
လမ်းလျှောက်တတ်ခါစ အရွယ်လေး ရောက်လာပြီဆို Diaper တွေ အနှီးတွေ ချွတ်ပြီး ကိုယ်တိုင်အိမ်သာတတ်အောင် သင်ပေးဖို့ စိတ်ကူးမိကြမှာပါ။ ဒီလိုသင်ပေးတာက ကလေးဘဝကနေ လူလားမြောက်လာတဲ့ ခရီးစဥ်တွေထဲက မှတ်တိုင်တစ်ခုဖြစ်တာကြောင့် သူတို့လေးတွေကို ယုံကြည်မှုတည်ဆောက်ပေးဖို့က အရေးကြီးဆုံးပါ။ ဖေဖေ မေမေတို့ အနေနဲ့ကတော့ စစချင်းမှာ ကလေးတွေက ကျင့်သားမရသေးတဲ့အတွက် အဝတ်ပိုလျှော်ရတာတွေ၊ ကြမ်းတိုက်ရမှာတွေကို တွေးပြီး စိုးရိမ်စရာ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ နည်းမှန်လမ်းမှန် သင်ကြားပေးမယ်ဆို တဖြည်းဖြည်းချင်း တတ်မြောက်သွားနိုင်မဲ့ အလေ့အကျင့်တစ်ခုဖြစ်မှာမလို့ အားပေးကူညီပေးဖို့ လိုအပ်တာပါ။ ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ ကလေးကိုယ်တိုင် အပေါ့အလေးသွားတတ်လာအောင် ဘယ်အချိန်မှာ ဘယ်လိုသင်ပေးသင့်လဲဆိုတဲ့ အကြံညဏ်ကောင်းတွေကို မျှဝေပေးသွားမှာမို့ ဒီအတွက် ခေါင်းစားနေတဲ့ ဖေဖေမေမေတို့အတွက် အထောက်အကူကောင်းဖြစ်စေမှာပါ။

သူတို့လေးတွေ အဆင်သင့်ဖြစ်ပြီလား
တော်တော်များများကတော့ အသက် ၁၈လ ကနေ ၂၄လ အတွင်း ရောက်နေပြီဆို သင်ပေးသင့်တယ်ဆိုပေမဲ့ အသက်ထက် ကလေးရဲ့ ဖွံ့ဖြိုးမှု အခြေအနေက ပိုအရေးကြီးပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေနဲ့ သူတို့လေးတွေကို လေ့လာကြည့်ပေးပါ။
- ကလေးက ဆီးကို အနည်းဆုံး ၂ နာရီလောက် ထိန်းထားနိုင်တာမျိုး၊ ဥပမာ - နေခင်းဘက် အိပ်ရာနိုးချိန်မှာ Diaper လေး ခြောက်နေတာမျိုးက သူတို့ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေတဲ့ အဓိက လက္ခဏာရယ်ပါ။
- ဝမ်းသွားတဲ့ အချိန်ဟာလည်း နေ့တိုင်း ပုံမှန်အချိန်တစ်ခုအနေနဲ့ သွားတတ်နေတယ်ဆို အိမ်သာသွားတတ်ဖို့ သင်ရတာ ပိုလွယ်ကူပါတယ်။
- Diaper သို့ အနှီးထဲမှာ ညစ်ပတ်နေရင် မနေတတ်တော့ဘဲ ချွတ်ခိုင်းတာမျိုး၊ ဒါမှမဟုတ် "ညစ်ပတ်တယ်" လို့ ပြောပြတတ်တာ၊ သန့်ရှင်းမှုကို လိုလားတာမျိုးတွေဟာ သူတို့ အိမ်သာတက်ဖို့ စိတ်ပါဝင်စားလာတဲ့ လက္ခဏာပါ။
- Diaper ဝတ်ထားရင်း အညစ်အကြေးစွန့်တော့မယ်ဆိုရင် တစ်ယောက်တည်း သီးသန့်ဖြစ်မယ့်နေရာ (ဥပမာ- ဆိုဖာနောက် သို့မဟုတ် ထောင့်တစ်ခုခု) မှာ သွားပုန်းနေတတ်တာမျိုးတွေနဲ့
