သားသားမီးမီးတို့နဲ့အတူ ဖြတ်သန်းမယ့် နွေရာသီကျောင်းပိတ်ရက်

Posted in မိဘအုပ်ထိန်းခြင်း


နွေရာသီကျောင်းပိတ်ရက်တွေ နီးလာတာနဲ့အမျှ မနားတမ်းဆော့ကစားရတော့မယ်ဆိုတဲ့ အတွေးနဲ့ ကလေးတွေက လှုပ်ရှားတက်ကြွနေကြပြီလေ။ ဒါပေမဲ့ သူတို့လေးတွေ အားလပ်ချိန်ကို အကောင်းဆုံး အသုံးချပျော်ရွှင်နိုင်ဖို့အတွက် ဖေဖေမေမေတို့ရဲ့ စိတ်ထဲမှာစဉ်းစားထားတဲ့ အစီအစဉ်လေးတွေလည်း ရှိနေမှာပါနော်။ ကလေးတွေရဲ့ စိတ်ကူးဉာဏ်နဲ့ ဖန်တီးမှုစွမ်းရည် ဖွံ့ဖြိုးဖို့အတွက်ဆိုရင် အနုပညာနဲ့သက်ဆိုင်တဲ့ လှုပ်ရှားမှုလေးတွေက အကောင်းဆုံးဖြစ်မှာပေါ့။ ဒါ့အပြင် မိသားစုသံယောဇဉ်အပြင်၊ သူတို့လေးတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားချက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့အတွက် ကလေးနဲ့အတူ အချိန်ပေးထိတွေ့ဖို့က အလွန်အရေးကြီးတယ်နော်။ ဒါကြောင့်မို့ အဓိပ္ပာယ်ပြည့်၀တဲ့ ဒီနွေရာသီအားလပ်ရက်လေးမှာ ကလေးတို့နဲ့အတူ အချိန်ပေးလုပ်ဆောင်စရာ လှုပ်ရှားမှုလေးတွေကို ဝေမျှပေးလိုက်ပါရစေ။ 

အတူဖန်တီးပါ အနုပညာ

အနုပညာနဲ့သက်ဆိုင်တဲ့ လှုပ်ရှားမှုလေးတွေကတော့ ကလေးတို့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးဉာဏ်ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအစီအစဉ်လေးပဲပေါ့။ ပျော်စရာလည်းကောင်းပြီး ဦးနှောက်ကိုလည်းနှိုးဆွပေးတဲ့အပြင် အနုပညာစွမ်းရည်တွေကိုလည်း လေ့ကျင့်ပေးရာ ရောက်တယ်လေ။ ဒါကြောင့် အနုပညာညနေခင်းလေးတစ်ခု အချိန်သတ်မှတ်လိုက်ပါ။ ရောင်စုံခဲတံ၊ ဆေးရောင်စုံနဲ့ ပုံဆွဲစာရွက်လေးတွေကို သူတို့လေးတွေ အသုံးပြုနိုင်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဒါမှမဟုတ် အဆိုအကဖျော်ဖြေချိန်လေးမှ ပိုသဘောကျတယ်ဆိုရင်လည်း ဖြစ်တာပဲလေ။ ဒါ့အပြင် မော်ဒယ်တစ်ယောက်လို ပို့စ်ပေးရတာ ဝါသနာပါတဲ့ သားသားမီးမီးလေးတို့အတွက် ဖေဖေမေမေတို့က ဓာတ်ပုံရိုက်ပေးမယ်ဆိုရင်လည်း အတိုင်းထက်အလွန်ပါပဲ။ ဒီအစီအစဉ်လေးတွေအားလုံးက   မိသားစုဝင်အားလုံးကို ရယ်မောပျော်ရွှင်စရာ အခိုက်အတန့်လေးတွေ ပေးစွမ်းမယ့်အပြင်၊ မိမိရဲ့ အနုပညာစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်လို့ ကလေးတွေရဲ့ ယုံကြည်ချက်ကိုလည်း ပိုမိုမြင့်မားလာစေနိုင်တာပေါ့။

