
တစ်ခါတစ်ရံမှာ မျက်စိအမြင်တွေဝေဝါးလို့ မျက်စဉ်းခတ်ပြီး သက်သာသွားတာရှိပေမယ့် ကိုယ့်မှာ ဆီးချိုရောဂါ စဖြစ်နေလို့ မျက်စိဝါးတာ ဖြစ်နေနိုင်တာလည်း စဉ်းစားစရာပါ။ ဘာလို့ဆို အမြင်ဝေဝါးတာဟာ ဆီးချိုရဲ့ အစပျိုးခြင်းတွေထဲက တစ်ခုမို့ ဂရုပြုသင့်ပြီး ဆရာဝန်နဲ့ သေချာ မပြသ၊ မကုသရင် အမြင်အာရုံဆုံးရှုံးတာအထိ ဖြစ်တတ်ပါတယ်။ ဒီလိုတွေ မဖြစ်ရအောင် မျက်စိကျန်းမာရေးနဲ့ ဆီးချိုရောဂါက ဘယ်လိုတွေဆက်စပ်နေလဲ၊ ဘာတွေဆက်ဖြစ်နိုင်လဲဆိုတာ အောက်မှာ ကြည့်ကြည့်ရအောင်။

တိမ်စွဲခြင်း
အားလုံးသိကြတဲ့အတိုင်း အမြင်အာရုံတွေ ဝေဝါးလာပြီဆို မျက်စိတိမ်ဖြစ်ဖို့ အလားအလာများပါတယ်။ မျက်စိရဲ့ အတွင်းမှန်ဘီလူး (Lens)က ကြည့်လိုက်တဲ့အခါတိုင်း အရာဝတ္ထုတွေကို ကင်မရာတစ်လုံးလိုမျိုး ကြည်လင်ပြတ်သားစွာ မြင်ရအောင် လုပ်ဆောင်ပေးပါတယ်။ အဲ့ဒီ မျက်စိ အတွင်းမှန်ဘီလူးက မကြည်လင်တော့တာ၊ ဝါးလာတာဆို တိမ် စဖြစ်နိုင်တာပါ။ ဒါဟာ လူတိုင်းမှာ အသက်အရွယ်ကြောင့် ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုဖြစ်ဖြစ် အတွင်းတစ်ရှူးတွေ ပျက်စီးလို့ ဖြစ်တတ်ကြပေမဲ့ ဆီးချိုရှိတဲ့သူတွေမှာတော့ တိမ်ဖြစ်တာ ပိုအဖြစ်မြန်ပြီး ပိုလည်း အခြေအနေဆိုးနိုင်ပါတယ်။ ပြီးတော့ အသက်ကြီးတဲ့ ဆီးချိုရောဂါရှင်တွေထက် အသက်ငယ်တဲ့ ဆီးချိုရောဂါရှင်တွေမှာ မျက်စိမှာတိမ် ပိုဖြစ်တတ်တာပါ။ ဒါ့အပြင် တခြားလက္ခဏာတွေဖြစ်တဲ့ အရောင်တွေ သေချာမခွဲခြားနိုင်တာ၊ ဝါးတားတားဖြစ်နေတာ၊ ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ မျက်စိတစ်ဖက်တည်းကနေပဲ ပုံရိပ်တွေထပ်နေတာနဲ့ အလင်း မခံနိုင်တာတွေကလည်း ဆီးချိုကနေ ဖြစ်စေတတ်တဲ့ မျက်စိပြဿနာတွေပါပဲ။

အမြင်လွှာပျက်စီးခြင်း
မျက်လုံးအတွင်းမှာရှိတဲ့ သွေးကြောတွေက ဆီးချိုကြောင့် မျက်လုံးအတွင်းက ပုံမှန်အရည်စီးဆင်းမှုကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးအိမ်အတွင်း ဖိအားမြင့်တက်လာပြီး မျက်လုံးကနေ ဦးနှောက်ကို ပုံရိပ်တွေပို့ပေးနေတဲ့ သွေးကြောတွေနဲ့ အမြင်အာရုံကြောတွေကိုပျက်စီးစေပြီး အမြင်လွှာပျက်စီးကာ တိမ်ရောဂါဖြစ်ပေါ်စေတာပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးကုသမှုနဲ့ ပြန်လည်သက်သာနိုင်ပေမဲ့ လက္ခဏာတွေမပြဘဲ အတွင်းမှာဖြစ်နေနိုင်တာကြောင့် ဆီးချိုရောဂါရှင်တိုင်း ဂရုစိုက်သင့်တာပါ။ ဒီအမြင်လွှာပျက်စီးတာရဲ့ တခြားလက္ခဏာတွေက မျက်စိနီရဲခြင်း၊ မျက်စိအောင့်ခြင်းနဲ့ အော့အန်တာထိ ဖြစ်တတ်ပါတယ်။