- "ရှူ ရှူး" သို့မဟုတ် "အိမ်သာ" စတဲ့ ရိုးရှင်းတဲ့ စကားလုံးတွေကို နားလည်ပြီး ဆက်သွယ်ပြောဆိုလာနိုင်ပြီဆို သူတို့လေးတွေကို အိုးတစ်ခုနဲ့ အပေါ့အလေးသွားတတ်အောင် သင်ပေးနိုင်ဖို့ အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။

သင်ပေးနိုင်ဖို့ နည်းလမ်း ၅မျိုး
အိမ်သာသွားချင်အောင် ပစ္စည်းလေးတွေနဲ့ စိတ်ဝင်စားအောင် လုပ်ပါ - သူကြိုက်တဲ့ အရောင်၊ ပုံစံရှိတဲ့ ချစ်စရာ သေးအိုးလေးတွေ ကိုယ်တိုင်ရွေးခိုင်းတာ၊ သူနှစ်သက်တဲ့ ကာတွန်းရုပ်ပါတဲ့ အတွင်းခံဘောင်းဘီလေးတွေ စတင်ဝယ်ပေးတာတွေက လူကြီးတွေအတိုင်း နေတော့မယ်၊ လိုက်လုပ်တော့မယ် ဆိုတဲ့ စိတ်လှုံ့ဆော်မှုကို ပေးစေမှာပါ။
အရုပ်၊ ပုံပြင်လေးတွေနဲ့ မိတ်ဆက်ပေးပါ - အိမ်သာတက်တာက ကြောက်စရာမဟုတ်ဘဲ ပျော်စရာကောင်းတဲ့အရာ ဖြစ်အောင် ပုံပြင်စာအုပ်လေးတွေ ဖတ်ပြတာ၊ အရုပ်လေးတွေကို သုံးပြီး အိမ်သာဘယ်လိုတက်ရမလဲဆိုတာ ကစားရင်း သင်ပေးတာမျိုးက ကလေးရဲ့ စိုးရိမ်စိတ်ကို လျော့ကျစေတာပါ။
ပုံမှန်အချိန်ဇယား သတ်မှတ်ပေးပါ - အချိန်မှန်စေဖို့ကလည်း အရေးကြီးတဲ့အတွက် အစားစားပြီး မိနစ် ၂၀ အကြာ၊ ဒါမှမဟုတ် အိပ်ရာနိုးချိန် လိုမျိုး အချိန်တွေမှာ ကလေး အိမ်သာခွက်ပေါ် ခဏထိုင်ခိုင်းပါ။ ဝမ်းမသွားရင်တောင် အိမ်သာခွက်ပေါ်မှာ ထိုင်ရတဲ့ အလေ့အကျင့် ရသွားအောင် လုပ်ပေးဖို့ လိုလို့ပါ။
ချီးမွမ်းစကားနဲ့ အမြဲအားပေးပေးပါ - ကလေးက အောင်အောင်မြင်မြင် လုပ်နိုင်တဲ့အခါတိုင်း လက်ခုပ်တီးတာ၊ ဖက်ထားတာမျိုးနဲ့ ချီးကျူးပေးတာမျိုးက သူတို့ကို ပိုပြီး ကြိုးစားချင်စိတ် ဖြစ်ပေါ်စေပါတယ်။ နောက်ပြီး ကလေးက အပြင်မှာ ဆီး/ဝမ်း သွားလိုက်မိရင် မဆူပါနဲ့။ ဆူပူကြိမ်းမောင်းတာက ကလေးကို စိတ်ကြောက်လန့်စေပြီး အိမ်သာသွားတတ်ဖို့ သင်ရတာ ပိုကြန့်ကြာစေလို့ အေးအေးဆေးဆေးပဲ ပြောပြပြီး အတူတူ သန့်ရှင်းရေးလုပ်ပေးပါ။
ကိုယ်တိုင် အပေါ့အလေးသွားနိုင်ဖို့က အချို့ကလေးတွေက မြန်မြန်တတ်ပေမဲ့ အချို့ကတော့ အချိန်ယူရတတ်ပါတယ်။ အဓိကကတော့ မိဘတွေဘက်က စိတ်ရှည်ရှည်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ကြားပေးဖို့က အရေးကြီးဆုံးဖြစ်တာမို့ အပေါ်မှာပြောပြသွားတဲ့ အချက်လေးတွေနဲ့ ဖြည်းဖြည်းချင်းလေ့ကျင့်ပေးလိုက်နော်။
Comments