တစ်ခုထက်ပိုသော ဆလပ်ရွက်မျိုးကွဲများ

Posted in အစားအစာ


နှင်းရည်သောက်ပြီး လတ်ဆတ်ကြီးထွားနေကြတဲ့ ဆောင်းရာသီရဲ့ အသီးအရွက်တွေထဲမှာ အရွက်ဖားဖား အထပ်ထပ်နဲ့ ဆလပ်ရွက်က မိန်းကလေးတစ်ယောက်ရဲ့ ဂါဝန်ဝဲဝဲလေးလို၊ ပွင့်ဖတ်များများ နှင်းဆီတစ်ပွင့်လို ကြည့်လို့လှနေလွန်းပါတယ်။ ဆလပ်ရွက်ဟာ ကြည့်ကောင်းရုံသာမက အတို့အမြှုပ်အဖြစ် အစိမ်းပဲစားမလား၊  သုပ်ပဲစားမလား၊ အသားနဲ့တွဲပြီး စားမလား၊ ဘာဂါနဲ့ အသားညှပ်ပေါင်မုန့်တွေမှာ ထည့်ပြီးစားမလား၊ ဟင်းချိုပဲ လုပ် သောက်မလား အမျိုးမျိုးသော နည်းလမ်းတွေနဲ့ သူ့ချည်းပဲဖြစ်စေ၊ အခြားတစ်ခုနဲ့ တွဲပြီးဖြစ်စေ စားသုံးလို့ရတဲ့ ဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဆလပ်ရွက်လို့ပြောလိုက်ရင် အတွေ့ရများတဲ့ အစိမ်းရောင်အရွက်ဖားဖားနဲ့ ဆလပ်အပြင် အခြားအခြားသော ဆလပ်ရွက်နွယ်ဝင် မျိုးစုံရှိတယ်ဆိုတာ ဒီဆောင်းပါးလေးမှာ ကြည့်လိုက်ကြရအောင်။

Butterhead ဆလပ် 

အေးမြတဲ့ ရာသီဥတုကို ကြိုက်နှစ်သစ်တာကြောင့် တောင်ပေါ်ဒေသဖြစ်တဲ့ တောင်ကြီးအပါအဝင် ရှမ်းပြည် ဒေ သတွေမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီကာလတွေအတွင်း ပိုဖြစ်ထွန်းပါတယ်။ သူ့ရဲ့ အရွက် ပုံစံ နဲ့ အရောင်က ဂေါ်ဖီထုပ်နဲ့ဆင်တာကြောင့် ဂေါ်ဖီထုပ်ဆလပ်လို့လည်း ခေါ်ကြပါသေးတယ်။ ‌ဂေါ်ဖီထုပ် ဆလပ်ရဲ့ အရွက်တွေက နူးညံ့ပြီး ခပ်စိမ့်စိမ့် အရသာရှိတာကြောင့် ကြိုက်တဲ့သူများပါတယ်။ သူ့ကို အတို့အမြှုပ် လုပ်စားတာ၊ အသားကင်နဲ့ တွဲစားတာ၊ သုပ်စားတာ စတဲ့ ပုံစံတွေနဲ့ စားသုံးလို့ရပါတယ်။ ဗီတာမင် အေနဲ့ ဗီတာ မင် စီ ပါဝင်တာကြောင့် မျက်လုံးအားကောင်းစေပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို လျော့ချပေးပြီး ကြွက်သား ယိုယွင်းပျက်စီးမှုကလည်း ကာကွယ်ပေးပါတယ်။

Frillice ဆလပ် 

ဈေးထဲမှာ အတွေ့များတဲ့ ဆလပ်ရွက်ဖြစ်ပြီး ရွက်ပြန့်ဆလပ်လို့ ခေါ်ပါတယ်။ သူ့အရွက်လေးတွေက အပေါ်က ဂေါ်ဖီဆလပ်လို ထုပ်မသွား၊ လိပ်မသွားဘဲ အပြန့်လိုက်လေး ရှိနေလို့ပါ။ မြန်မာနိုင်ငံမှာ အစိုက်အများဆုံး ဆလပ်ရွက် အမျိုးအစားဖြစ်ပါတယ်။ အေးတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်လို့ တောင်ကြီး၊ ညောင်ရွှေ၊ အောင် ပန်းစတဲ့ ဒေသတွေအပါအဝင် ရှမ်းပြည်ရဲ့ နေရာအနှံ့နီးပါးမှာ တနှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး၊ အထူးသဖြင့် ဆောင်းတွင်းမှာ ပိုဖြစ်ထွန်းပါတယ်။ အရွက်တွေက တွန့်လိပ်လိပ်နဲ့ အနားသပ်ထူလို့ ကျွတ်ဆတ်ဆတ်နဲ့ စားလို့ ကောင်းပါတယ်။ သူ့ကိုလည်း သုပ်စား၊ အစိမ်းစား၊ အသားနဲ့တွဲစား စသဖြင့် အစားများကြပါတယ်။ သူ့မှာပါဝင် တဲ့ ဗီတာမင် - ကေ က သွေးခဲမှုကို ကြိုတင်ကာကွယ်ပေးပြီး ဗီတာမင် အေ လည်း  ပါဝင်လို့ အာရုံကြောစနစ် တွေ‌ ကောင်းမွန်စေပါသေးတယ်။

