
လူတစ်ယောက်ရဲ့ ဘဝတစ်လျှောက်မှာ ဆုံးဖြတ်ချက်တွေ အများကြီးချရပါတယ်။ အဲဒီအထဲမှာ အကြီးမားဆုံးနဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက်တစ်ခုကတော့ ဘဝလက်တွဲဖော်ရွေးချယ်ခြင်းပါပဲ။ တချို့အတွက်တော့ ဒါက လွယ်လွယ်လေးပဲ ဆုံးဖြတ်လိုက်တတ်ကြပေမဲ့ တကယ်တမ်း ဘဝတစ်လျှောက်လုံး အဆင်ပြေဖို့အတွက်ဆိုရင်တော့ ထင်သလောက်မရိုးရှင်းပါဘူး။ ဒီဆောင်းပါးလေးမှာ တစ်ဘဝလုံးစာအတွက် လက်တွဲဖော်ကို ဘယ်အချက်တွေနဲ့ ရွေးချယ်ကြမလဲဆိုတာကို ဆွေးနွေးကြည့်ရအောင်ပါ။
လက်တွေ့လုပ်ဖို့ခက်တဲ့ သီအိုရီများ
ဘဝလက်တွဲဖော်ရွေးချယ်တာနဲ့ ပတ်သက်လို့ တစ်ယောက်နဲ့တစ်ယောက် ခံယူထားတာတွေ မတူညီကြသလို လူအများစုရဲ့ စံနှုန်းတွေကလည်း အမျိုးမျိုးရှိကြပါတယ်။ ဘယ်လိုလူမျိုးကို ရွေးချယ်သင့်တယ်၊ ဘယ်အချက်တွေက အရေးကြီးတယ် စသဖြင့်ပေါ့။ ယေဘုယျ အပြောများကြတာဆိုရင် နှလုံးသားနဲ့ ဦးနှောက်ကြား ဘယ်သူ့ဘက်ကို လိုက်သင့်တယ် ဆိုတဲ့ သီအိုရီတွေပါ။
တကယ်တမ်းတော့ ဒါတွေအများစုက လက်တွေ့မှာ အံဝင်ခွင်ကျဖြစ်ဖို့ခက်တဲ့ သီအိုရီတွေသက်သက်ပဲ ဖြစ်နေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဘဝအခြေအနေတွေ၊ ကိုယ်ပိုင်စံနှုန်းတွေ၊ လိုအပ်ချက်တွေ၊ သည်းခံနိုင်တဲ့နေရာတွေ စသဖြင့် အားလုံးက မတူညီကြလို့ပါပဲ။ ဒီတော့ မတူညီနိုင်တဲ့ အချက်တွေကို ဖယ်ပြီး အခြေခံအကျဆုံး တူညီတဲ့ ရှုထောင့်တွေကနေ ဘဝလက်တွဲဖော်ဘယ်လိုရွေးသင့်လဲ ဆိုတာကို ဆွေးနွေးပါရစေ။
အချစ်နဲ့ လက်တွေ့ဘဝ
အချစ်နဲ့ လက်တွေ့ဘဝ လို့ ပြောရင် နှလုံးသားနဲ့ ဦးနှောက်ကြား ရွေးချယ်ရတာကိုပဲ ပြောတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီထက် လေးနက်ပါတယ်။ နှလုံးသားဟာ ကိုယ့်ကိုယ်ကိုယ် “ငါတကယ်ချစ်ပါတယ်” လို့ လိမ်ညာထားလို့ရသလို ဦးနှောက်ကလည်း “ဒီဘဝမှာ ငါနေနိုင်ပါတယ်” လို့ လိမ်ညာလိုက်လို့လည်းရပါတယ်။ ဒါပေမဲ့ ဒါက တကယ့်အချစ်နဲ့ လက်တွေ့ဘဝကို မပြောင်းလဲသွားစေပါဘူး။ ဒါကြောင့် အဓိကစဥ်းစားသင့်တဲ့ ရှုထောင့်ကတော့ ကိုယ်က ဘယ်လိုအချစ်မျိုးလိုချင်တာလဲ ဆိုတာနဲ့ ဘယ်လိုလက်တွေ့ဘဝမျိုးကို ရင်ဆိုင်ချင်တာလဲ ဆိုတာပါပဲ။
