နှစ်ဦးကြား ပြဿနာတွေနဲ့ တစ်ရက်တာဟာ အရှည်ကြာဆုံးပါ

Posted in လူမှုဘဝ, လူမှုဆက်ဆံရေး


မနက်သုံးနာရီလောက်အထိ အိပ်မပျော်ဘဲ မျက်နှာကျက်ကိုကြည့်ရင်း တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်ခဲ့တဲ့ စကားတွေကို တွေးနေဖူးပါသလား။ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ အငြင်းအခုန်ဖြစ်ထားပြီး ဘယ်ကိုမှလည်း ရှောင်ထွက်လို့မရ၊ အချိန်တွေကလည်း မကုန်နိုင် ဖြစ်နေခဲ့ဖူးပါသလား။ ဆက်ဆံရေးပြဿနာတွေကြောင့် ဒီလိုမျိုး ရှည်လျားလေးလံတဲ့နာရီတွေကို လူတိုင်း ဖြတ်သန်းဖူးကြမယ်ထင်ပါတယ်။

ဒါဟာ လူ့စိတ်သဘောသဘာဝအရ ခံစားချက်ပေါ်လိုက်ပြီး အချိန်ကို မြန်တယ်၊ ကြာတယ်လို့ ခံစားရစေတဲ့ “Emotional Clock” ကြောင့်ဖြစ်ပါတယ်။ တစ်ယောက်ယောက်နဲ့ စကားများရန်ဖြစ်လိုက်ရတဲ့ ငါးမိနစ်နဲ့ သူငယ်ချင်းတွေနဲ့ စားပွဲသောက်ပွဲလုပ်လိုက်ရတဲ့ ငါးနာရီ၊ ဒီနှစ်ခုနှိုင်းယှဥ်မယ်ဆိုရင် ငါးမိနစ်က ပိုပြီး ကြာနေမှာဖြစ်ပါတယ်။ ဒီလိုနာရီမိနစ်တွေက ဘဝမှာ နည်းလေကောင်းလေပါပဲ။

Emotional Clock အလုပ်လုပ်ပုံ

တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်၊ စကားများရပြီဆိုရင် လူ့ရဲ့ဦးနှောက်က ပြဿနာကို တုန့်ပြန်ဖို့ စနစ်တစ်ခု အလိုအလျောက်အသက်ဝင်လာပါတယ်။ အဲဒီအချိန်မှာ အာရုံကလည်း အနီးပတ်ဝန်းကျင်ကိုရော၊ ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းက ဖိအားတွေကိုရော အသေးစိတ်စူးစိုက်မိလာပါတယ်။ ဒီအချိန်မျိုးမှာဆိုရင် နာရီက စက္ကန့်လက်တံ တစ်ချက်ချက်မြည်နေတာကိုတောင် ဂရုစိုက်မိလာမှာပါ။ အဲဒါကြောင့် အချိန်တွေက ရှည်ကြာပြီး လေးလံလာပါတယ်။ တစ်နည်းအားဖြင့် တန်ဖိုးရှိတဲ့အချိန်တွေကို ဆုံးရှုံးသွားတာပါပဲ။

မလိုအပ်တဲ့ ပြဿနာများ

တစ်ယောက်နဲ့တစ်ယောက် စကားများတယ်၊ အငြင်းအခုန်ဖြစ်တယ်ဆိုတဲ့နေရာမှာ ပြဿနာတစ်ခုအတွက် အဖြေကို အတူတူရှာရင်း အငြင်းအခုန်ဖြစ်တာဆိုရင် အချိန်ကုန်ရတာနဲ့တန်တဲ့ ကောင်းမွန်တဲ့ရလဒ်တစ်ခု ရှိနိုင်ပါသေးတယ်။ ဒီလိုမဟုတ်ဘဲ မာနချင်းပြိုင်တာတွေ၊ တစ်ဦးနဲ့တစ်ဦး ရည်ရွက်ချက်ရှိရှိ တိုက်ခိုက်တာတွေ၊ မလိုအပ်ဘဲ ပြဿနာရှာတာတွေကတော့ အချိန်ကို အလကားသက်သက်ကုန်ဆုံးရာရောက်သလို ရှည်လျားလေးလံတဲ့ နာရီတွေကို ဖြစ်စေပါတယ်။ ရလဒ်ကလည်း မကောင်းတဲ့ဘက်ကိုပဲ ဦးတည်ဖို့များပါတယ်။

ရှည်လျားလေးလံတဲ့နာရီတွေကို ဘယ်လိုရှောင်ကြမလဲ

၁။ ၅ နှစ်၊ ၅ မိနစ် နည်းလမ်း

တစ်ယောက်နဲ့တစ်ယောက် စကားများရန်ဖြစ်နေရပြီဆိုရင် ဖြစ်နေတဲ့ပြဿနာကို စဥ်းစားကြည့်ပါ။ နောက် ၅ နှစ်မှာဆိုရင်ရော ဒီနေ့ဖြစ်နေတဲ့ ပြဿနာက ကြီးကြီးမားမားသက်ရောက်မှု ရှိနေမှာလား၊ မရှိနေဘူးဆိုရင် ၅ မိနစ်ထက်ပိုပြီး အငြင်းအခုန်မလုပ်ပါနဲ့တော့။

၂။ အရင်ဆုံးတောင်းပန်တဲ့သူ ဖြစ်လိုက်ပါ

တောင်းပန်တယ်ဆိုတာ အရှုံးပေးတာမဟုတ်ပါဘူး။ ကိုယ့်အတွက် တန်ဖိုးရှိတဲ့အချိန်တွေကို ပြန်လည်ရယူခြင်းဖြစ်သလို တစ်ဖက်လူကိုလည်း ရှည်လျားလေးလံတဲ့နာရီတွေ မဖြစ်အောင် ကာကွယ်ပေးလိုက်ခြင်းပါ။ နှစ်ဦးနှစ်ဖက် Win-win ဖြစ်စေပါတယ်။

၃။ မာနနဲ့ အေးချမ်းမှုဟာ ပြောင်းပြန်အချိုးကျတယ်ဆိုတာ မမေ့ပါနဲ့

ပြဿနာတစ်ခုဖြစ်တဲ့အခါ အနိုင်ရချင်တဲ့ မာန ပြင်းပြနေမယ်ဆိုရင် အေးချမ်းတဲ့အချိန်တွေကို ဆုံးရှုံးရတော့မယ်ဆိုတာ မမေ့ပါနဲ့။ အငြင်းအခုန်တစ်ခုမှာ အနိုင်ရတယ်ဆိုတာဟာ ကိုယ့်အတွက် တန်ဖိုးရှိတဲ့အချိန်တွေနဲ့ တန်ဖိုးရှိတဲ့လူတစ်ယောက်ကိုပါ ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် တစ်ရက်ကို ၂၄ နာရီပဲရတာဖြစ်ပြီး အပိုထပ်ထည့်လို့လည်း မရနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီနာရီတွေက ဘယ်လိုခံစားရမလဲ၊ ဘယ်လိုတန်ဖိုးရှိမလဲဆိုတာကိုတော့ ရွေးချယ်လို့ရပါတယ်။ ဒါ‌ကြောင့် ဆက်ဆံရေးတွေကြောင့် ရှည်လျားလေးလံတဲ့နာရီတွေ မဖြစ်ရအောင် ဂရုပြုပြီး ပျော်ရွှင်ရတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။


Share

Comments

Related Posts