တရုတ်နှစ်သစ်ကူးနှင့် အနီရောင်စာအိတ်များ

Posted in လူမှုဘဝ


တရုတ်နှစ်သစ်ကူးနဲ့ပတ်သက်လို့ ထင်ရှားတဲ့ ရိုးရာဓလေ့တစ်ခုကတော့ ဟုန်ပေါင်း (hongbao) လို့ခေါ်ကြတဲ့ အနီရောင်စာအိတ်လေးတွေနဲ့အတူ မုန့်ဖိုးပေးကြတဲ့ အစဉ်အလာပါပဲ။ တကယ်တော့ ဒီဓလေ့ဟာ ရှည်လျားတဲ့ သမိုင်းကြောင်းအစဉ်အလာတစ်ခုဖြစ်ပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာ အဲဒီလို ဟုန်ပေါင်း (hongbao)တွေရဲ့ သမိုင်းကြောင်းနဲ့ အဓိပ္ပာယ်တွေကို ပြောပြပေးသွားမှာပါ။

ဟုန်ပေါင်း (hongbao) တွေရဲ့ မူလ ကနဦးဇာတ်လမ်း

အနီရောင်စာအိတ်လေးတွေ မဖြစ်လာခင် သမိုင်းကြောင်းဇာတ်လမ်းရဲ့ အစကတော့ ဟန်မင်းဆက်ကတည်းက ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ဇာတ်လမ်းကတော့ -

အဲဒီအချိန်တုန်းက နှစ်သစ်ကူးအချိန်ကာလတွေမှာ ကလေးငယ်တွေကို ခြောက်လှန့်တတ်တဲ့ နတ်ဆိုးကြီးရှိခဲ့ပါတယ်။ သူ့နာမည်က‌တော့ “Sui” လို့ခေါ်ပါတယ်။ နတ်ဆိုးကြီး “Sui” ရန်ကနေ ကာကွယ်ဖို့အတွက် မိဘတွေက သူတို့ကလေးတွေကို တစ်ညလုံးမအိပ်အောင် ထားခဲ့ကြရပါတယ်။ တစ်ညမှာတော့ မိခင်တစ်ယောက်က သူ့ကလေးကို ဆော့ကစားနေစေဖို့ ရွှေဒင်္ဂါး (၈) ပြားကို ပေးထားလိုက်ပါတယ်။ ဒါပေမဲ့ ကလေးငယ်ကတော့ ဆော့ရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။ အဲဒီအိပ်ပျော်နေတဲ့ ကလေးဆီကို နတ်ဆိုးကြီး “Sui” ရောက်လာတဲ့အခါမှာ ခေါင်းအုံးပေါ်မှာ ကျနေတဲ့ ဒင်္ဂါး (၈) ပြားက အရောင်တွေတောက်လာပြီး တရုတ်ရိုးရာ ဒဏ္ဍာရီလာ “မသေမျိုးရှစ်ယောက်” ရဲ့ စွမ်းအားတွေ ထွက်ပေါ်လာခဲ့ပါတယ်တဲ့။ အဲဒီလိုနဲ့ နတ်ဆိုးကြီး “Sui” ကို မောင်းထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နှစ်သစ်ကူးမှာ ရွှေဒင်္ဂါးပြားတွေကို ကြိုး ဒါမှမဟုတ် ဖဲပြားနဲ့ ချည်ပြီး ကလေးငယ်တွေကို ပေးတဲ့ ရိုးရာဓလေ့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

အနီရောင်ကြိုးနဲ့ ရွှေဒင်္ဂါးလက်ဆောင်များ

ကလေးငယ်တွေကို ရွှေဒင်္ဂါးတွေ လက်ဆောင်ပေးကြတဲ့အခါမှာ ကြိုးအနီရောင်တွေကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီလက်ဆောင်တွေကို အိတ်ထဲမှာထည့်ထားမယ် ဒါမှမဟုတ် အိမ်မှာဆောင်ထားမယ်ဆိုရင် ကံကောင်းခြင်းနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ယူဆောင်လာပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ရွှေဒင်္ဂါးလက်ဆောင်ရဲ့ အဓိပ္ပာယ်ကတော့ “Sui” နတ်ဆိုးကြီးကို တားဆီးပေးနိုင်တဲ့ ငွေကြေး ဖြစ်ပြီး အနီရောင်ကို သုံးရတဲ့အဓိပ္ပာယ်ကတော့ ရှင်သန်ခြင်း၊ အသက်ဓာတ်နဲ့ မကောင်းတဲ့အန္တရာယ်တွေကနေ ကာကွယ်ခြင်းတို့ကို ဖော်ဆောင်ထားတာဖြစ်ပါတယ်။