ပိုပြီးရှင်းသွားအောင် ဥပမာလေးနဲ့ ပြောပါရစေ။ ကိုယ်လိုချင်တဲ့အချစ်မျိုးဟာ ဘဝကို တိုးတက်အောင်မြင်အောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အားပေးကူညီတတ်တဲ့ အချစ်မျိုးဖြစ်ပြီး ကိုယ်ရင်ဆိုင်ချင်တဲ့ လက်တွေ့ဘဝမျိုးကတော့ အဆင့်အတန်းရှိရှိ၊ ချမ်းချမ်းသာသာနဲ့ မိသားစုသိုက်သိုက်ဝန်းဝန်း ရှိချင်တာမျိုး ဆိုပါစို့။ ကိုယ်ချစ်မိတဲ့သူကတော့ ပင်ပင်ပန်းပန်း ကြိုးစားရတာတွေမကြိုက်ဘဲ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တဲ့သူဖြစ်နေမယ်ဆိုရင် သေချာပေါက် ရေရှည်လက်တွဲဖို့ မလွယ်ကူတာဖြစ်နိုင်ပါတယ်။ ကိုယ့်နှလုံးသားက ချစ်နေလို့ သူ့လိုမျိုး ဘဝကို နေနိုင်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာလိုက်လို့ရပါတယ်။ အဲဒီလို လိမ်ညာလိုက်တဲ့သူတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ လက်တွေ့ဘဝကို ရင်ဆိုင်ရပြီဆိုတဲ့အခါမှာတော့ ကိုယ့်ရဲ့စံနှုန်းနဲ့ လွဲနေတာဖြစ်တဲ့အတွက် တစ်ဘဝလုံးလက်တွဲဖို့ ခက်ခဲလာမှာပါ။
ဒါကြောင့် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်သိဖို့က အရေးကြီးပါတယ်။ ရေရှည်လက်တွဲဖော်ကို မရွေးချယ်ခင် ကိုယ်လိုချင်တဲ့ အချစ်မျိုးနဲ့ ရင်ဆိုင်ချင်တဲ့ ဘဝကို သေချာသိနေပါစေ။
၈၀ ရာခိုင်နှုန်း ပြည့်စုံခြင်း
လူ့ပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေနဲ့လည်း အကုန်ပြည့်စုံ၊ ကိုယ်လိုချင်သမျှ အချက်တွေနဲ့လည်း တစ်ထပ်တည်းကျ ဆိုတဲ့ အရာရာပြီးပြည့်စုံနေတဲ့သူမျိုး ဖြစ်ရမယ်လို့ တွေးနေရင်တော့ အဲဒီအတွေးကို စွန့်ပစ်လိုက်ဖို့ ပြောပါရစေ။ အဲဒီလို ပြီးပြည့်စုံတယ်ဆိုတာ လောကမှာ မရှိလို့ပါ။ လက်တွေ့ဆန်ပြီး သဘာဝကျကျ အကြံပြုလေ့ရှိကြတာကတော့ ကိုယ်သဘောကျတဲ့အချက်တွေ တစ်ဝက်လောက်ပဲရှိရင်တောင် အဲဒီလူကို လက်တွဲလိုက်ပါ တဲ့။ တကယ်တော့ ၈၀ ရာခိုင်နှုန်းလောက်အထိ မျှော်လင့်ထားလို့ရပါတယ်။ အများအားဖြင့် ပျော်ပျော်ရွှင်ရွှင် ရေရှည်လက်တွဲသွားကြတဲ့သူတွေမှာ ၈၀ ရာခိုင်နှုန်းလောက်အထိ ထပ်တူကျကြပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ ညှိယူကြရပါတယ်တဲ့။
ကိုယ် သဘောမကျတဲ့ ၂၀ ရာခိုင်နှုန်း
ရေရှည်လက်တွဲကြတဲ့အခါ အဲဒီ ၂၀ ရာခိုင်နှုန်းက စကားပြောပါတယ်။ ကိုယ်သဘောမကျတဲ့ ၂၀ ရာခိုင်နှုန်းသောအရာတွေကို လက်ခံနိုင်မလား၊ သည်းခံနိုင်မလား ဒါမှမဟုတ် သဘောတူညီမှုတစ်ခုနဲ့ ညှိယူကြမလားဆိုတာကတော့ နှစ်ယောက်အတူတူ တိုင်ပင်ဆုံးဖြတ်ကြဖို့လိုပါတယ်။ တစ်ခါတလေမှာ ကိုယ်သဘောကျတဲ့ ၈၀ ရာခိုင်နှုန်းကို ကျော်ပြီး သဘောမကျတဲ့အရာတွေက လက်တွဲဖြုတ်ဖို့ ဖြစ်လာတတ်တာကြောင့်ပါ။
