အပူဒဏ်ကြောင့် ကလေးငယ်တွေ အသားမလောင်အောင် ဘယ်လိုကာကွယ်မလဲ

Posted in မိဘအုပ်ထိန်းခြင်း


အသားရည်နုနုလေးတွေမှာ အနီစက်လေးတွေ၊ အင်ပြင်လေးတွေ၊ ရောင်နေတာတွေနဲ့ မိတ်တွေထွက်နေပြီဆို ဘေဘီလေးတို့မှာ ရာသီဥတုပူတာအပြင် နေ့စဥ်အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ သန့်ရှင်းမှုအားနည်းတာ စသဖြင့် အကြောင်းရင်းမျိုးစုံကြောင့် ဖြစ်နိုင်တာပါ။ အသက်အရွယ်လည်း ငယ်ရွယ်နုနယ်သေးပြီး သူတို့ကိုယ်တိုင် ဂရုမစိုက်နိုင်သေးတာမို့ တစ်နှစ်ထက် တစ်နှစ် ပူပြင်းလာတဲ့ နွေရာသီဒဏ်ကို တတ်နိုင်သလောက် မခံစားရအောင် မိဘတွေကပဲ အရိပ်တကြည့်ကြည့် စောင့်ရှောက်ဖို့လိုပါတယ်။ ဒါကြောင့် သူတို့လေးတွေ နွေအပူဒဏ်ကြောင့် နေရခက်ပြီး ယားယံတာတွေ မဖြစ်ရအောင် ကာကွယ်ဖို့အပြင် အသားလောင်ဖို့လွယ်တဲ့ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ Diaper ဝတ်ရတဲ့ နေရာလေးတွေကို အဓိကထား သတိပြုပေးရအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ဒီဆောင်းပါးလေးက တစ်ဆင့် ဖော်ပြလိုက်တယ်နော်။ 

ဖြစ်တတ်တဲ့ အကြောင်းရင်းတွေ

ချွေးပေါက်ပိတ်ရာကနေ မိတ်တွေထွက်တာအပြင် နုနယ်တဲ့ကလေးတွေမှာဆို အသားလောင်တဲ့အထိ ဖြစ်စေတာဟာ မိဘတွေအနေနဲ့ မပေါ့သင့်တဲ့ အရေပြားပြဿနာတစ်မျိုးပါ။ အများအားဖြင့် ပူပြင်းတဲ့ နွေရာသီကြောင့်အပြင် လေဝင်လေထွက်မကောင်းတဲ့ အိပ်ရာနဲ့ နေရာထိုင်ခင်း၊ အရည်အသွေးမကောင်းဘဲ ထူပိန်းတဲ့ အသားလိမ်းခရင်မ်အမျိုးအစားတွေက ချွေးပေါက်ပိတ်စေပြီး နုနယ်တဲ့ အသားရည်လေးတွေကို ပျက်စီးစေတာပါ။ ကလေးတွေနဲ့ နေ့တိုင်း ထိတွေ့ဝတ်ဆင်ရတဲ့ Diapersတွေမှာလည်း ကလေးငယ်နဲ့ မကိုက်ညီတဲ့၊ အရည်အသွေးမပြည့်မီတဲ့ အမျိုးအစားတွေ အသုံးပြုမိမယ်ဆို ရာသီဥတုပူရတဲ့အထဲ ကလေးတွေခမျာ ပူလောင်ပြီး ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ ကျဥ်းကျပ်ပြီး လေထွက်ပေါက်မရှိတဲ့ Diapers အမျိုးအစားတွေ အသုံးပြုတာ၊ ပုံမှန် လဲလှယ်သန့်ရှင်းရေး မလုပ်ပေးတာကြောင့် ချွေးတွေ၊ အညစ်အကြေးတွေနဲ့ အသားလောင်တာတွေကလည်း ဖြစ်တတ်ပါတယ်။ တချို့ကလေးငယ်တွေမှာ Diapersတွေမှာ အသုံးပြုတဲ့ ပါဝင်ပစ္စည်းနဲ့ အမွှေးအကြိုင်တွေနဲ့ ဓာတ်မတည့်တာကြောင့် နေရခက်တာ၊ အသားရည်လေးတွေ ပျက်စီးတာဖြစ်နိုင်ပါသေးတယ်။