ဒါတွေအပြင် အရေအတွက်မှာလည်း ယုံကြည်မှုတချို့ရှိပါသေးတယ်။ (၄) ဂဏန်းဟာ “သေခြင်းတရား”နဲ့ အသံထွက်ဆင်တူတဲ့အတွက် ကံမကောင်းဘူးလို့ ယူဆကြပြီး (၈) ဂဏန်းကတော့ ကံကောင်းမှုကို ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်ကြတဲ့အတွက် လက်ဆောင်ပေးကြတဲ့နေရာမှာလည်း (၈) ဂဏန်းကို အများဆုံး သုံးလေ့ရှိကြပါတယ်။

ဟုန်ပေါင်း (hongbao) သို့မဟုတ် အနီရောင်စာအိတ်များသို့ ရွေ့လျားခြင်း

ခေတ်ကာလရွေ့လျားလာတဲ့အခါ ဒင်္ဂါးပြားနဲ့ အနီရောင်ကြိုးချည်တဲ့ ဓလေ့ဟာလည်း ပြောင်းလဲလာပါတယ်။ မူရင်းဇာတ်လမ်းအပြင် ငွေစက္ကူတွေကို အနီရောင်စက္ကူပတ်ပြီး ပေးတဲ့ ဇာတ်လမ်းကွဲမျိုးလည်း ရှိလာပြီး နောက်ပိုင်းမှာတော့ ဟုန်ပေါင်း (hongbao) လို့ခေါ်တဲ့ အနီရောင်စာအိတ်လေးတွေနဲ့ လက်ဆောင်ပေးကြတဲ့ ရိုးရာဓလေ့ကို ရွေ့လျားလာခဲ့ပါတယ်။ ပုံစံချင်းမတူတော့ပေမဲ့ အနီရောင်စာအိတ်ပေါ်မှာ ရွှေရောင်ကို အဓိကထားပြီး ဟုန်ပေါင်း (hongbao)တွေကို ပြုလုပ်ကြတဲ့အတွက် အနှစ်သာရနဲ့ အဓိပ္ပာယ်ကတော့ မပြောင်းလဲသွားပါဘူး။ ဒါကြောင့် နှစ်သစ်ကူးမှာ လက်ဆောင်ပေးကြတဲ့အခါ စာအိတ်ထဲက ငွေစက္ကူထက် အနီရောင်စာအိတ်ကမှ အဓိပ္ပာယ်ပြည့်ဝတဲ့ အဓိကအနှစ်သာရတစ်ခုဖြစ်တယ် လို့ ဆိုကြပါတယ်။

နည်းပညာအထူးပြု ခေတ်သစ်ဟုန်ပေါင်း(hongbao)များ

အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေ စိုးမိုးလာတဲ့ ဒီနေ့ခေတ်မှာတော့ အနီရောင်စာအိတ်လေးတွေကို ဖုန်းမျက်နှာပြင်ပေါ်ကနေပဲ ခေတ်သစ်ဟုန်ပေါင်း(hongbao)တွေအဖြစ် ပေးပို့လို့ရနေကြပါပြီ။ ဒါကို Digital hongbao လို့ ခေါ်ကြပါတယ်။ နေရာချင်းဝေးနေကြတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ရိုးရာဓလေ့အတိုင်း ပုံစံတစ်မျိုးနဲ့ မျှဝေနိုင်တာဖြစ်လို့ ကောင်းမွန်တဲ့ရွေ့လျားမှုတစ်ခုလို့ ဆိုရမှာပါ။ တချို့နိုင်ငံတွေမှာဆိုရင် ကိုယ်အားပေးတဲ့ အနုပညာရှင်တွေကိုတောင် ဒီလို Digital hongbao တွေ ပေးလို့ရပါတယ်။

ဒါဆိုရင်တော့ အနီရောင်စာအိတ်လေးတွေရဲ့ သမိုင်းကြောင်းနဲ့ အနှစ်သာရကို သိသွားကြပြီလို့ထင်ပါတယ်။ မကြာခင် ကျရောက်မယ့် ၂၀၂၆ တရုတ်နှစ်သစ်ကူးမှာ အားလုံးပဲ ကံကောင်းခြင်းတွေအပြည့်နဲ့ ချမ်းသာကြွယ်ဝမှုတွေ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Share

Comments

Related Posts