
လတ်တလော အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ကူးစက်မှုတွေ ပြန်လည်တွေ့ရှိလာပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကလည်း ကပ်ရောဂါဖြစ်နိုင်ချေရှိ အနေနဲ့ သတိထားစောင့်ကြည့်ဖို့ ထုတ်ပြန်ထားတဲ့ ရောဂါပိုးတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ နီပါဗိုင်းရပ်စ် (Nipah Virus) ဖြစ်ပါတယ်။ အတိုကောက်အနေနဲ့ NiV လို့ ခေါ်ပါတယ်။ WHO က စောင့်ကြည့်နေတဲ့ အခြေအနေဖြစ်တဲ့အလျောက် ဒီရောဂါပိုးရဲ့ သမိုင်းကြောင်း၊ ကူးစက်ပြန့်ပွားပုံ၊ ရောဂါလက္ခဏာတွေနဲ့ ကာကွယ်နည်းတွေကို သိထားသင့်တဲ့အတွက် ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်။
သမိုင်းကြောင်း
၁။ စတင်တွေ့ရှိမှု
NiV က အခုမှ စတင်တွေ့ရှိတဲ့ ရောဂါပိုးအသစ်တော့ မဟုတ်ပါဘူး။ ပထမဆုံးစတင်တွေ့ရှိမှုကတော့ ၁၉၉၈-၉၉ ခုနှစ်၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေမှာ ဖြစ်ပါတယ်။ ပထမဆုံးတွေ့ရှိခဲ့တဲ့ မလေးရှားနိုင်ငံက Kampaung Sungai Nipah ဆိုတဲ့ ရွာလေးနာမည်ကို အစွဲပြုပြီး Nipah Virus လို့ အမည်ပေးခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက ဝက်မွေးမြူရေးလုပ်ငန်းတွေမှာ စတင်တွေ့ရှိခဲ့ပြီး သမိုင်းတစ်လျှောက် NiV ရဲ့ အကြီးဆုံးပြန့်ပွားမှုလည်း ဖြစ်ခဲ့ပါတယ်။ ဝက်အကောင်ရေ တစ်သန်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ရပြီး လူကို ကူးစက်မှု ၂၆၅ ခုနဲ့ သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒါက ဝက်တွေကတစ်ဆင့် ကူးစက်တဲ့ တစ်ကြိမ်တည်းသော သမိုင်းကြောင်းလည်းဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ NiV ကို မလေးရှားနဲ့ စင်ကာပူတစ်ဝိုက်မှာ ထပ်ပြီး မတွေ့ရတော့ပါဘူး။
၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နှစ်စဉ်ဖြစ်ပွားမှုများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ၂၀၀၁ ခုနှစ်လောက်ကနေစပြီး အခုအချိန်အထိ နှစ်တိုင်းလိုလို NiV ကူးစက်မှုကို ကြုံတွေ့ရတယ်လို့ဆိုပါတယ်။ ဒီမှာတော့ အဓိကအကြောင်းအရင်းက Fruit Bat လို့ခေါ်တဲ့ အသီးစား လင်းဆွဲတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလင်းဆွဲတွေကနေ တိုက်ရိုက်ကူးစက်တာမျိုးမဟုတ်ဘဲ သူတို့ထိတွေ့စားသောက်ထားတဲ့ ထန်းရည်/အုန်းရည်တွေကို လူတွေသောက်သုံးမိလို့ ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် အခုလို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေဟာ လင်းဆွဲတွေ မျိုးပွားတဲ့ကာလဖြစ်သလို ထန်းရည်/အုန်းရည်တွေ ပေါများတဲ့ ကာလလည်း ဖြစ်တဲ့အတွက် ဒီလိုအချိန်မှာ ကူးစက်မှုတွေ ဖြစ်လေ့ရှိပါတယ်။