အေးမြခြောက်သွေ့တဲ့ ပတ်ဝန်းကျင်

ရာသီတိုင်း ပူပြင်းနေတဲ့မြန်မာနိုင်ငံမှာတော့ တတ်နိုင်သလောက် အပူဒဏ်ကာကွယ်နိုင်ဖို့ဆို ကလေးငယ်တွေအတွက် အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ရှိစေဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပူလို့ ချွေးထွက်လွန်တာကနေ ရေဓာတ်ခမ်းခြောက်တာတွေအပြင် အသားရည်မှာ မိတ်ထွက်တာ၊ အသားလောင်တာတွေကို တတ်နိုင်သလောက် လျှော့ချနိုင်မှာပါ။ ချည်သားအေးအေးနဲ့ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားလေးတွေ ဝတ်ဆင်ပေးပြီး ဘေဘီလေးတို့ ငယ်ရွယ်သေးတဲ့အချိန်မှာ အနှီးလေးတွေထားမယ်ဆို တင်းတင်းကျပ်ကျပ်ကြီး မထုပ်ပေးဘဲ လေဝင်လေထွက်ရှိအောင် ဂရုပြုပေးဖို့ လိုပါတယ်။ သူတို့လေးတွေ နေ့လယ်နေ့ခင်း အိပ်ချိန်မှာလည်း အခန်းပတ်ဝန်းကျင် အေးနေအောင် ဖန်တီးပေးသင့်ပြီး မကြာခဏ ချွေးသုတ်ပေးတာ၊ မပူမအေး ရေနဲ့ ရေချိုးပေးတာကလည်း အသားရည်လေး အေးမြစေဖို့ အထောက်အကူပြုစေမှာပါ။

မှန်ကန်လိုက်ဖက်တဲ့ ပစ္စည်းတွေ

မွေးခါစ ကလေးငယ်တွေ အနေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေက အနုနယ်ဆုံးအခြေအနေမှာ ရှိတဲ့အတွက် အသားရည်မလောင်အောင်၊ မထိခိုက်အောင် အသုံးပြုတဲ့ပစ္စည်းတွေကို သေချာစီစစ်သုံးပေးသင့်ပါတယ်။ အသား‌အေးအေးနဲ့ လျှော်ဖွတ်သန့်စင်ထားတဲ့ ချည်ထည်အဝတ်အစားတွေအပြင် နေ့စဥ်အသုံးပြုနေတဲ့ အသုံးအဆောင်တွေမှာလည်း သူတို့အသားရည်နဲ့ လိုက်ဖက်ကိုက်ညီတဲ့ သဘာဝ Skin Care ပစ္စည်းလေးတွေ ဥပမာ - အသားလောင်တာတွေ အတွက်ဆို က‌လေးငယ်တွေ အသားအေးသွားမယ့် သဘာဝရှားစောင်းလက်ပတ်အဆီ (Aloe Vera Gel)၊ အစိုဓာတ်ပေးနိုင်မယ့် သဘာဝအုန်းဆီ၊ ချွေးပေါက်မပိတ်စေဘဲ လိမ်းလိုက်ရင် ပေါ့ပေါ့ပါးပါးရှိမယ့် ရေဓာတ်ဖြည့်ခရင်မ် (Hypoallergenic Moisturizer)၊ တခြားအမွှေးအကြိုင် အနံ့တွေ မပါဝင်တဲ့ နူးနူးညံ့ညံ့ Wet Tissue နဲ့ Wipes တို့ကို အသုံးပြုပေးသင့်ပါတယ်။ 

Diapers ဆိုရင်လည်း စုပ်ယူမှုအားကောင်းပြီး လေဝင်လေထွက်ရှိတဲ့ အရည်အသွေးကောင်းကောင်းတွေကိုသာ အသုံးပြုပေးပြီး နှစ်နာရီ သို့ သုံးနာရီခြား တစ်ခါ လဲလှယ်ပေးနိုင်ဖို့ အရေးကြီးဆုံးပါပဲ။ Diaper ကြောင့် အသားလောင်တာတွေ ဖြစ်လာခဲ့ရင်လည်း နီးစပပ်ရာ ကလေးအထူးကုဆရာဝန်နဲ့တိုင်ပင်ပြီး Zinc Oxide အခြေခံထုတ်ထားတဲ့ Diaper Cream တွေ ရွေးချယ်လိမ်းပေးနိုင်ပြီး တတ်နိုင်ရင်တော့ ပူပြင်းတဲ့ နေ့ခင်းဘက်တွေမှာဆို Diaper မဝတ်ပေးတာကလည်း အပူရှောင်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်နိုင်မှာပါ။ 

ဘေဘီလေးတို့ အပူဒဏ်ရှောင်ရှားနိုင်ဖို့ဆို အေးမြပြီး သက်တောင့်သက်သာရှိစေတဲ့ အသုံးအဆောင်တွေနဲ့ ပတ်ဝန်းကျင်လေးကို ကြိုတင်ဖန်တီးထားဖို့က အရေးဆုံးပါပဲနော်။ ကလေးတို့ အများစုဖြစ်တတ်တဲ့ မိတ်နဲ့ အသားလောင်တာတွေက အပေါ်မှာ ပြောပြထားတဲ့ နည်းလမ်းတွေနဲ့ ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသက်သာသွားစေမှာပါ။ အဲ့လိုမဟုတ်ဘဲ အသားလောင်တာတွေ၊ အနီစက်တွေက ဒီတိုင်းဆက်ရှိပြီး ကလေးနေရခက်တာ၊ ဖျားနာနေပြီဆို ကျွမ်းကျင်ရာဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်နော်။ 


Share

Comments

Related Posts