အချိန်ကြာ အမြင်အာရုံဝေဝါးမှု
မျက်လုံးရဲ့ နောက်ဘက်မှာရှိတဲ့ အလွှာတစ်ခုဖြစ်တဲ့ အရေးပါတဲ့ Retinaအလွှာ ပျက်စီးတာကြောင့် ဖြစ်လာတဲ့ ကာလအတော်အတန်ကြာ အမြင်အာရုံဝေဝါးမှုက ဆီးချိုကနေ ဆက်စပ်ဖြစ်လာတဲ့ မျက်စိပြဿနာတစ်ခုပါ။ ဒါက ကြိုတင်ကာကွယ်လို့ရပေမယ့် ဖြစ်ဖြစ်ချင်းမှာ လက္ခဏာသိသိသာသာမပြတာကြောင့် ဆီးချိုသမားတွေမှာဆိုရင် အမြင်မကြည်လင်တာ၊ မြင်ကွင်းထဲမှာ အစက်အပြောင်လေးများ ပေါလောမျောနေတာ၊ အရောင်သေချာမခွဲနိုင်တာ၊ အလင်းမရှိတဲ့အခါ ကောင်းကောင်း မမြင်ရတာတွေ ဖြစ်လာပြီဆို မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့သေချာ ပြသသင့်ပါတယ်။

သွေးတွင်းသကြားဓာတ်များခြင်း
မျက်စိအမြင်အာရုံဝေဝါးတာနဲ့ ပတ်သတ်နေတဲ့ နောက်တစ်ချက်ကတော့ ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ် များနေတာကြောင့်ပါပဲ။ အင်ဆူလင် ဟော်မုန်းက သွေးတွင်းသကြားဓာတ်ကို ကိုယ်ခန္ဓာအတွက် စွမ်းအင်အဖြစ် မပြောင်းလဲနိုင်တော့တဲ့အတွက် သကြားဓာတ်များလာရာကနေ ဆီးချိုရောဂါ ဖြစ်လာပါတယ်။ အဲ့ကနေ အမြင်ဝေဝါးတာအပြင် ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခဏခဏ ရေဆာတာနဲ့ဆီးသွားတာတို့ပါ ဖြစ်လာနိုင်ပါတယ်။ ဆီးချိုသမားတွေအတွက် ဒီလိုကိုယ်ခန္ဓာက သွေးတွင်းသကြားဓာတ်ကို မထိန်းပဲ နေမယ်ဆို အမြင်အာရုံနဲ့ ပတ်သတ်တဲ့ ပြဿနာမျိုးစုံဖြစ်နိုင်ပြီး အလျင်အမြန် မကုသနိုင်ရင် အမြင်အာရုံဆုံးရှုံးတာအထိ ဖြစ်နိုင်တာမို့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းနေပြီး စောင့်ကြည့်နေသင့်ပါတယ်နော်။
ဒီတော့ ဆီးချိုဖြစ်လာပြီဆိုတာနဲ့ အစားအသောက်၊ အနေအထိုင် ရှောင်ကြဉ်ရတဲ့အပြင် မျက်စိနဲ့ပတ်သတ်တဲ့ ရောဂါတွေကလည်း ပိုဖြစ်လွယ်လို့ ဂရုပြုသင့်ပါတယ်။ သာမန် အမြင်အာရုံဝေဝါးတာက ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ၊ မျက်မှန်တပ်တာတို့နဲ့ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်တာမို့ ဆီးချိုရောဂါ ရှိရှိ၊ မရှိရှိ အနည်းဆုံး တစ်နှစ်မှာ တစ်ခါ မျက်စိဆရာဝန်နဲ့ စမ်းသပ်မှု လုပ်ရင်း အမြင်အာရုံတွေ ဝေဝါးပျက်စီးတာကနေ ကာကွယ်နိုင်မှာပါနော်။
Comments