Green Cos (Romaine) 

Romaine လို့လည်းခေါ်တဲ့ Cos ဆလပ်အမျိုးအစားက အရွက်ထူပြီး မုန်ညင်းရွက်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အေးမြတဲ့ တောင်ပေါ်ဒေသတွေမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး အေးမြတဲ့ ဆောင်းအခါမှာတော့ ပိုကြီးထွား ဖြစ်ထွန်းကြပါတယ်။ Cos ဆလပ်ရွက်တွေကို တို့စားတာ၊ သုပ်စားတာအပြင် ကြော်ပြီးတော့လည်း စားသုံးနိုင် ပါတယ်။ ဖောလစ်အက်ဆစ်နဲ့ ပိုတက်ဆီယံ ပါဝင်လို့ နှလုံးကျန်းမာစေပြီး သွေးဖိအားလျော့ကျစေပါတယ်။ ဒါ့ အပြင် သူ့မှာပါဝင်တဲ့ ဗီတာမင်စီက အရိုးနဲ့ သွားတွေကို သန်မာစေပါသေးတယ်။

Mini Cos 

Green Cos နဲ့ ဆင်တူပြီး ပိုသေးငယ်တဲ့ ဆလပ်အမျိုးအစားဖြစ်လို့ Mini Cos လို့ ခေါ်ဟန်တူပါတယ်။ ဆလပ် ရွက်တိုင်းက အေးမြတဲ့ ရာသီမှာ ကောင်းစွာဖြစ်ထွန်းလို့ Mini Cos တွေကိုလည်း တောင်ကြီးလိုမျိုး ရှမ်းပြည် မြို့တွေမှာ အစိုက်များပါတယ်။ သူက လည်း မုန်ညင်းရွက်နဲ့ ဆင်တူပြီး အရသာချို၊ အရွက်ထူတာကြောင့် ကြော် စား၊ ဟင်းချိုချက်စားလို့ အကောင်းဆုံးပါပဲ။ ဗီတာမင်ကေ များစွာပါဝင်လို့ သွေးခဲတာကို လျော့ကျစေတာ၊ အနာကျက်မြန်စေ တာ၊ အရိုးကျန်းမာရေးကို အထောက်အကူပြုတာကြောင့် အကျိုးများနဲ့ ဆလပ်ရွက်ပါပဲ။

အုတ် ဆလပ်စိမ်း (Green Oak)

အုတ် ဆလပ်စိမ်းတွေက အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာရှိပါတယ်။ တောင်ကြီးမြို့လို အေးမြတဲ့ တောင်ပေါ်ဒေသတွေမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းပါတယ်။ သူ့ကိုလည်း အစိမ်းစား၊ တို့စား၊ သုပ်စား၊ အသားကင်နဲ့ တွဲစားတာအပြင် အသားချောင်းမှာ လိပ်ပြီးတော့ ဆလပ်လိပ်အဖြစ်လည်း စားသုံးကြပါတယ်။ အမျှင်ဓာတ်ကြွယ်ဝလို့ အစာချေစနစ်ကို ကောင်းမွန်စေတဲ့အပြင် သွေးတွင်းရှိ မကောင်းတဲ့ ကိုလက်စထရော တွေကိုလည်း လျော့ကျစေပါတယ်။ ဖောလစ်အက်ဆစ်ပါဝင်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ စားသုံးဖို့ အထူးသင့်တော်ပါတဲ့ ဆလပ်ရွက်အမျိုးအစား ဖြစ်ပါတယ်။

အုတ် ဆလပ်နီ (Red Oak)

