
အဖြူရောင်သကြားနဲ့ အညိုရောင်သကြားမှာ ဘယ်ဟာက ပိုကောင်းလဲ၊ ကျန်းမာရေးနဲ့ ပိုညီညွတ်လဲဆိုရင် အညိုရောင်သကြားက ပိုကောင်းတယ်လို့ ယေဘုယျအားဖြင့် သိထားလေ့ရှိကြပါတယ်။ တကယ်တမ်းတော့ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် အဲဒီလိုပြောပလောက်တဲ့ ကွာခြားချက် ဒါမှမဟုတ် ထူးကဲမှုမျိုး မရှိပါဘူးတဲ့။ ဘာကြောင့်လဲဆိုတဲ့ အသေးစိတ်ကို ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်နော်။
သကြားထုတ်လုပ်မှု
အညိုရောင်သကြားက ပိုကောင်းတယ်လို့ ပြောကြတဲ့ အဓိကအချက်ထဲမှာ သကြားအဖြူရောင်ဆိုတာ ဆေးချွတ်သလို ဓာတုပစ္စည်းတွေနဲ့ အရောင်ချွတ်ထားလို့ဆိုတဲ့ ယူဆချက်က ပါဝင်နေလေ့ရှိပါတယ်။ တကယ်တမ်း သကြားထုတ်လုပ်မှုမှာတော့ ဒီလိုမဟုတ်ပါဘူး။ သဘာဝနည်းတွေနဲ့ အဖြူရောင်သကြားဖြစ်လာအောင် ထုတ်လုပ်တဲ့အဆင့်တွေပါသလို တခြားဓာတုပစ္စည်းအနည်းအကျဥ်းကလည်း စားလို့ရတဲ့အဆင့်ကိုရောက်တဲ့အခါ သန့်စင်ပြီးသားဖြစ်နေပါပြီ။ ပိုပြီးထူးခြားတဲ့အချက်ကတော့ အညိုရောင်သကြားကနေမှ အဖြူရောင်အဆင့်ကို ရောက်လာတာမဟုတ်ဘဲ အဖြူရောင်သကြားကို သကာရည်ပြန်လောင်းမှ အညိုရောင်သကြားဖြစ်လာတာပါ။ ဒါပေမဲ့လည်း ထုတ်လုပ်တဲ့ အဆင့်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လူ့ခန္ဓာကိုယ်ကတော့ တစ်မျိုးတည်းပဲမြင်ပြီး တုန့်ပြန်ပုံကလည်း အတူတူပါပဲတဲ့။
ကျန်းမာရေးရှုထောင့်
အညိုရောင်သကြားမှာက သကာရည်ပိုပြီး ပါဝင်တဲ့အတွက် အဖြူရောင်သကြားထက်တော့ သတ္တုဓာတ်တွေ ပိုများတယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလို ပိုများတယ်ဆိုတာကလည်း အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်နိုင်လောက်အောင် သေးငယ်တာဖြစ်တဲ့အတွက် ကျန်းမာရေးအရ အကျိုးကျေးဇူးပိုရဖို့ဆိုရင် အန္တရာယ်ရှိတဲ့ပမာဏတစ်ခုလောက် အညိုရောင်သကြားကို စားမှ နည်းနည်းလောက်ပဲ သိသာမှာမျိုးဖြစ်ပါတယ်တဲ့။
တစ်ဖက်မှာလည်း ကယ်လိုရီအားဖြင့် အဖြူရောင်သကြားက လက်ဖက်ရည်တစ်ဇွန်းကို ၁၆.၃ ကယ်လိုရီရှိပြီး အညိုရောင်သကြားက လက်ဖက်ရည်တစ်ဇွန်းကို ၁၅ ကယ်လိုရီရှိတဲ့အတွက် ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးအတွက် သိသာလောက်တဲ့ကွာခြားချက်မျိုး မရှိပါဘူး။ ဒါကြောင့် ဘယ်သကြားကိုပဲစားစား ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားဓာတ်ကို အတူတူပဲ သက်ရောက်မှာဖြစ်ပါတယ်။
အဓိက ကွာခြားချက်နဲ့ အသုံးပြုပုံ
ကျန်းမာရေးရှုထောင့်ကနေတော့ ထူးခြားတဲ့ ကွာခြားချက်မျိုးမရှိပေမဲ့ အရသာ၊ ခံစားမှုနဲ့ အသုံးပြုပုံတွေမှာတော့ ကွာခြားကြပါတယ်။ အဖြူရောင်သကြားက သဘာဝအချိုလောက်ပဲရှိပြီး ပုံမှန်အားဖြင့် ခြောက်သွေ့ပါတယ်။ အညိုရောင်သကြားကတော့ သကာရည်ကြောင့် ပိုချိုပြီး ခံစားမှုမှာတော့ စိုစွတ်ပြီး နူးညံ့လေ့ရှိပါတယ်။ ဒါကြောင့် အသုံးပြုတဲ့နေရာမှာလည်း အများအားဖြင့် အဖြူရောင်သကြားကို အသုံးများကြပြီး အရသာကို ပိုပြီးလေးနက်စေချင်တယ်ဆိုရင်တော့ အညိုရောင်သကြားကို သုံးလို့ရပါတယ်။
ကိုယ်က ကျန်းမာရေးကို ရှေးရှုပြီး ရွေးချယ်ဖို့ဆိုရင်တော့ အဖြူရောင်နဲ့ အညိုရောင် သကြားနှစ်မျိုးလုံးက အတူတူပါပဲ။ သကြား အစားထိုးသုံးဖို့ဆိုရင်တော့ သဘာဝအတိုင်းရတဲ့ ပျားရည်လိုမျိုးကို ရွေးချယ်သင့်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် တန်ဆေး၊လွန်ဘေးဆိုတာကိုတော့ မမေ့နဲ့နော်။
Comments