
လေယာဥ်စီးတဲ့အခါ ဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတစ်ခုရှိပါတယ်။ “ကိုယ့်ရဲ့ အောက်ဆီဂျင်မျက်နှာဖုံးကို သေချာတပ်ပြီးမှ တခြားသူတွေကို ကူညီပါ” တဲ့။ မြန်မာစကားပုံမှာဆိုရင်လည်း ခပ်ဆင်ဆင်တူတာရှိပါတယ်။ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဆိုတာပါ။
ဒီအတိုင်းပါပဲ။ ကျန်းမာရေးနဲ့ ပတ်သက်လာရင်လည်း ကိုယ်ကိုယ်တိုင် ကျန်းမာအောင် ဂရုစိုက်နေထိုင်ခြင်းက တခြားသူတွေကို ဂရုစိုက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒီအကြောင်းကို အသေးစိတ်လေး ဆွေးနွေးကြည့်ကြရအောင်။
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တာနဲ့ အတ္တကြီးတာ မတူပါဘူး။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ရင် နံပါတ်တစ်အရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်တိုင်ကျန်းမာနေရင် တခြားသူတွေကို ကောင်းကောင်းဂရုစိုက်ပေးနိုင်သလို ဘဝမှာလည်း နေပျော်ပါတယ်။ မကျန်းမာတဲ့လူတစ်ယောက်ဆိုရင် နေရတာ ကိုယ်ကိုယ်တိုင်လည်း မပျော်သလို ဘေးမှာရှိတဲ့လူတွေကိုလည်း ကိုယ်ရောစိတ်ပါ ပင်ပန်းစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းက ချစ်ရသူတွေကို ဂရုစိုက်နည်းတစ်မျိုးပဲလို့ ပြောတာပါ။ ဒါဆိုရင် ဘယ်အရာတွေကို ဘယ်လိုဂရုစိုက်ကြမလဲဆိုတာ ဆက်ပြီးပြောကြည့်ရအောင်။
ခန္ဓာကိုယ်ကျန်းမာရေး
ကျန်းမာရေးဂရုစိုက်ပါ လို့ပြောရင် ခန္ဓာကိုယ်ကျန်းမာရေးကို အရင်ဆုံးမြင်တတ်ကြပါတယ်။ ဒါကလည်း အသိသာဆုံးနဲ့ အထိအခိုက်အများဆုံး ဖြစ်တတ်လို့ပါပဲ။ ခန္ဓာကိုယ်က ဘယ်နေရာပဲဖြစ်ဖြစ် မကျန်းမာဘူးဆိုရင် ကျန်တဲ့ လူမှုရေး၊ စီးပွားရေးတွေမှာ အနည်းနဲ့အများ ထိခိုက်တာချည်းပါပဲ။ ဒါတင်မကပါဘူး၊ ကိုယ့်အနီးနားက ချစ်ရသူတွေကိုလည်း ဂရုစိုက်ဖို့ ခက်ခဲတဲ့အပြင် သူတို့ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် စားသောက်နေထိုင်မှုပုံစံတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် အမြဲတစေ ဂရုစိုက်နေဖို့ အရေးကြီးပါတယ်။ တချို့ရောဂါတွေဟာ အသိနောက်ကျတတ်တဲ့အတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန်လုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။
စိတ်ကျန်းမာရေး
လူတွေက ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖို့ သတိရရင်တောင် စိတ်ကျန်းမာရေးကို မေ့နေတာ၊ ဂရုမစိုက်မိတာမျိုး ဖြစ်တတ်ကြပါတယ်။ တကယ်တော့ စိတ်ကျန်းမာရေးကလည်း အရေးကြီးတာပါပဲ။ “စိတ်ပျိုတော့ ကိုယ်နု၊ စိတ်ထောင်းတော့ ကိုယ်ကြေ” ဆိုပြီး ပြောလေ့ရှိကြပါတယ်။ အဲဒါက တကယ်လည်း မှန်ပါတယ်။ စိတ်မကျန်းမာရင် ခန္ဓာကိုယ်လည်း ထိခိုက်လာနိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အနည်းနဲ့အများ ထိခိုက်လာနိုင်ပါတယ်။ တခြားသူတွေကို ဂရုစိုက်နိုင်ဖို့ဆိုရင် စိတ်အခြေအနေကောင်းနေဖို့ကလည်း လိုအပ်တဲ့အချက်ပါပဲ။ ဒီအတွက်တော့ ကိုယ့်ရဲ့ စိတ်အခြေအနေကို အမြဲတမ်းသုံးသပ်ပြီး ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့အရာတွေ၊ စိတ်ဖိစီးစေတဲ့အရာတွေကို လျှော့ချလို့ရရင် လျှော့ချပြီး လွှတ်ချသင့်တာတွေကိုလည်း လွှတ်ချထားလိုက်ပါ။
စိတ်နှလုံးနဲ့ လူမှုကျန်းမာရေး
ဒါကတော့ လူတွေသိပ်ပြောလေ့မရှိပေမဲ့ အရေးကြီးတဲ့ ကျန်းမာရေးတစ်ခုပါ။ အရှေ့မှာပြောခဲ့တာကတော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဖြစ်ပြီး စိတ်နှလုံးနဲ့ လူမှုကျန်းမာရေးကတော့ ကိုယ့်ရဲ့ စိတ်ဝိညာဥ် တည်ကြည်ငြိမ်းချမ်းမှုနဲ့ လူမှုဆက်ဆံရေးကောင်းမွန်မှုတွေကို ဆိုလိုပါတယ်။ ဥပမာပြောရမယ်ဆိုရင် မိသားစုတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူး၊ အမြဲတမ်း ပြဿနာတွေဖြစ်နေတယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးဖို့ဆိုတာ မဖြစ်နိုင်သလို ငြိမ်းချမ်းမှုလည်း မရှိတော့ပါဘူး။ ဒါဆိုရင် အရှေ့က စိတ်ကျန်းမာရေးတွေ၊ ခန္ဓာကိုယ်ကျန်းမာရေးတွေကိုလည်း သက်ရောက်မှုရှိလာမှာပါ။ ဒါကြောင့် စိတ်နှလုံးနဲ့ လူမှုကျန်းမာရေးကလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
အခုပြောခဲ့တဲ့ ကျန်းမာရေးသုံးခုလုံး ပြည့်စုံနေမယ်ဆိုရင်တော့ ကိုယ်ဟာ ငှက်တစ်သောင်းနားနိုင်တဲ့ အပင်ကောင်းတစ်ပင် ဖြစ်နေပါပြီ။ အစမှာပြောခဲ့သလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တယ်ဆိုတာ အတ္တကြီးတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်ရတဲ့သူတွေကို အကောင်းဆုံးဂရုစိုက်ပေးနိုင်ဖို့အတွက် ကိုယ့်ကျန်းမာရေးသုံးခုကို အမြဲတမ်းသေချာဂရုစိုက်ပါနော်။
Comments