
အရာအားလုံးကို အခုမှ စူးစမ်းသင်ယူကြမဲ့ ကလေးတို့အတွက် Sharing is Caring လို့ ဆိုကြတဲ့ မွန်မြတ်လှတဲ့ မျှဝေပေးကမ်းတတ်ခြင်းက သူတို့လေးတွေရဲ့ နေ့စဥ်စူးစမ်းလေ့လာခြင်းတွေမှာ ငယ်ငယ်ကတည်းက ဖြည်းဖြည်းချင်း သင်ကြားပေးသင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုသင်ကြားဖို့ အစပျိုးကြရာမှာ လက်တွေ့ကျကျနဲ့ ဖိအားတွေမရှိဘဲ ကောင်းစွာတတ်မြောက်သွားဖို့ဆို သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မိဘ၊ မောင်နှမနဲ့ သူငယ်ချင်းတွေနဲ့တူတူ နေ့စဥ်သွားလာ ကစားကြရင်း မျှဝေတတ်တဲ့ အလေ့အကျင့်ဖြစ်အောင် လုပ်တာက သဘာဝအကျဆုံး ဖြစ်နိုင်မှာပါ။
နည်းလမ်းမှားခဲ့ရင် မျှဝေပေးကမ်းတယ်ဆိုတာ နှစ်သက်နေတဲ့ ကစားစရာတစ်ခုကို သူများကို ခဏ ဝေမျှကစားတယ်လို့ မတွေးမိဘဲ သူတို့ဆီက လုယူသွားတယ်လို့ ထင်ပြီး ငိုယို သောင်းကျန်းတာတွေ အဖြစ်များကြတာပါ။ ဒီတော့ ဒါကိုသင်ပေးဖို့ အတင်းအကျပ် မလုပ်မိစေဘဲ ကလေးနဲ့တူတူ နေ့စဥ်ဘဝမှာ ပူးပေါင်းလုပ်ဆောင်ရင်း ဖြည်းဖြည်းချင်းနဲ့ ဖိအားမများနေအောင် သင်ပေးနိုင်မဲ့ နည်းလမ်းလေးတွေ အချို့ကို တူတူကြည့်လိုက်ရအောင်။

အစာစားချိန်
အစားမက်တဲ့ ကလေးတွေမှာ ဒီလိုဝေမျှခြင်းနဲ့ ပတ်သတ်ပြီး သင်ကြားရာမှာ အခက်တွေ့နိုင်ပေမဲ့ ဒီနည်းလမ်းလေးကလည်း မိသားစုနဲ့ အစားစားချိန်မှာ သဘာဝကျကျ ဝေမျှနိုင်တဲ့ နည်းလမ်းလေးမို့ ကြိုးစားလေ့ကျင့်ပေးသင့်ပါတယ်။ ထမင်းစားပွဲထိုင်နေကြတဲ့အခါ ဟင်းခွက်တစ်ခုကို ကလေးဘေးနားထိုင်နေတဲ့ လူကြီးတစ်ယောက်ယောက်ကို လက်ဆင့်ကမ်းပေးပေးဖို့ ပြောကြည့်လို့ရပါတယ်။ ဒါက အစားအစာကို တစ်မိသားစုလုံး ဝေမျှစားနေကြတယ်ဆိုတဲ့ အသိကို ရစေပြီး နွေးထွေးတဲ့စကားလေးတွေ ဖြစ်တဲ့ “ဒါလေးကို မေမေနဲ့ မျှစားကြမလား” “မျှပေးလို့ ကျေးဇူးတင်ပါတယ်” စသဖြင့် အမေး၊ အဖြေလေးတွေပါ ပြောတတ်အောင် သင်ပေးနိုင်တဲ့ အကောင်းဆုံးအချိန်ပါပဲ။

အာရုံစိုက်မှု ရလိုချိန်
ဒီနည်းလမ်းကတော့ ကလေးတွေအတွက် အခက်ခဲဆုံးလို့ ပြောလို့ရပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ ကိုယ့်ရဲ့ အုပ်ထိန်းသူဆီက အမြဲ အာရုံစိုက်မှု ရယူလိုပြီး မေးသမျှ အဖြေတွေ ကြားလိုစိတ်က စက္ကန့်မလပ်ပါပဲ။ လူကြီးတွေမှာလည်း သူတို့နေ့ဓဝူဝကိစ္စတွေကြောင့် အာရုံမစိုက်မိတဲ့အချိန်တွေမှာ ကလေးတွေက စိတ်မကြည် အော်ဟစ်လွယ်တာကြောင့် တခြားသူတွေကိုလည်း အချိန်ပေးရတယ် စိတ်ရှည်ရတယ် မျှဝေရတယ် ဆိုတဲ့အသိကို ပေးနိုင်ရမှာပါ။ ဒါကြောင့် သူတို့လေးတွေကို ရံဖန်ရံခါ အာရုံစိုက်ပေးဖို့ လိုလာတဲ့အခါ ကိုယ်က တခြားတစ်ယောက်ယောက်နဲ့ အရေးကြီးစကားပြောနေမိအခါ၊ စကားလည်း ဖြတ်မရသေးတဲ့အခါ ကလေးကို “အခု အန်တီနဲ့ စကားခဏပြောနေလို့ ပြီးသွားရင် သား / သမီးကို ပြောပြမယ်နော်” စသဖြင့် နားလည်အောင် ညှိနှိုင်းပေးရပါမယ်။ ဒါက အမြဲတမ်းမလုပ်သင့်ဘဲ ကလေးတွေ အချိန်ရဲ့တန်ဖိုးနဲ့ ဝေမျှခြင်း၊ သိတတ်ခြင်းကို နားလည်နိုင်တဲ့အရွယ်ထိပဲ ဖြစ်သင့်ပါတယ်။

