ကိုယ်ဝန်ဆောင်မေမေတွေ ကြားလေ့ရှိတဲ့ အယူအဆမှားများ

Posted in မိဘအုပ်ထိန်းခြင်း, ကိုယ်ဝန်ဆောင်မိခင်

ယောကျ်ား‌ဖောင်စီး၊ မိန်းမမီးနေ ဆိုတဲ့အတိုင်း ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေရဲ့ ဘဝမှာ သတိကြီး ကြီး ထားရတဲ့ အချိန်ကာလတစ်ခုပါ။ မြန်မာ့လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိပြီ ဆိုတာနဲ့ လူကြီးသူမတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေက ဆောင်ရရှောင်ရမယ့် အချက်တွေကို ပြောဆို အကြံပေးလေ့ ရှိကြပါတယ်။ ဒီလို မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာတဲ့ ကိုယ်ဝန်ဆောင် ရှေးစကားတွေကို လုံးဝ ပစ်ပယ်သင့်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မှားယွင်းနေတဲ့ တချို့သော အချက်လေးတွေလည်းရှိတာ ကြောင့် အမှတ်မှားလေ့ရှိကြတဲ့ ယုံတမ်းစကားအချို့ကို စုစည်းတင်ပြလိုက်ပါတယ်။ 

(၁) ကိုယ်ဝန်ဆောင်ချိန်မှာ အစပ်စားရင် ကလေးဆံပင်ပါးတယ်။

ကိုယ်ဝန်ဆောင်စဥ်ကာလမှာ ပျို့အန်တာတွေကြောင့် အစားအသောက်ပျက်လေ့ရှိကြပြီး ကိုယ်ဝန်ဆောင်မိခင် တွေအနေနဲ့ ချဥ်ချဥ်စပ်စပ်လေးတွေကို စားချင်တတ်ကြပါတယ်။ ဒါပေမယ့် လူကြီးတွေက အစပ်စားရင် ကလေး ထိပ်ပြောင်တတ်တယ်၊ ဆံပင်ပါးတတ်တယ် လို့ခြောက်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ တော်တော်များ များ အစပ်မစားရဲ ဖြစ်ကြတာပေါ့။ ကလေးဆံပင်ပါးတယ်၊ ထူတယ်ဆိုတာ မျိုးရိုးဗီဇနဲ့ပဲ ဆိုင်ပါတယ်။ အစပ်စားရင် မွေးလာတဲ့ကလေး ဆံပင်ပါးမယ်၊ ဒါမှမဟုတ် သန္ဓေသားကို တစ်ခုခုထိခိုက်မယ် ဆိုတာတွေက အချက်အလက်အတိအကျ မရှိတဲ့ ယုံတမ်းစကားတွေသာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်အရာမဆို အလွန်အကျွံစားရင် ဘေးထွက်ဆိုးကျိုးရှိပါတယ်။ အစပ်စားတဲ့ ပမာဏ လွန်ကဲသွား ရင်တော့ ရင်ပူတာ၊ ဗိုက်အောင့်တာ၊ လေထတာ ဝမ်းသွားတာ တွေကနေ အစာအိမ်ရောင်တာအထိ ခံစားရနိုင်ပါ တယ်။ ဒီဝေဒနာတွေက ကိုယ်ဝန်ဆောင်တွေသာမက အစပ်အလွန်အကျွံစားတဲ့ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရင်ကအစပ်မစားဘဲ ကိုယ်ဝန်ကြောင့် အစပ်ကိုချဥ်ခြင်းတက်လာတယ်ဆိုရင် ပမာဏ နည်းနည်းက စပြီး စားပေးပါ။ တစ်ခါတည်း အများကြီးတော့ မစားသင့်ပါဘူးနော်။ 