ဟိုဟိုဒီဒီ ခရီးသွားပါ

အမြဲတမ်း အိမ်တွင်းပုန်းလုပ်မနေပဲ ကလေးတို့နဲ့အတူ အိမ်အပြင်ထွက်ပေးတာဟာ အပန်းပြေစေရုံမက ကျန်းမာရေးနဲ့ညီညွတ်တဲ့ လှုပ်ရှားမှုလေး ဖြစ်ပါတယ်။ ပန်းခြံထဲမှာ လမ်းလျှောက်မလား၊ မြို့ထဲထွက်ပြီး လည်ပတ်မလား၊ တိရစ္ဆာန်ရုံသွားမလား၊ မြေပဒေသာကျွန်းလား၊ အားလုံးအားလုံး အိုကေပါပဲနော်။ ဒီလို ဟိုဟိုဒီဒီ ခရီးစဉ်လေးတွေ သွားလာရင်း သဘာ၀နဲ့ တိရစ္ဆာန်လေးတွေအကြောင်း ကလေးတို့ကို ဝေမျှပေးနိုင်တဲ့အပြင် သဘာ၀ပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားဖို့လည်း လမ်းပြပေးနိုင်တာပေါ့။ ဒါ့အပြင်၊ ကလေးတို့အနေနဲ့ အပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရလို့ ပေါင်းသင်းဆက်ဆံရေးပါ ကောင်းမွန်စေနိုင်ပါတယ်။ အင်း သူတို့လေးတွေ ရိုးမသွားအောင်၊ လည်ပတ်လေ့လာစရာ နေရာအသစ်တွေ ဖေဖေမေမေတို့အနေနဲ့ အမြဲတမ်းရှာဖွေနေဖို့တော့ လိုမယ်နော်။ 

အတူတူ ချက်ပြုတ်ပါ

ကလေးတို့အတူ အတူချက်ပြုတ်ရမယ်ဆိုတဲ့ အတွေးလေးနဲ့တင် ရင်ခုန်စရာမကောင်းဘူးလား။ တကယ်တော့ အစားအစာကို အတူတကွချက်ပြုတ်ခြင်းဟာ ပျော်စရာလည်းကောင်းသလို ကလေးတို့ရဲ့ ဘ၀စွမ်းရည်တွေကို မြှင့်တင်ပေးရာလည်းရောက်တဲ့ လှုပ်ရှားမှုလေး ဖြစ်ပါတယ်နော်။ စိတ်ကြိုက် ထမင်းဟင်းချက်ပြုတ်မလား၊ မုန့်ပဲလုပ်စားမလား ကလေးတို့ရဲ့ အကူအညီကို ရယူပြီးလုပ်ဆောင်နိုင်တယ်လေ။ ဒါတင်ဘယ်ကလိမ့်ဦးမလဲ၊ လိုအပ်တဲ့ပစ္စည်းလေးတွေကို စျေးဝယ်ထွက်ဖို့ စာရင်းလုပ်တာကအစ၊ စျေးဆိုင် (သို့) စူပါမားကက်ကို သွားတာအဆုံး သူတို့လေးတွေရဲ့ အကူအညီနဲ့ အကြံဉာဏ်လေးတွေကို ရယူနိုင်ပါတယ်။ တကယ်ချက်ပြုတ်တဲ့အခါမှာတော့၊ ချက်ပြုတ်နည်းကစလို့ အာဟာရတန်ဖိုးအထိ အသေအချာနားလည်အောင် ရှင်းပြလို့ သင်ကြားပေးနိုင်တယ်လေ။ အတူပြင်ဆင်ထားတဲ့ စားဖွယ်ရာလေး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကလေးတို့ကို အရင်မြည်းစမ်းခိုင်းပြီး မှတ်ချက်လေးတောင်းဖို့လည်း မမေ့ပါနဲ့နော်။ 