သန့်ရှင်းရေးလုပ်ချိန်
အိမ်သန့်ရှင်းရေး၊ ကျောင်းသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေ ဆိုတာဟာ တစ်ဦးတစ်ယောက်တည်းရဲ့ အလုပ်မျိုး မဟုတ်ဘဲ အသင်းအဖွဲ့နဲ့ဆိုတာ အရင်ဆုံးသိသွားဖို့ လိုပါတယ်။ ဥပမာ - ပန်းကန်၊ အိုး၊ ခွက်တွေ ဆေးကြတဲ့အခါ ကိုယ်က ပန်းကန်လေးတွေ ဆေးမယ်၊ ကလေးကို ဇွန်း၊ ခရင်းလေးတွေ ဆေးဖို့ အကူအညီတောင်းကာ ဒါတွေပြီးသွားရင် တူတူမုန့်စားကြမယ်၊ အပြင်သွားကြမယ် စသဖြင့် ဆုပေးရင်း အတူတကွ ဝေမျှလုပ်ဆောင်ခြင်းရဲ့ ပျော်ရွှင်မှုနဲ့ အလုပ်မြန်မြန်ပြီးစီးနိုင်မှုကို တဖြည်းဖြည်း နားလည်လာမှာ ဖြစ်ပါတယ်။

ပစ္စည်းတွေ ဝေမျှသုံးစွဲချိန်
စာသင်တဲ့ အရွယ်လေးတွေ ရောက်နေပြီဖြစ်လို့ ကျောင်းခန်းထဲက စာရေးကိရိယာလေးတွေကို ဝေမျှသုံးစွဲဖို့ သင်ကြားပေးတာက သဘာဝအကျဆုံးဖြစ်မှာပါ။ ကျောင်းတွေမှာ စာရေးဖို့၊ ပုံဆွဲဖို့၊ စက္ကူခေါက်ဖို့ ကျောင်းသားအကုန်လုံးအတွက် ကိရိယာအလုံအလောက် မရှိတာများတဲ့အတွက် ဥပမာ ကတ်ကြေးတစ်ခုကို ၂ယောက် မျှသုံးရတာမျိုး ကြုံတဲ့အခါ “ဒီစာရွက် ညှပ်ပြီးသွားရင် ငါလည်း စာရွက်ညှပ်စရာရှိလို့ ကတ်ကြေး ပြန်သုံးမယ်နော်” ဆိုပြီး ညှိနှိုင်းတတ်တဲ့ စကားအပြောအဆိုနဲ့ မျှဝေတတ်တဲ့ အလေ့အကျင့်တွေကို ဆရာ၊ ဆရာမတွေကနေ တစ်ဆင့် သင်ကြားပေးနိုင်ပါတယ်။

နေရာပေးရတဲ့အချိန်
ကိုယ်နဲ့ သိကျွမ်းတဲ့သူဖြစ်စေ၊ ကိုယ့်ထက် အားနည်းတဲ့သူ ဖြစ်စေ၊ လူမှုဘဝမှာ တွေ့ကြုံရသူတွေကို ကိုယ်ချင်းစာပြီး မျှဝေတတ်ဖို့က လူ့ကျင့်ဝတ်တစ်ခုဖြစ်တာကြောင့် ပထမဆုံးအနေနဲ့ နေရာထိုင်ခင်းတွေနဲ့ ပတ်သတ်လို့ မျှဝေတတ်တဲ့အကျင့်ကို သင်ကြားပေးရမှာပါ။ ဆိုဖာတစ်ခုမှာ မိသားစုဝင် တစ်ယောက်ယောက်ထိုင်ဖို့ နေရာဖန်တီး မျှဝေတာက တစ်ဖက်သူကို နေရာပေးကာ လေးစားရာလည်း ရောက်ပြီး နှစ်ဦးနှစ်ဖက် သက်တောင့်သက်သာရှိစေဖို့ပါ အထောက်အကူကောင်း ဖြစ်စေပါတယ်။
အပေါ်မှာ ပြောပြထားတဲ့အချက်တွေနဲ့ သဘာဝကျကျ သင်ကြားပေးရင်းနဲ့ ကလေးတွေက ဝေမျှပေးကမ်းတတ်ခြင်းကို လေ့ကျင့်တက်မြောက်သွားတဲ့အခါ အသိအမှတ်ပြု၊ ချီးကျူးပေးဖို့ မမေ့ဘဲ ဒါတွေဟာ တစ်စုံတစ်ယောက်အပေါ်မှာ လေးစားမှု၊ စာနာမှု အပြည့်ရှိနေကြောင်း အလေ့အကျင့်ဖြစ်ပြီးသား ရောက်စေမှာပါ။
Comments