(၂) ကိုယ်ဝန်ဆောင်တွေက နှစ်ယောက်စာ စားပေးရတယ်

ကိုယ်ဝန်ရှိနေပြီဆိုရင် ဗိုက်ထဲက ကလေးအတွက်ပါ နှစ်ယောက်စာ စား‌‌ပေးရတယ်လို့ အချို့တွေက အမှတ်မှား လေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ ပုံမှန်စားနေကျထက် (၃၀၀-၅၀၀) ကယ်လိုရီ ပိုစားပေးရင် ကို လုံလောက်နေပါပြီ။ အမှတ်မှားပြီး နှစ်ယောက်စာ စားနေရင် စားလိုက်သမျှ ကယ်လိုရီတိုင်းက ခန္ဓာကိုယ်မှာ အဆီဖြစ်လာမှာပါ။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က အစာပမာဏ နည်းနည်းနဲ့ အကြိမ်ရေ များများ၊ အာဟာရပြည့်ဝ အောင် စားပေးရင် လုံလောက်ပါပြီ။ 

(၃) နာနတ်သီးစားရင် ကိုယ်ဝန်ပျက်ကျတတ်တယ်

နာနတ်သီးမှာ ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးက ခန္ဓာကိုယ်အတွင်း ပုံမှန်မဟုတ်တဲ့ သွေးယိုခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် နာနတ်သီးစားသုံးလိုက်စဥ်မှာ ခန္ဓာကိုယ်ကရရှိလိုက်တဲ့ ဘရိုမီလိန်း ပမာဏဟာ မပြောပလောက်တာကြောင့် ကိုယ်ဝန်ကို ထိခိုက်စေလောက်အောင် မသက်ရောက်နိုင်ပါဘူး။ ဒါကြောင့် နာနတ်သီးစားရင် ကိုယ်ဝန်ပျက်ကျတယ်၊ သွေးဆင်းတယ်ဆိုတာဟာ အထောက်အထား ခိုင်ခိုင်မာမာမရှိတဲ့ ယုံတမ်းစကားသာဖြစ်ပါတယ်။ နာနတ်သီးမှာ  ကလေးငယ်ကောင်းစွာ ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်ကြတဲ့ ဗီတာမင်စီ၊ ဖောလိတ်အက်ဆစ်၊ သံဓာတ်၊ ဗီတာမင် B6 စတာတွေ ကြွယ်ဝပါတယ်။ ဒါပေမယ့် အစတည်းက နာနတ်သီးနဲ့ ဓာတ်မတည့်ရင်တော့ မစားသင့်ဘူးပေါ့။ အလွန်အကျွံစားသုံးမိရင် ရင်ပူတာလွဲလို့ နာနတ်သီးစားလို့ ကိုယ်ဝန်ကို ထိခိုက်စေတာမျိုးမရှိလို့ ချင့်ချိန်စားသုံးနိုင်ပါတယ်။ 

(၄) Morning Sickness က မနက်ပိုင်းပဲ ဖြစ်တတ်တယ်

Morning Sickness လို့ ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဥ် ပျို့အန်မူးဝေခြင်းက Morning ဆိုတဲ့ စကားလုံးပါလို့ မနက်ခင်းပဲ ဖြစ်တတ်တယ်လို့ အမှတ်မှားတတ်ကြပါတယ်။ နာမည်က Morning Sickness ဆိုပေမယ့် ပျို့အန် ချင်နေတဲ့ မအီမသာခံစားချက်ကတော့ မနက်ခင်းတင်မကဘဲ တစ်နေကုန် ဖြစ်ချင်တဲ့အချိန် ဖြစ်တတ်တာမျိုးပါ။ တစ်ယောက်နဲ့တစ်ယောက် ဇီဝဖြစ်စဥ်နဲ့ ဟော်မုန်းတွေ မတူ ညီတာကြောင့် ခံစားရတဲ့ အတိုင်းအတာနဲ့ အချိန် အပိုင်းအခြားတွေ မတူညီကြပါဘူး။ ဒါကြောင့် အခြားကိုယ်ဝန်ဆောင်တွေရဲ့ Morning Sickness က မပြင်း ထန်ပေမယ့် ကိုယ်က တစ်နေကုန် ကိုယ်လက်မအီမသာနဲ့ မူးဝေအော့အန်နေတယ်ဆိုတာမျိုးက ဖြစ်လေ့ရှိတဲ့ ပုံမှန်အခြေအနေပါပဲ။ 

