
အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ် နှစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ညဘက် အိပ်စက်ခြင်းနဲ့ ဆက်နွယ်လာတဲ့ အကြောင်းအရာတစ်ခုကတော့ မအိပ်ခင် ဖုန်းသုံးတတ်တဲ့ အလေ့အထပါ။
အများအားဖြင့် ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် ညဘက်အိပ်ရာဝင်ခါနီးမှာ ဖုန်းမသုံးဖို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အတွက်ကျတော့လည်း ဖုန်းသုံးပြီးမှ အိပ်တတ်တာဆိုတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒီနှစ်ခုက ဘယ်လိုကွဲပြားပြီး ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အိပ်စက်ခြင်းနှင့် Blue Light
ဖုန်းရဲ့ မျက်နှာပြင်ကနေ ပုံမှန်ထုတ်လွှတ်တဲ့ အလင်းက Blue Light တွေဖြစ်ပါတယ်။ ဒီ Blue Light တွေက နေ့အလင်းရောင်နဲ့ဆင်တူပြီး ဦးနှောက်ကို အလုပ်လုပ်ဖို့ တွန်းအားပေးပါတယ်။ ဒါ့အပြင် ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ဖို့အတွက် ထုတ်လွှတ်တဲ့ Melatonin ဟော်မုန်းတွေကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး တစ်နာရီလောက်မှာ ဖုန်းသုံးတာကို ရပ်ဖို့ အကြံပြုလေ့ရှိကြတာပါ။
အိပ်စက်ခြင်းနှင့် ငြိမ်သက်သောအာရုံ
Blue Light ရဲ့ တခြားတစ်ဖက်မှာရှိတဲ့ အချက်ကတော့ Passive Focus ဆိုတာပါ။ ငြိမ်သက်တဲ့ အာရုံ ဒါမှမဟုတ် ဦးနှောက်က အလုပ်အများကြီးမလုပ်တဲ့ အာရုံစိုက်ခြင်းမျိုးဖြစ်ပါတယ်။ ဥပမာ ရုပ်ရှင်ကို ဘာမှမစဥ်းစားဘဲကြည့်တာ၊ YouTube video တွေကြည့်တာမျိုးပါ။ ဒီလိုမျိုး ငြိမ်သက်တဲ့ အာရုံတွေက ဦးနှောက်လည်း သိပ်အလုပ်မလုပ်ရတဲ့အပြင် နှလုံးခုန်နှုန်းတွေ၊ မျက်တောင်ခတ်နှုန်းတွေကိုပါ လျော့ကျငြိမ်သက်လာစေတဲ့အတွက် အိပ်စက်မှုကို တွန်းအားပေးသလို ဖြစ်စေပါတယ်။
ပုံမှန်အားဖြင့်တော့ ရုပ်ရှင်တွေ၊ YouTube video တွေက ဒီလိုမျိုး Passive focus ကိုဖြစ်စေပြီး စာပို့တာ၊ TikTok တို့ Facebook တို့လို အပေါ်အောက် ဆွဲကြည့်နေတာမျိုးမှာဆိုရင်တော့ ဒီထက်ပိုပြီး အလုပ်လုပ်ရတဲ့အတွက် Active Focus ဒါမှမဟုတ် လှုပ်ရှားနေတဲ့ အာရုံတွေကို ဖြစ်စေတာပါ။ ဒါပေမဲ့လည်း တချို့လူတွေကတော့ Active Focus မှာတောင် အိပ်ပျော်နိုင်ပါတယ်။ ချစ်သူရည်းစားတွေ စာပို့ရင်း အိပ်ပျော်သွားတယ်ဆိုတာ ဒီလိုမျိုးပါ။ ဒါက အိပ်ချိန်နည်းလွန်းတဲ့သူတွေ ဒါမှမဟုတ် ပင်ပန်းနေတဲ့သူတွေမှာ အဖြစ်များပါတယ်။ တချို့ကျတော့လည်း Active Focus နဲ့ Passive Focus က သိပ်ပြီး ကွာခြားမှုမရှိနေတာမျိုး ဖြစ်တတ်ပါတယ်။
အလင်းနဲ့ အာရုံပြိုင် ဘယ်သူနိုင်
ဖုန်းသုံးတာချင်းတူရင်တောင် အိပ်ပျော်စေတာနဲ့ အိပ်မပျော်စေတာဆိုပြီး ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဒီနှစ်ခုမှာ ဘယ်သူက ပိုပြီးလွှမ်းမိုးသလဲ ဆိုရင်တော့ လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားသလို အခြေအနေပေါ်မူတည်ပြီးလည်း ကွာခြားပါတယ်။ ဒါကြောင့် တချို့တွေအတွက် ဖုန်းသုံးတာက အိပ်ပျော်စေပြီး တချို့တွေအတွက် အိပ်မပျော်ဖြစ်စေတာပါ။ အဓိက အဆုံးအဖြတ်ပေးတဲ့အချက်တွေမှာတော့ အသက်အရွယ်၊ မျိုးရိုးဗီဇနဲ့ အိပ်ချင်စိတ်ပြင်းပြမှု (Sleep Pressure) တို့ ပါဝင်ပါတယ်။
၁။ အသက်အရွယ်
လူတွေရဲ့ မျက်လုံးတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ Blue Light ကို ပိုပြီးခံနိုင်ရည်ရှိလာပါတယ်တဲ့။ ဒါကြောင့် အသက်ငယ်တဲ့သူတွေမှာ Blue Light ကြောင့် အိပ်မပျော်တာကို ပိုပြီး ကြုံတွေ့ရနိုင်ပါတယ်။
၂။ မျိုးရိုးဗီဇ
တချို့လူတွေရဲ့ မျိုးရိုးဗီဇအရ သူတို့ရဲ့မျက်လုံးတွေဟာ Blue Light ကို ပိုပြီးလက်ခံနိုင်တဲ့ ဆဲလ်တွေ ပါရှိနေတတ်ပါတယ်တဲ့။ အဲဒီလိုလူတွေကတော့ Blue Light ကြောင့် အိပ်မပျော်တာ ပိုဖြစ်နိုင်ပြီး အဲဒီဆဲလ်တွေနည်းတဲ့သူတွေကတော့ သက်ရောက်မှုနည်းမှာပါ။
၃။ အိပ်ချင်စိတ်ပြင်းပြမှု (Sleep Pressure)
လူ့ခန္ဓာကိုယ်က နိုးထနေတဲ့ နာရီတိုင်းမှာ Adenosine ဆိုတဲ့ ဟော်မုန်းကို ထုတ်လွှတ်ပါတယ်။ တစ်နည်းအားဖြင့် အဲဒါကို Sleep Pressure လို့ ခေါ်ပါတယ်။ အဲဒီဟော်မုန်းတွေ အရမ်းများလာတဲ့အခါ ဦးနှောက်က ဘာပဲဖြစ်နေနေ အိပ်တော့မယ်ဆိုတာမျိုး ဖြစ်သွားပါတယ်။ အဲလိုအချိန်မျိုးမှာတော့ Blue Light ကလည်း နိုးကြားအောင် လုပ်မပေးနိုင်တော့ပါဘူး။
အစမှာပြောခဲ့သလိုပါပဲ။ အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ် နှစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး အိပ်ချိန်နဲ့ ဖုန်းသုံးချိန်ကို စီမံခန့်ခွဲတတ်ဖို့လိုပါတယ်။ အဓိကအကြံပေးချင်တာကတော့ တစ်နေ့ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချိန် ၇ - ၈ နာရီလောက်ရှိနေဖို့ပါပဲနော်။
Comments