
လူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပင်ပန်းမှုတွေက ဆားနဲ့တူပါတယ်။ ဆားနည်းနည်းလောက်ပဲဆိုရင် ရေနည်းနည်းမှာတင် ပျော်ဝင်သွားနိုင်ပေမဲ့ ပမာဏများများဆိုရင်တော့ ရေအများကြီးလိုအပ်ပါလိမ့်မယ်။ ဒီလိုပါပဲ။ ပင်ပန်းလာတဲ့တစ်နေ့မှာ အိမ်ကိုပြန်ရောက်တဲ့အခါ ရေချိုးလိုက်ရတာက မောပန်းတာတွေ ပြေပျောက်သွားစေတယ်မဟုတ်လား။ ဒါပေမဲ့ တစ်ရက်ပြီးတစ်ရက် အလုပ်တွေချည်းလုပ်နေရတယ်၊ စိတ်ညစ်စရာတွေများနေရတယ်ဆိုရင် Stress တွေက စုနေပြီး ဒီတိုင်း ရေချိုးလိုက်ရုံလောက်နဲ့လည်း မပျောက်တော့ပါဘူး။ ပိုပြီးများတဲ့ ရေတွေကို ထိတွေ့ဖို့လိုလာပါတယ်။ အဲဒီအချိန်မှာ ပင်လယ်ကို ခရီးသွားတာက အကောင်းဆုံးနည်းလမ်းဖြစ်လာတာပါပဲ။
ဘာကြောင့် ပင်လယ်
ပိုများတဲ့ရေ ဆိုရင် ရေကူးကန်တို့၊ ရေကန်တို့ရော မရဘူးလား။ ရေကူးကန်မှာလည်း အပန်းဖြေကြတယ်မဟုတ်လား လို့ မေးစရာရှိပါတယ်။ ဘာကြောင့် ပင်လယ်မှလဲ ဆိုတာကလည်း အကြောင်းအရင်းတွေရှိပါတယ်။
၁။ ပထမတစ်ချက်ကတော့ ပင်လယ်ပြင်မှာ “မိုးကုတ်စက်ဝိုင်း” ဝိသေသ ဒါမှမဟုတ် Blue Horizon Factor ရှိတာပါ။ ရေကူးကန်တို့၊ ရေကန်တို့ဆိုတာက ဘယ်လောက်ကျယ်တယ်ပဲပြောပြော အစအဆုံးကို မြင်နေ၊ သိနေရပါတယ်။ ပင်လယ်ပြင်ဆိုတာကတော့ အဆုံးအစမရှိကျယ်ပြန့်သလို ခံစားရပြီး မိုးကုတ်စက်ဝိုင်းကိုလည်း အတိုင်းသားမြင်တွေ့နေရမှာဖြစ်ပါတယ်။ အဲဒီအချက်က လူ့ဦးနှောက်ကို ငြိမ်းချမ်းစေပြီး ထပ်တလဲလဲတွေးမိနေတဲ့ စိတ်ညစ်စရာတွေကို ပျောက်ကွယ်သွားစေနိုင်ပါတယ်။
၂။ ဒုတိယအချက်ကတော့ ရှုထောင့်ပြောင်းလဲခြင်း (Perspective Shift) ပါ။ ပင်လယ်ပြင်ကြီးကို မျက်နှာမူပြီး ရပ်လိုက်ရတဲ့အခါ ကိုယ်ဟာ သေးငယ်တဲ့အရာလေးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ ကိုယ်တွေ့ကြုံနေရတဲ့ ပြဿနာတွေဆိုတာကလည်း တကယ်တော့ ဘာမှမဟုတ်ပါလား ဆိုတာမျိုး အတွေးအမြင်အသစ်တွေကို ရှုထောင့်ပြောင်းလဲပြီး မြင်လာနိုင်တဲ့အတွက် ပင်ပန်းစရာတွေကို အဖြေရှာဖို့လည်း လွယ်ကူလာမှာပါ။
၃။ ရေနဲ့ထိတွေ့မှတင်မဟုတ်ဘဲ ရေပြင်နဲ့ နီးနီးမှာရှိရင်တောင် လူ့ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောပမာဏကို လျော့ကျစေပြီး နှလုံးခုန်နှုန်းကိုလည်း ပုံမှန်ဖြစ်စေတယ်လို့ သိပ္ပံနည်းအရ လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် ပင်လယ်ရေလှိုင်းတွေကလည်း စိတ်ကိုတည်ငြိမ်စေတဲ့ “White noise” တွေအဖြစ် ရှိနေပါသေးတယ်။ ဒီအချက်တွေ စုပေါင်းလိုက်ခြင်းအားဖြင့် ပင်ပန်းမှုတွေအတွက် ပင်လယ်ပြင်ဟာ အကောင်းဆုံးဆေးတစ်ခွက် ဖြစ်လာပါတယ်။
တကယ်တော့ ဒီအချက်တွေက လူတွေရဲ့ မသိစိတ်ထဲမှာ သိနေပြီးသားဖြစ်ပါတယ်။ ဒါကြောင့်လည်း ရေနဲ့ထိတွေ့ချင်စိတ်၊ ပင်လယ်ကို ခရီးသွားချင်စိတ်တွေက အလိုလိုပေါ်လာတတ်တာပါပဲ။ အခုဆို ပိုပြီးသေချာသိသွားပြီဆိုတော့ စိတ်တွေညစ်တာများနေပြီဆိုရင် ပင်လယ်ပြင်ကိုသာ ခရီးထွက်ဖို့ စီစဉ်လိုက်ပါတော့။
Comments