၃။ ၂၀၁၄ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံမှ ကူးစက်မှု
ဒီဖြစ်ရပ်ကတော့ တခြားနိုင်ငံတွေနဲ့မတူဘဲ ကွဲပြားပါတယ်။ အဲဒီကူးစက်မှုကတော့ ဖိလစ်ပိုင်နိုင်ငံက ရွာနှစ်ရွာမှာ ဖြစ်ပွားခဲ့ပြီး အဓိကအကြောင်းအရင်းကတော့ ရောဂါကူးစက်ခံထားရတဲ့ မြင်းရဲ့ အသားကို စားသုံးမိလို့ဖြစ်ပါတယ်။ သေဆုံးမှုက ၈၂ ရာခိုင်နှုန်းထိရှိခဲ့ပြီး လူတွေအပြင် အသားစားမိတဲ့ ခွေးနဲ့ကြောင်လေးတွေလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
၄။ အိန္ဒိယနိုင်ငံမှ ကူးစက်မှုများ
အိန္ဒိယနိုင်ငံအတွင်း NiV ကူးစက်မှုသမိုင်းကြောင်းမှာတော့ ၂၀၀၁ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ ရှိခဲ့ပြီး အခုလက်ရှိ ၂၀၂၆ ခုနှစ်မှာ ဖြစ်ပွားနေတဲ့ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) မှာပဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ Kerala ပြည်နယ်က ကူးစက်မှုတွေမှာ ပထမဆုံးလူနာကို ကုသပြီး သေဆုံးသွားတဲ့ သူနာပြုကြောင့် လူသိများခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်း ကူးစက်မှုတွေရဲ့ အဓိက အကြောင်းအရင်းကတော့ အသီးစားလင်းဆွဲတွေနဲ့ ရောဂါကူးစက်ခံထားရတဲ့ လူအချင်းချင်းထိတွေ့မှုကြောင့် ဖြစ်ပါတယ်။
ဒီသမိုင်းကြောင်းတွေကို ကြည့်မယ်ဆိုရင် Nipah Virus (NiV) ဟာ လုံးဝပျောက်ကွယ်မသွားဘဲ ပုန်းအောင်းနေလိုက်၊ ပြန်ပေါ်လာလိုက် ဆိုတဲ့ သဘောသဘာဝရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Photo Credit: The Checkup
NiV ကူးစက်ပြန့်ပွားပုံများ
အရှေ့မှာပြောခဲ့တဲ့ သမိုင်းကြောင်းတွေအရနဲ့ လက်ရှိကူးစက်ပြန့်ပွားနေပုံကို ကြည့်မယ်ဆိုရင် NiV ဟာ တိရစ္ဆာန်တွေကနေ စတင်ကူးစက်တဲ့ ရောဂါပိုးအမျိုးအစား (Zoonotic Virus) ဖြစ်ပါတယ်။ အဓိကသယ်ဆောင်သူတွေကတော့ အသီးစားလင်းဆွဲတွေပါ။ ရောဂါကူးစက်ပြန့်ပွားပုံကတော့ ပုံစံသုံးမျိုးနဲ့ ဖြစ်နိုင်ပါတယ်။
၁။ အစားအသောက် - NiV ကူးစက်ခံထားရတဲ့ လင်းဆွဲတွေရဲ့ တံတွေး ဒါမှမဟုတ် ဆီးနဲ့ ထိတွေ့ထားတဲ့ အစားအသောက်တွေကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့မှာပြောခဲ့သလိုပဲ၊ သူတို့ ထိတွေ့စားသောက်ထားတဲ့ အုန်းရည်/ထန်းရည်တို့ကို ဒီတိုင်းသောက်လိုက်မိမယ်၊ ဒါမှမဟုတ် အသီးတွေ စားမိမယ်ဆိုရင် ကူးစက်ခံရနိုင်ပါတယ်။
၂။ တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့ခြင်း - ရောဂါကူးစက်ခံထားရတဲ့ လင်းဆွဲတွေ၊ ဝက်တွေ စသဖြင့် တိရစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့မိမယ် ဒါမှမဟုတ် သူတို့ရဲ့အသားကို စားမိမယ်ဆိုရင်လည်း ကူးစက်သွားနိုင်ပါတယ်။