ဘုတ်ဂိမ်းလေးတွေ ကစားပါ

မိုဘိုင်းဖုန်း၊ တက်ဘလက်တို့က ဂိမ်းတွေနဲ့ အချိန်ကုန်နေမယ့်အစား လူမှုရေးစည်းမျဉ်းတွေကို အသုံးပြုဆော့ကစားရတဲ့ ဘုတ်ဂိမ်းလေးတွေက ကလေးတို့ကို ပျော်ရွှင်စေတဲ့အပြင် အပြန်အလှန်ဆက်သွယ်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ ဗျူဟာချမှတ်ခြင်း စတဲ့ လူမှုရေးရာအရည်အသွေးတွေကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ ဒီလိုဂိမ်းလေးတွေကို ကလေးတို့ရဲ့ အသက်အရွယ်အလိုက် ကိုက်ညီအောင်ရွေးချယ်ပြီး အတူကစားပေးနိုင်ပါတယ်။ မိုးရွာတဲ့နေ့တွေမှာ အပြင်ထွက်ဖို့ ခက်ခဲတာကို အကြောင်းပြပြီး ဘုတ်ဂိမ်းကလေးတွေကို ကစားပေးနိုင်သလို ကလေးတို့စိတ်ကြိုက် ဧည့်သည်တွေကို ဖိတ်ခေါ်ပြီး ဧည့်သည်ကလေးတွေနဲ့အတူ ကစားနိုင်ပါတယ်။ ဒီလိုဂိမ်းလေးတွေက ယှဉ်ပြိုင်လိုစိတ်နဲ့အတူ အဖွဲ့အစည်းစိတ်ဓာတ်ကိုလည်း လှုံ့ဆော်ပေးနိုင်လို့ အားလပ်ချိန်လေးတွေက အကျိုးရှိနေမှာပါနော်။  

အတူတူ စာဖတ်ပါ

မိမိတိို့ကိုယ်တိုင်လည်း ကြုံတွေ့ဖူးခဲ့မှာဖြစ်တဲ့ စာဖတ်ပြတဲ့ အလေ့အထကတော့ ကလေးနဲ့မိဘကြား ကြည်နူးစရာအချိန်လေးတွေကို အကောင်းဆုံးဝေမျှနိုင်တဲ့ နည်းလမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်နော်။ ဒီအလေ့အထလေးကြောင့် ကလေးတို့ရဲ့ စကားလုံးကြွယ်၀မှု၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ပါဝင်စားမှုနဲ့ အာရုံစူးစိုက်နိုင်စွမ်းတို့ကိုပါ တိုးတက်စေနိုင်တယ်လေ။ အရေးကြီးတာက သူတို့လေးတွေရဲ့ အသက်အရွယ်နဲ့ လိုက်ဖတ်မယ့် စာအုပ်အမျိုးအစားကို အသေအချာရွေးချယ်ပြီး၊ ဖတ်ပြတဲ့ အကြောင်းအရာအပေါ် မေးခွန်းထုတ်ဆွေးနွေးစေသင့်ပါတယ်နော်။ ဒါ့အပြင် စာဖတ်တဲ့အခါ အသံထွက်ဖတ်ရှုပေးခြင်းဖြင့်လည်း ကလေးတို့အာရုံစိုက်ရ ပိုမိုလွယ်ကူစေတဲ့အပြင် မှန်ကန်တဲ့ အသံထွက်ကိုလည်း သင်ယူနိုင်တာပေါ့။ 

နွေရာသီ‌ကျောင်းပိတ်ရက်မှာ သားသားမီးမီးတို့နဲ့အတူ ‌ဒီပျော်စရာအစီအစဥ်လေးတွေ လုပ်ဆောင်ကြည့်ရင်း မိသားစုတွင်း ချစ်ခင်ရင်းနှီးမှုနဲ့ ကြည်နူးစရာအချိန်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်နော်။ နွေကျောင်းပိတ်ရက်တွေမှာ အပေါ်မှာပြောပြထားတဲ့ အစီအစဥ်တွေအပြင် သားသားမီးမီးတို့နဲ့ တခြားပျော်စရာလှုပ်ရှားမှုလေးတွေ လုပ်ဖူးတယ်ဆို အမှတ်တရလေးတွေ ကောမန့်မှာ ဝေမျှခဲ့ဦးနော်။


Share

Comments

Related Posts