(၅) ကိုယ်ဝန်ဆောင်မိခင်က စိတ်လက်ကြည်လင်ပြီး ပျော်ရွှင်နေရမယ်

ကိုယ်ဝန်ရှိပြီဆိုတာနဲ့ လူကြီးမိဘတွေက၊ ပတ်ဝန်းကျင်က မိခင်လောင်းက စိတ်ကြည်လင်နေမှ၊ အေးချမ်းနေမှ သန္ဓေသားအတွက်ကောင်းတာ၊ မွေးရဖွားရလွယ်တာ စသဖြင့် ပြောကြပါတယ်။ စိတ်ဆိုးဒေါသထွက်တာမျိုး မဖြစ်သင့်ဘူး၊ ဘာသာရေးပိုလုပ်သင့်တယ် စသဖြင့်တွေရောပေါ့။ စိတ်လက်ကြည်လင်တယ်၊ ပျော်ရွှင်တယ် ဆိုတာ ကိုယ်ဝန်ဆောင် မိခင်မှ မဟုတ်ပါဘူး၊ လူတိုင်းအတွက် ကောင်းမွန်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ကိုယ်ဝန် ဆောင်တယ် ဆိုတာ ခန္ဓာကိုယ် အပြောင်းအလဲ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အမျိုးသမီးတွေ အတွက် ပင်ပန်းခက်ခဲတဲ့ အချိန်ပါ။ ပုံမှန်  လူတွေတောင် တစ်ချိန်လုံး ပျော်ရွှင် စိတ်ကောင်းဝင်နေဖို့ မဖြစ်နိုင်ရင် ပုံမှန်ထက် ပိုပင်ပန်း တဲ့ ကိုယ်ဝန်ဆောင် ချိန်မှာ စိတ်ပင်ပန်းတာ၊ ခံစားချက်မကောင်းတာ၊ ဒေါသထွက်လွယ်တာ ဆိုတာတွေက ဖြစ်သင့်တဲ့ ပုံမှန် အခြေအနေတွေပါပဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဆိုတာ တစ်ချိန်လုံး စိတ်ကြည်လင်၊ ပျော်ရွှင်နေရမယ်ဆိုတာ အချက်အလက်မခိုင်မာတဲ့ ယုံတမ်းစကားသာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလဆိုတာ မိခင်လောင်းတွေအတွက် စိန်ခေါ်မှုများတဲ့ ကာလဖြစ်လို့ သတိထားဆင်ခြင်ရမယ် ဆိုတာ မှန်ပါတယ်။ လူကြီးမိဘတွေရဲ့ ရှေးစကားတွေအားလုံးကို ပယ်ရှားဖို့ မလိုပေမယ့် တချို့ အမှတ် မှားနေ ကြတဲ့ ယုံတမ်းစကားတွေလည်း ရှိတာကြောင့်  ကိုယ်ဝန်ဆောင် မေမေတို့စိတ်ထဲမှာ ဒွိဟဖြစ်နေတဲ့ အကြောင်း အရာလေးတွေရှိရင် ယုံကြည်စိတ်ချရသူ၊ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီလိုဆိုရင်တော့ ကိုယ်ဝန်ဆောင် မိခင်တို့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ဖြတ်သန်းနိုင်မှာ အသေအချာပါပဲ။


Share

Comments

Yati Htet

ကိုယ်ဝန်ဆောင်ချိန်မှာတွေ့ကြုံရမဲ့အယူအဆအမှားများကိုဖတ်ခွင့်ရလို့အကျိုးကျေးဇူးအများကြီးရရှိပါတယ်။ကိုယ်ဝန်ဆောင်များကိုအကြံပေးချင်တာကအာဟာရပြည့်စုံစွာစားပေးပါ။folic acid နဲ့ကိုယ်ဝန်ဆောင်အားဆေးကိုလဲသောက်သုံးပေးရန်လိုအပ်ပါတယ်

Related Posts