၃။ လူအချင်းချင်း ကူးစက်ခြင်း - ရောဂါကူးစက်ခံလိုက်ရတဲ့သူရဲ့ သွေး၊ တံတွေး၊ ဆီး စတဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့မိမယ်ဆိုရင် ထပ်ဆင့်ကူးစက်ခံရမှာဖြစ်ပါတယ်။
မှတ်ချက် - NiV က လေထဲကနေ မကူးစက်နိုင်ပါဘူး။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေကတော့ ကူးစက်ခံရပြီး ၄ ရက်ကနေ ၁၄ ရက်အတွင်းမှာ ပေါ်လာတတ်ပါတယ်။ အစမှာတော့ သာမန်အဖျားမျိုးနဲ့ ဆင်တူလေ့ရှိပြီး ဖျားတာ၊ ခေါင်းကိုက်တာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ အသက်ရှူကြပ်တာတွေကို ခံစားရနိုင်ပါတယ်။ ရောဂါပြင်းထန်လာမယ်ဆိုရင်တော့ စိတ်ရှုပ်ထွေးတာ၊ မှိန်းတာ၊ တက်တာ စတဲ့ ဦးနှောက်ရောင်ရမ်းတဲ့ လက္ခဏာတွေ ခံစားရနိုင်ပြီး ၂၄ နာရီနဲ့ ၄၈ နာရီအတွင်း မေ့မြောတာနဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေလည်း ပြလာနိုင်ပါတယ်။ NiV ရဲ့ ပျမ်းမျှသေဆုံးနိုင်ချေဟာ ၄၀ ကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိတဲ့အတွက် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ရောဂါပိုးလို့ ဆိုရမှာပါ။ ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။
ကြိုတင်ကာကွယ်ခြင်း
ကူးစက်နိုင်တဲ့ အကြောင်းအရင်းတွေကို သိထားပြီဆိုရင် ကာကွယ်ဖို့က မခက်ခဲတော့ပါဘူး။ ကြိုတင်ကာကွယ်ဖို့ လိုက်နာရမယ့် အရေးကြီးတဲ့အချက်တွေကတော့ -
၁။ အုန်းရည်/ထန်းရည်တွေကို အတတ်နိုင်ဆုံး အစိမ်းမသောက်ပါနဲ့။
၂။ အသီးတွေကို သေချာစစ်ဆေးပြီး ကိုက်ရာရှိတယ်လို့ သံသယရှိရင် မစားပါနဲ့။ စားမယ့်အသီးတွေကိုလည်း ရေသေချာဆေးပါ။
၃။ ကိုယ့်ပတ်ဝန်းကျင်မှာ တိရစ္ဆာန်တွေ အစုလိုက် နေမကောင်းဖြစ်နေတာမျိုးကို သတိထားစောင့်ကြည့်ပါ။ နေမကောင်းဖြစ်နေတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့မှုကိုလည်း ဂရုပြုပါ။
၄။ အစားအသောက်တွေကို သေချာချက်ပြုတ်ပြင်ဆင်ပြီးမှ စားပါ။ အစာမစားခင်လည်း လက်ကို သေချာသန့်စင်ဆေးကြောပါ။
၅။ NiV နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စဥ်ဆက်မပြတ်စောင့်ကြည့်ပြီး ရောဂါလက္ခဏာတစ်ခုခု သံသယရှိရင် လိုအပ်တဲ့ ဆေးကုသမှုများ ခံယူနိုင်ဖို့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်တိုင်ပင်ပါ။
မှတ်ချက် - NiV ကို ကုသဖို့ ဆေးမရှိသေးပါဘူး။
ဒါဆိုရင်တော့ Nipah Virus (NiV) အကြောင်းကို တော်တော်လေးသိသွားကြမယ်လို့ ထင်ပါတယ်။ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ရင်း ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ကျန်းမာရေး အသိ၊ သတိတွေ မျှဝေပေးဖို့ တိုက်တွန်းချင်ပါတယ်နော်။ အားလုံးပဲ ရောဂါဆိုးတွေရဲ့ အန္တရာယ်ကနေ ကင်းလွတ်နိုင်ကြပါစေလို့လည်း ဒီနေရာကနေ ဆန္ဒပြုလိုက်ရပါတယ်။
Anonymous