ Allergens တွေကို လွန်လွန်ကဲကဲ တုံ့ပြန်ရာကနေ Hay Fever လို့ခေါ်တဲ့ ဝတ်မှုန်ဓာတ်မတည့်တာတွေ ဖြစ်လာပါတယ်။ လက္ခဏာတွေကလည်း နှာချေတာ၊ ယားယံတာ စသဖြင့် သာမန်အအေးမိတာနဲ့ ဆင်တူနေတာကြောင့် ဓာတ်မတည့်ရတဲ့ အကြောင်းရင်းကိုလည်း ကုသရလွယ်အောင် ခွဲခြားသိထားသင့်တာပါ။ ဒါ့အပြင် ကိုယ့်ပတ်ဝန်းကျင်က ဓာတ်မတည့်ခြင်းဖြစ်နိုင်ခြေရှိတဲ့ အရာတွေကိုလည်း သိရှိထားဖို့လိုပြီး ကိုယ်တွေ့ကြုံလာတဲ့အခါ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာတွေပါ ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။

အကြောင်းရင်း
ဓာတ်မတည့်တာ ဖြစ်နိုင်ခြေများတဲ့ အရာတွေကတော့ ဆောင်းတွင်းမှာအတွေ့များတဲ့ သစ်ပင်၊ မြက်ပင်တွေက ထွက်တဲ့ အမှုန်သေးသေး ဝတ်မှုန်တွေ၊ အိမ်တွင်း ဖုန်မှုန့်တွေထဲမှာ ရှိတဲ့ ပိုးကောင်လေးတွေ၊ လေထဲမှာ ရှိနေတတ်တဲ့ မှိုအစေ့လေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးနဲ့ သူ့ခန္ဓာကိုယ်က ကြွေကျတဲ့ အရေပြားအမှုန်အမွှားတွေက လူတွေနဲ့ ထိတွေ့မှုအဖြစ်နိုင်ဆုံးပါပဲ။

လက္ခဏာတွေ
ဝတ်မှုန်ဓာတ်မတည့်တာ ဖြစ်ပြီဆို အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းနဲ့ မျက်လုံးတွေ ရောင်ရမ်းလာနိုင်တာကြောင့် မရပ်မနား နှာချေတာ၊ မျက်လုံးတွေ ယားယံပြီး မျက်ရည်ကျတာ၊ နှာရည်ယိုတာ သို့မဟုတ် နှာပိတ်တာ၊ လည်ချောင်း၊ ပါးစပ် သို့ နားတွေ ယားယံတာတွေ ဖြစ်တတ်တာပါ။ ပြင်းထန်မယ်ဆို မျက်နှာတွေ ရောင်ကိုင်းတာ၊ လျှာ၊ နှုတ်ခမ်းနဲ့ ခြေလက်တွေ ရောင်တာ၊ အင်ပြင်တွေ ထွက်တာ၊ အသက်ရှူရတာ ခက်တာ၊ သွေးပေါင်ကျတာတွေအထိ အရေးပေါ်ကုသမှုတွေ လိုအပ်လာနိုင်ပါတယ်။

အမြန်သက်သာစေမဲ့ နည်းလမ်းတွေ
ဓာတ်မတည့်တာကို လုံးဝပျောက်ကင်းသွားအောင် မကုသနိုင်ပေမဲ့လည်း ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကုသနည်းတွေကို သိရှိထားသင့်ပါတယ်။ နောက်ပြီး ဓာတ်မတည့်တာက ပြန်ပြန်ဖြစ်နိုင်လို့ အစားအသောက်၊ အနေအထိုင်ပါ သတိထားဖို့လိုအပ်သေးတာပါ။
- လေထုထဲမှာ ဝတ်မှုန်ပေါများချိန်ဖြစ်တဲ့ မနက်စောစောပိုင်းတွေမှာ အပြင်ထွက်တာမျိုးရှောင်ကြဥ်သင့်ပြီး အိမ်က ပြတင်းပေါက်တွေကို ပိတ်ထားဖို့လိုပါတယ်။
- ခဏခဏ နှာချေတာတွေနဲ့ ယားယံတာတွေ သက်သာစေဖို့ Antihistamines ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ရမဲ့ ပမာဏကို မေးမြန်းသောက်သုံးနိုင်ပါတယ်။
- အိမ်တွင်းမှာလည်း ဖုန်နဲ့ မှိုတွေကို လျော့ချဖို့ Air Purifier အသုံးပြုတာ၊ အိပ်ရာခင်းတွေကို ရေနွေးနဲ့ ပုံမှန်လျှော်ဖွတ်ရင်း အိမ်တွင်း သန့်ရှင်းရေးကို အလေးထားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဓာတ်မတည့်တာတွေမှာ တစ်ချို့သူတွေက ကိုယ်ပုံမှန်အသုံးပြုနေတဲ့ အရာတွေကြောင့် ဖြစ်တယ်ဆိုတာ သိပြီး ရှောင်ကြဥ်နိုင်ကြပေမဲ့ တစ်ချို့တွေမှာ ကိုယ်နဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကို မသိနေခဲ့တာလည်း ဖြစ်နိုင်တာမို့ ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ကုသရာမှာ အခက်တွေ့နိုင်တာပါ။ အထူးသဖြင့် ဆောင်းတွင်းမှာဆို ဝတ်မှုန်နဲ့ ဖုန်မှုန့်တွေကြောင့် ဓာတ်မတည့်မှုဖြစ်နိုင်ခြေများလို့ မကြာခဏ နှာချေတာ၊ ယားယံတာတွေ ဖြစ်လာခဲ့ရင် သာမာန်အအေးမိတာလား၊ ဝတ်မှုန်ဓာတ်မတည့်တာလား ဆိုတာ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်လည် ဆန်းစစ်လေ့လာကြည့်ပြီး ကုသနည်းအမှန်နဲ့ အမြန်ဆုံးပျောက်ကင်း သက်သာနိုင်ဖို့ အကြံပြုလိုပါတယ်။
Comments