အုပ် ဆလပ်နီတွေဟာ စပ်မျိုးတွေဖြစ်လို့ တခြားဆလပ်တွေလို အမျိုးမျိုးသော အစိမ်းရောင်မဟုတ်ဘဲ အနီ ရောင် နဲ့ ခရမ်းရောင်တွေအဖြစ် တွေ့ရပြီး ဈေးကွက်ထဲမှာ အနီရောင်ကို အတွေ့များပါတယ်။ သူ့ကိုလည်း အေးမြတဲ့ဒေသ၊ အေးမြတဲ့ ဥတုမှာ စိုက်ပျိုးကြပါတယ်။ အနည်းငယ်ချိုပြီး အရည်ရွှမ်းတဲ့ အုတ် ဆလပ်နီတွေကို အုတ် ဆလပ်စိမ်းနည်းတူ အမျိုးမျိုး လုပ်စားနိုင်ပါတယ်။ ဗီတာမင် အေနဲ့ ကေ ပေါများစွာပါဝင်လို့ နှလုံးနဲ့ သွေး တိုး ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ရေဓာတ် (၉၆) ရာခိုင်နှုန်းတောင် ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေ ဓာတ်ကို အထိရောက်ဆုံးဖြည့်ဆည်းပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ အနီရောင်ခြယ်ပစ္စည်းတွေက ဓာတ်တိုး ဆန့် ကျင်မှုတွေကို လျှော့ချနိုင်တာကြောင့် အုတ် ဆလပ်နီက စားသုံးသူတွေကြိုက်နှစ်သက်တဲ့ ရွေးချယ်မှုကောင်း တစ်ခု ဖြစ်နေတာပေါ့။

Icebergs ဆလပ်ထုပ် 

အစိမ်းဖျော့ဖျော့အရွက်လေးက အထုပ်လိုက်လေးဖြစ်နေပေမယ့် ဂေါ်ဖီထုပ်မဟုတ်တာက Icebergs ဆလပ် ထုပ်ပါ။ အေးမြတဲ့ ရာသီဥတုမှာ ကောင်းကောင်းရှင်သန်ကြီးထွားနိုင်လို့ သူ့ကို ရှမ်းပြည်နယ်ရဲ့ ဒေသတွေမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ရပါတယ်။ အရည်ရွှမ်းပြီး ချိုမြမြ အရသာရှိတဲ့ ဆလပ်ထုပ်လေးတွေမှာ ဗီတာမင် အေ၊ ကေနဲ့ ဖောလစ်အက်ဆစ် ပါဝင်လို့ ကိုယ်ခံအားကောင်းစေပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးပါ တယ်။ ကိုလက်စထရောတွေကိုလည်း လျော့ကျစေလို့ နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ရေဓာတ် ၉၅% ပါဝင်တာကြောင့် အသားရေလှစေပါသေးတယ်။ သူ့ကိုလည်း ကြက်ဥနဲ့ ဖြစ်ဖြစ်၊ မရောနိစ်နဲ့ ဖြစ်ဖြစ် သုပ်စားတာ၊ အသားကင်နဲ့ တွဲစား၊ ကြော်စားတဲ့ ဟင်းချိုလုပ်သောက်တာမျိုး စားသုံးနိုင်ပါတယ်။

ဆလပ်ရွက်တွေကို ရှမ်းပြည်နယ် မှာ အများဆုံး စိုက်ပျိုးကြပြီး အေးမြတဲ့ ဆောင်းရာသီကတော့ ဆလပ်ပင် ကြီး ထွားဖို့ အကောင်းဆုံးရာသီဖြစ်လို့ ဆလပ်ရွက်တွေကို ဖောဖောသီသီတွေ့ရပါတယ်။ ကိုယ်ဝယ်လာတဲ့ ဆလပ် ရွက်တွေ လတ်လတ်ဆတ်ဆတ် ဖြစ်နေဖို့ဆို အပူချိန် 4 ဒီဂရီ စင်တီဂရိတ်နဲ့ အောက်မှာ ထိန်းသိမ်းထားသိုဖို့တော့ လိုမယ်နော်။ ဆလပ်ရွက်မှာ အာဟာရဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်ပေမယ့် ကယ်လိုရီ မပါသလောက်နည်းပါးတာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းချင်သူတွေ၊ ကျန်းမာရေးလိုက်စားသူတွေ အကြိုက် တွေ့နေတာပေါ့။

စိတ်ဝင်စားဖွယ်အချက်တစ်ခုက ဆလပ်နဲ့ နေကြာဟာ တူညီတဲ့ မျိုးရင်းက ဆင်းသက်လာတယ် ဆိုတာပါ။ သူတို့နှစ်ခုလုံးက Asteraceae family လို့ခေါ်တဲ့ ပန်းပင်မျိုးကွဲများစွာရဲ့ မူလအုပ်စုမှာ ပါဝင်နေတာ ဖြစ်ပါတယ်။


Share

Comments

Related Posts