ဥပမာပြောရမယ်ဆိုရင် ၈၀ ရာခိုင်နှုန်းသောအချက်တွေထဲမှာ ကိုယ်လိုချင်တဲ့ အချစ်မျိုးကိုလည်း ပေးနိုင်တယ်၊ ကိုယ်နေချင်တဲ့ဘဝမျိုးကိုလည်း အတူတူဖန်တီးပေးနိုင်တယ်။ ၂၀ ရာခိုင်နှုန်းထဲမှာတော့ ကိုယ်မကြိုက်တဲ့အချက်ဖြစ်တဲ့ အပေါင်းအသင်းမက်လွန်းတယ် ဆိုတာမျိုး ရှိနေတယ် ဆိုပါစို့။ အစောကတည်းက အဲဒီအချက်ကို သဘောတူညီမှုတစ်ခု မယူထားဘူးဆိုရင် ရေရှည်လက်တွဲဖို့ အနှောင့်အယှက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒုတိယအချက်ကတော့ သူ့ရဲ့ ၈၀ နဲ့ ၂၀ ကို သေချာသိပြီးမှ ရေရှည်လက်တွဲဖို့ ဆုံးဖြတ်ချက်ချပါ။
“Happily” Ever After
“အသက်ထက်ဆုံး ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေသတည်း” ဆိုတဲ့ ပုံပြင်တွေရဲ့ အဆုံးသတ်လိုမျိုး လူတိုင်းဖြစ်ချင်ကြမှာပါ။ ဒီမှာအရေးကြီးဆုံးက “ပျော်ရွှင်စွာ” ဆိုတဲ့အချက်ပါ။ တချို့ကတော့ အသက်ထက်ဆုံး ပေါင်းဖက်သွားကြပါတယ်။ ဒါပေမဲ့ ပျော်ရွှင်စွာတော့ မဟုတ်ကြပါဘူး။ ဒါမျိုးက တကယ်တမ်းစဥ်းစားကြည့်မယ်ဆိုရင် လူ့ဘဝခဏလေးမှာ လူဖြစ်ရကျိုးမနပ်လိုက်ဘူးလို့ပဲ ဆိုရမှာပါ။ မပျော်ရတဲ့ တွဲလက်တစ်စုံနဲ့ ဘဝကို ဖြတ်သန်းရတာဟာ အချိန်တွေကို သဲထဲရေသွန်လုပ်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် ရေရှည်လက်တွဲဖို့ စဉ်းစားတဲ့အခါမှာ တစ်ဘဝလုံး ပျော်ရမယ်ထင်ရင် ဘာပဲဖြစ်နေနေ လုပ်လိုက်ပါ။ မပျော်ရတဲ့ ဘဝကြီးကို မျက်စိမှိတ်ရွေးရလောက်အောင်တော့ ဉာဏ်မနည်းကြပါနဲ့လို့ ပြောပါရစေ။
ဒီဆောင်းပါးလေးက ပြောချင်တာကတော့ ဘဝလက်တွဲဖော်အဖြစ် ဘယ်လိုလူကိုရွေးပါ ဆိုတဲ့ တိုက်တွန်းမှုမျိုး မဟုတ်ပါဘူး။ ဘယ်လိုရွေးသင့်တယ်ဆိုတဲ့ ရှုထောင့်လေးတွေပဲဖြစ်ပါတယ်။ လူ့ဘဝဟာ တိုတောင်းသလောက် ပင်ပန်းခက်ခဲပါတယ်။ ဘဝရဲ့ ပင်ပန်းမှုတွေကို တစ်ဝက်သက်သာစေပြီး ပျော်ရွှင်ရတဲ့အချိန်တွေကို နှစ်ဆတိုးစေတဲ့ တွဲလက်တွေဟာ လူတစ်ယောက်ရနိုင်တဲ့ တန်ဖိုးအရှိဆုံး ဘဝလက်ဆောင်ပါပဲ။ အဲဒီလက်ဆောင်မျိုး ရရှိနိုင်ဖို့ ရွေးချယ်မှုတွေမှန်ကန်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါရစေနော်။
Comments